အစာလည်းဆေး
ကမ်ဘာမြေဆွဲအားကို ဆန့်ကျင်ပြီး မိုးမျှော်အဆောက်အဦးကြီးတွေကို ဆောက်ခဲ့ကြတဲ့ လူသားတွေကိုယ်၌ ဟာ ကမ်ဘာမြေဆွဲအားကိုဆန့်ကျင်ပြီး မတ်မတ်ရပ်ပြီး ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်တဲ့သတ္တဝါတွေဖြစ်တယ်။ သူတို့ရဲ့ ဇီ၀ရုပ်မှာ အလွန်အဖိုးတန်တဲ့ကျောရိုးတစ်ခုရှိတယ်။ ဒီကျောရိုးကိုအမှီပြုပြီး လမ်းလျှောက်တယ်။ ကရိန်းသဖွယ်ပြု ပြီး ကုန်းနိုင်၊ ကောက်နိုင်တယ်။ လှည့်နိုင်၊ ရပ်နိုင်ပြီး ဦးနှောက်နဲ့အာရုံကြောမကြီးရဲ့ ၀န်ဆောင်မှုကို ချောမွေ့စေ တဲ့အရိုးဆစ်တန်းဆက်ဖြစ်တယ်။ အသုံးပြုဖန်များလာတဲ့အခါ ယိုယွင်းလာတယ်။ အသက်နဲ့အမျှ ကွေ့ကောက်၊ ကုန်းကွသုံးလာတဲ့ခါးဟာ နာလာရတယ်။ ခါးနာတဲ့အတွက် မလှုပ်နိုင်၊ မကိုင်နိုင်တာတွေများလာမယ်။ စိတ်ဓာတ် ကျစရာတွေဖြစ်လာမယ်။ ဒါကြောင့်လည်း ခါးနာတာကို ကုရတာခက်တတ်တယ်။ သာမန်အကြောင်းတစ်ခုခု ကြောင့် ခါးနာတယ်ဆိုတာ 3 လအတွင်း ပျောက်သွားတာပဲ။ 3 လအတွင်းမပျောက်ရင် ခါးဆစ်ရိုးတွေမှာ ချို့ယွင်းမှုတစ်ခုခုဖြစ်နေတယ်လို့ဆိုနိုင်တယ်။ ခါးနာတာကို Low Back Pain အတိုကောက် LBP လို့ခေါ်တယ်။ 3 လကျော် သွားတဲ့နာတာရှည်ခါးနာမှုကို Chronic low back pain (CLBP) လို့ခေါ်တယ်။ လူ 100 မှာ 8-10 ယောက်အထိ ခါးနာတာရှိတယ်။ ခါးနာတာကြောင့် မူလလုပ်ငန်းခွင်ပြန်မ၀င်နိုင်တဲ့သူတွေရှိတယ်။ လူကြီးမှာတင်ဖြစ်တာ မဟုတ်ဘူး။ လူလတ်ပိုင်းမှာလည်း အဖြစ်များတယ်။ ခွဲစိတ်ကုသရတဲ့လူတွေလည်းရှိတယ်။ ခါးနာရင်အရိုးကျီး ပေါင်းတက်တယ်လို့ ထင်ပေမယ့် အများစုရဲ့ခါးရိုးဓာတ်မှန်မှာ ဘာမှမတွေ့ဘူး။ ခါးဆစ်ရိုးလေးတွေကို ဆက်တဲ့ အဆက်ကလေးတွေကပဲ နာနေတာလား။ ခါးဆစ်ရိုးတစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ Vertebral disc ခေါ်တဲ့အရွတ်ပြားကပဲ နာတာလား။ ခါးဆစ်ရိုးရဲ့ဘေးက ကြွက်သားတွေက နာတာလား၊ အရွတ်ပြားတွေကပဲ နာတာလား၊ မသိနိုင် ဘဲဖြစ်နေတယ်။ ခါးဆစ်ရိုးနှစ်ခုကြားက အရွတ်ပြားရဲ့အလယ်ဆံဟာ တစ်ခါတလေ ဘေးကျွံထွက်ပြီး ခါးနာ နိုင်တယ်။ MRI တို့၊ CT တို့ပေါ်လာတော့ ဒါတွေကို ကောင်းကောင်းမြင်နိုင်တယ်။ အရိုးကျီးပေါင်းတက်တဲ့အခါ ခါးဆစ်ရိုးနှစ်ခုကြားက အာရုံကြောညှပ်တာလည်း ရှိသေးတယ်။ ဒါက ခြေသလုံးတစ်လျှောက်ပါနာတတ်တယ်။ ကြာကြာထိုင်လို့နာတာလား၊ ကြာကြာရပ်ရင်နာတာလား၊ ကြာကြာလက်မြှောက်ဆန့်တန်းပြီး လုပ်ရတဲ့အလုပ် ကြောင့်နာတာလား၊ ကြာကြာကုန်းလို့ကွေးလို့နာတာလား၊ လမ်းလျှောက်လိုက်ရင် သက်သာသွားသလား၊ ပြင်ပြီး ထိုင်လိုက်ရင် သက်သာသွားတာလား၊ လှဲလိုက်ရင်သက်သာသွားတာလား။ ခါးဆစ်ရိုးတွေကြောင့်မဟုတ်ဘဲ အာရုံကြောတွေကြောင့်နာတဲ့ ခါးနာတာမျိုးလည်းရှိတယ်။ ကင်ဆာရောဂါတွေပျံ့လို့ခါနာတာမျိုးလည်းရှိတယ်။ နားလို့လည်းမပျောက်၊ ဘယ်ပုံစံနေလို့မှလည်းမသက်သာ၊ နေမထိထိုင်မထိဖြစ်နေသလား၊ မေးရ၊ စမ်းရတယ်။
ခါးနာတာကို အကြောညှပ်တဲ့အတွက်ဆိုပြီး ခွဲစိတ်ကုသကြတယ်။ Herik Weber ဆိုတဲ့လူက ခွဲကုတာနဲ့ ခွဲမကုတာ ယှဉ်ကြည့်တယ်။ ခွဲကုတဲ့လူတွေက တစ်နှစ်တိတိသက်သာတယ်။ ဒါပေမယ့် 4 နှစ်၊ 10 နှစ်ကြာတဲ့အခါ အတူတူဖြစ်သွားပြန်ရော။ ထပ်ပြီးလေ့လာပြန်တဲ့အခါမှာလည်း အဖြေတွေမရှင်းဘူး။ တချို့ရောဂါတွေမှာကတော့ ခွဲစိတ်မှုက ထင်ထင်ရှားရှားအားသာတယ်။
မခွဲစိတ်ဖူးဆိုရင် ခါးနာတဲ့အတွက် ငြိမ်ပြီးနားနေမယ့်အစား လှုပ်လှုပ်ရှားရှားလုပ်နိုင်အောင် ကုထုံးတွေပေး ကြတယ်။ ဒီလိုကုထုံးဟာ ဆရာ၀န်နဲ့အကြောအဆစ်ကုသသူတွေပေါ်မှာ အဓိကမကျတော့ဘဲ လူနာပေါ်မှာ အဓိကဖြစ်နေတယ်။ အပူပေးတာ၊ အအေးပေးတာ၊ ကြပ်ထုပ်ထိုးတာ၊ ခါးကို ဆေးထိုးတာတွေနဲ့တူကြတယ်။ ခါးနာကာစမှာ အနားယူတာဟာ အဖိုးတန်ပေမယ့် ခါးနာတာဟာ နာတာရှည်လာရင် အနားမယူဘဲ လှုပ်လှုပ် ရှားရှားနေနိုင်အောင် စီမံကြရတယ်။ အကိုက်အခဲပျောက်ဆေးတွေလည်းပေးကြတယ်။ ကြွက်သား အတင်းလျော့တဲ့ဆေး (Muscle relaxant) တွေလည်းသုံးကြတယ်။ ဒါပေမယ့် သူတို့က ခေါင်းနည်းနည်းမူးတယ်။ ဘိန်းနည်းနည်းပါတဲ့အကိုက်အခဲပျောက်ဆေးတွေလည်း သုံးကြတယ်။ လိမ်းဆေးတွေလည်းသုံးကြတယ်။ တစ်ခါတလေ အတက်ရောဂါမှာသုံးတဲ့ဆေးကိုလည်း သုံးကြတယ်။ စိတ်ကျရောဂါမှာသုံးတဲ့ဆေးတွေလည်း သုံးကြတယ်။ လျှပ်စစ်နဲ့ အာရုံကြောကိုတို့ပြီး ကုသတာ (TENs) တွေလည်း သုံးကြတယ်။
ခါးနာတာဟာ ဇီ၀ဖြစ်စဉ်မှားလို့ပဲ။ အာဟာရဓာတ်ပြုပြင်တဲ့ဆေးပြားတမျိုးကို အမေရိကန် FDA က အသိ အမှတ်ပြုပြန်တယ်။ Amino acid အမျိုးမျိုးကို ရောမွှေထားတဲ့ဆေးပဲ။ အကိုက်အခဲပျောက်ဆေးနဲ့ ရောသုံးမယ်ဆိုရင် ခါးနာသက်သာတယ်လို့ဆိုတယ်။ Theramine လို့ခေါ်တဲ့ အဲဒီဆေးကို Medical food လို့ဆိုကြတယ်။ တစ်နေ့ 2 တောင့် 2 ကြိမ်သောက်ရတယ်။ ဆေးမစွဲတတ်ဘူး။ အစာအိမ်သွေးယိုတာလည်းမဖြစ်တတ်ဘူး။
Credit; ပါမောက္ခဒေါက်တာ သံစစ်
Health Digest Journal
အတွဲ ( 12 )၊ အမှတ် ( 19 )
ကမ်ဘာ






























