/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/အင်ဆူလင်-အန်နာလော့

အင်ဆူလင် အန်နာလော့

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးသံစစ် (ပါမောက္ခ)

        သတ္တဝါတွေရဲ့ မျိုးရိုးဗီဇကို ပြုပြင်ပြောင်းလဲနိုင်တဲ့ Genetic Engineering ဆိုတဲ့ အတတ်ပညာဖွ့ံဖြိုးလာသည် နှင့်အမျှ လူတွေ၊ သတ္တဝါတွေရဲ့ Gene တွေ၊ Gene တွေက ဦးဆောင်ထုတ်လုပ်တဲ့ ပရိုတင်း (Protein) တွေကို ပြောင်းလဲနိုင်စွမ်းရှိကြတယ်။ ဥပမာ တစ်ခုပြောရရင် ခန္ဓာကိုယ်ထဲက Insulin လို့ခေါ်တဲ့ ပရိုတင်းမော်လီကျူးပဲ။ အင်ဆူလင် တွေ့ကာစက နွား၊ ၀က်တို့ရဲ့ အင်ဆူလင်ကို ထိုးဆေးအဖြစ် သုံးစွဲခဲ့ကြတယ်။ နောင်အခါမှာ လူရဲ့ Insulinoma ခေါ်တဲ့ အင်ဆူလင်အလွန်ထွက်နေတဲ့ အကျိတ်ကနေ အင်ဆူလင် Gene ကိုရခဲ့တယ်။ ဒီ Gene ကို အသုံးပြုပြီး ထုတ်လိုက်တဲ့ အင်ဆူလင်ဟာ လူရဲ့အင်ဆူလင်ပဲ။ အရင်ကထုတ်ခဲ့တဲ့ ၀က်အင်ဆူလင် (Porcine အင်ဆူလင်)၊ နွားကထုတ်တဲ့ အင်ဆူလင် (Bovine အင်ဆူလင်) တိုနဲ့ ကွဲပြားစေဖို့ Human Isulin လို့ခေါ်လိုက်တယ်။ Human Insulin ကို ရပြီဆိုတော့ ၀က်၊ နွားတွေရဲ့ အင်ဆူလင်ကို Human Insulin နဲ့တူအောင် မော်လီကျူးအချို့ကို ပြောင်းလဲရတယ်။ ဒါကို Enzyme Modify Porcine Human Isulin လို့ခေါ်တယ်။ Recombinant DNA နည်း လျင်မြန်စွာ တိုးတက်လာတဲ့အခါ ဆဲလ်လိုင်းတွေထဲမှာ Insulin Gene ကိုထည့်ပြီး ပွားများစေတယ်။ Human Insulin တွေ အများကြီးရတယ်။ အရင်ကတိရစၧာန်ကရတဲ့ အင်ဆူလင်ကို အာနိသင်ရှည်ကြာချင်ရင် အင်ဆူလင်ကို Neutral Protamine ဆိုတာနဲ့ တွဲရတယ်။ သူ့ကို NPH လို့လည်းခေါ်တယ်။ Isophine လို့လည်းခေါ်တယ်။ ပိုပြီးရှည်ကြာချင်ရင် Zinc နဲ့ ပေါင်းပြီး Protamine Zinc Insulin (PZI) ဆိုတာ လုပ်ရတယ်။

 

          ထပ်ပြီး တွေ့ရှိလာတာတွေက ၀က်၊ နွား အင်ဆူလင်နဲ့ လူရဲ့ အင်ဆူလင် နည်းနည်းသဘာ၀ကွဲရင် အင်ဆူလင်ရဲ့ အာနိသင်က ပိုကောင်းလာတယ်။ ဒီ Human Insulin ကိုပဲ သဘာ၀နည်းနည်းပြောင်းလိုက်တာနဲ့ ပိုပြီး မြန်မြန်ဆန်ဆန် အာနိသင်ရနိုင်တဲ့ အင်ဆူလင်အဖြစ် ပြောင်းလဲလာတာတွေ့ရတယ်။ ဒါတွေကို အင်ဆူလင်သစ်များ (Insulin Analog) လို့ခေါ်တယ်။ ဥပမာ အားဖြင့် -

-    Insulin Aspart

-    Insulin Glulisine

-    Insulin Lispro

          သူတို့ဟာ 5 မိနစ်၊ 10 မိနစ် အတွင်းမှာ အာနိသင်ရတယ်။ 1 နာရီ၊ 2 နာရီမှာ အာနိသင် အကောင်းဆုံး ဖြစ်တယ်။ 4 နာရီအတွင်းမှာ အာနိသင် ကုန်သွားတယ်။ ဒါတွေကို Rapidly Acting Insulin လို့ခေါ်တယ်။ ထိန်းချုပ် လွယ်လွန်းလို့အရေပြားအောက်မှာ အပ်ကလေးစိုက်ပြီး ပိုက်နဲ့၊ ပြွန်နဲ့ အမြဲတစေ အတိုးအလျှော့ ထိုးရတဲ့ Continuous Subcutaneous Insulin Infusion (CSll) မှာ သုံးလေ့ရှိတယ်။

 

          နောက်တစ်မျိုးတစ်ဖုံ ပြုပြင်လိုက်တော့ အာနိသင်အလွန်ရှည်ကြာတဲ့ Insulin Analog ကို ရပြန်ရော။ သူတို့မှာ အာနိသင်အမြင့်ဆုံးအချိန်ရယ်လို့ မရှိဘူး။ Peakless Insulin လို့ခေါ်ကြတယ်။ တစ်နာရီလောက်ဆိုရင် အာနိသင်ကောင်းပြီး 12 နာရီလောက်မှာ ပျက်ပြယ်သွားတယ်။ တစ်နေ့ 1-2 ကြိမ် ထိုးရုံနဲ့ အဆင်ပြေနိုင်တယ်။ အင်ဆူလင်ထုတ်လုပ်မှုဟာ နည်းနည်း၊ နည်းနည်းနဲ့ အမြဲတစေ ထုတ်လုပ်မှု Basal Isulin နဲ့ အစားအသောက် စားပြီးတဲ့အခါ ထုတ်လုပ်မှု Postprandial Insulin ဆိုတာရှိတယ်။ ဥပမာအားဖြင့် - (1) Insulin Glargine - သူ့ကို ထိုးလိုက်ရင် အင်ဆူလင်မော်လီကျူးတွေ အများကြီးပေါင်းသွားပြီး တဖြည်းဖြည်းမှ သွေးထဲကို လွှတ်ပေးလေ့ရှိတယ်။ (2) Insulin Determir - သူကတော့ ထိုးလိုက်လို့ရှိရင်သွေးထဲက Protein နဲ့ သွားပေါင်းတယ်။ ပြီးမှ တဖြည်းဖြည်း လွှတ်ပေး တယ်။ Long-Acting Insulin တွေကို Basal Insulin အဖြစ် သုံးနိုင်ပြီး Rapidly-Acting Insulin တွေကို Postprandial Insulin ထုတ်လုပ်မှုနဲ့ အံကိုက်အောင် သုံးလို့ရတယ်။

 

 

 

Credit; ပါမောက္ခဒေါက်တာသံစစ်

Health Digest Journal

Vol: 13, No: 24, 9-3-2016