အစာအိမ်အနာ Peptic Ulcers
အစာအိမ်အနာ (peptic culcers) သည်လည်း အစာမကြေခြင်း (Indigestion) ရောဂါလက္ခဏာအနေဖြင့် အစပြုတတ်ပါသည်။ သို့ရာတွင် အစာအိမ် စားချဥ့်ပြန်ခြင်းလောက်တော့ အဖြစ်မမှားတတ်ပါ။
အစာအိမ်အနာ (peptic culcers) သည် အစာအိမ်နှင့် အူလမ်းကြောင်းအပေါ်ပိုင်း တစ်လျှောက်တွင် ဖြစ်နိုင်၍ များသောအားဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းအပေါ်ပိုင်း လက်မ အနည်းငယ်ခန့်နှင့် အူသိမ်ဦးပိုင်း (Duodenum) တွင် ဖြစ်ပွားမှုများပြားပါသည်။
ဆေးပညာအရပြောရလျှင် အနာဆိုသည်မှာ တစ်သျှူးဧရိယာတစ်ခုဖြစ်ပြီး ယင်းတွင် အမြှေးပါးအပေါ်လွှာ ဆုံးရှုံးပြီးအပေါ်ယံမျက်နှာပြင် မညီမညာဖြစ်ကာ အနာဖြစ်လာသည်။ ပါးစပ်ထဲတွင် ပေါက်တတ်သော အနာနှင့်တူပြီး ပို၍နက်ပါသည်။ အနာကျက်မြန်ခြင်းလည်း မရှိတတ်ပါ။ peptic ulcer ဟု ခေါ်ရခြင်းမှာလည်း အစာခြေအင်ဇိုင်း တစ်မျိုးဖြစ်သည့် Pepsin မှ ကူးပြောင်းလာခြင်းဖြစ်သည်။ သို့အတွက် အစာအိမ်အနာ peptic culcers disease ဟု ခေါ်လျှင် အစာအိမ် (stomach) နှင့် အူသိမ်ဦးပိုင်း (duodenum) တို့တွင်ရှိသောအနာများကို ခေါ်ပါ သည်။ ဆေးပညာ ေဝါဟာရအရ Peptic culcers တွင် Gastric ulcer (GU) ဟုခေါ်သော အစာအိမ်အနာနှင့် Duodenal ulcer (DU) ဟု ခေါ်သော အူသိမ်ဦးပိုင်းအနာ (2) မျိုးစလုံးကို ခေါ်ဆိုထားခြင်းသာဖြစ်ပါသည်။
အစာအိမ်အနာဖြစ်ပွားရသည့် အကြောင်းရင်း
အစာအိမ်အနာဖြစ်ပွားရသည့် အကြောင်းရင်းတွင် Helicobacter pylori (H.pylori) ရောဂါပိုး ၀င်ရောက်ခြင်းနှင့် NSAID ဟုခေါ်သော အကိုက်အခဲပျောက်ဆေးများကြောင့် ဖြစ်ပွားမှုများပြားရသည်။ တချို့သော ရောဂါပိုး၀င်ရောက်ခြင်းတို့ကြောင့်လည်း ဖြစ်ပွားနိုင်ပါသေးတယ်။ အထူးသဖြင့် cytomegalovirus၊ TB ရောဂါ၊ အသည်းနှင့် ကျောက်ကပ်လုပ်ငန်း မကောင်းသော အခြေအနေ များတွင်လည်း ဖြစ်တတ်ပါသည်။ အသည်းအသန်နာမကျန်းဖြစ်ခြင်းနှင့် ခွဲစိတ်ကုသမှုခံရခြင်းများ တွင်လည်း stress ulcers ဟု ခေါ်သည့်အနာများ ဖြစ်ပေါ်တတ်သည်။ ဆေးလိပ်သောက်ခြင်းကြောင့်လည်း အစာအိမ်နာ မကြာခဏဖြစ်ပေါ်တတ်ပြီး အနာကျက်လည်းနှေးတတ်ပါသည်။ Steroids ဆေးဝါးနှင့် တချို့သော ကင်ဆာကုဆေးဝါးများကြောင့်လည်း ဖြစ်ပွားနိုင်ပါသေးသည်။ အစာခြေအက်စစ်အထွက်များသော zollinger-Ellison syndrome တွင်လည်း အစာအိမ်အနာ ဖြစ်ပွားနိုင်သည်။
ဖြစ်ပွားသော အသက်အရွယ်အပိုင်းအခြား
- ကလေးငယ်များတွင် အထူးသဖြင့် အသက် 8 နှစ်နှင့် 17 နှစ်အတွင်း ဖြစ်ပွားမှုနည်းပါသည်။
- အသက်ကြီးသူများတွင် နာကျင်မှုမရှိသော အစာအိမ်အနာ ဖြစ်ပွားတတ်ပြီး အစာအိမ် သွေးယိုစီးခြင်းနှင့် အစာအိမ်ပေါက်ခြင်းတို့ပိုမိုခံစားရသည်။
- ကိုယ်၀န်ဆောင်မိခင်တို့တွင်လည်း ဖြစ်ပွားလေ့ရှိသည်။
- ထိခိုက်ဒဏ်ရာရသူများ၊ အကြီးစားခွဲစိတ်ကုသမှု ခံယူသူများ၊ နာမကျန်းဖြစ်သူများတွင် stress ulcer ဖြစ်တတ်သည်။
ရောဂါလက္ခဏာများ
အဓိကအစာအိမ်အနာ၏ ရောဂါလက္ခဏာတွင် ရင်ညွန့် (သို့) ၀မ်းဗိုက်အပေါ်ပိုင်းတွင် နာကျင်မှုေ၀ဒနာခံစား ရပါသည်။ ပူလောင်နာကျင်မှုေ၀ဒနာကို အစာစားပြီး 2-5 နာရီတွင်း (သို့) အစာမရှိသောအချိန်တွင် နာကျင်တတ်ပါသည်။ နာကျင်မှုေ၀ဒနာသည် အချိန်မရွေး ဖြစ်ပေါ်နိုင်သော်လည်း အစားအစာနှင့်ပတ်သက်မှုရှိသည်။ အူသိမ်ဦးပိုင်း အနာဟုခေါ်သော duodenal ulcer သည် နံနက်စောစောပိုင်းတွင် နာတတ်လေ့ရှိပြီး အစားစားလိုက်လျှင်ဖြစ်စေ၊ Antacids ခေါ် အစာအိမ်ဆေးဝါး သောက်လျှင်ဖြစ်စေ၊ တခြားအက်စစ်ထွက်မှုကို တားဆီးပေးသော ဆေးဝါးကိုဖြစ်စေ သောက်လျှင်သက်သာသွားလေ့ရှိသည်။
အစာအိမ်အနာ Gastric Ulcer (GU) တွင် အစာစားပြီးှလျှင် နာတတ်လေ့ရှိပြီး တချို့တွင် ပျို့အန်လိုခြင်းများနှင့်တွဲ၍ လာတတ်ပါသည်။ နာသည့်နေရာကိုလည်း ထောက်ပြနိုင်သည်။
တခြားသောလက္ခဏာများတွင် အစာမကြေခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အဆီများသော အစားအစာနှင့်ဆီကြော်များကို စားလျှင် ပိုဆိုးသည်။ ရင်ပူသည်ဟုလည်း ပြောတတ်ကြသည်။ တချို့တွင် မိသားစုရာဇ၀င်နှင့်အတူတွဲလေ့ရှိပါသည်။ စမ်းသပ်စစ်ဆေးကြည့်လျှင်လည်း ထူးခြားသောလက္ခဏာကို မတွေ့ရတတ်ပါ။ နာသည့်နေရာတွင် ဖိ၍စမ်းသပ်ပါက ပိုနာတတ်ပါသည်။
ရောဂါရာဇ၀င်နှင့် ရောဂါလက္ခဏာတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပေ။ အသက်ကြီးသူ အစာအိမ်နာရှိသူများတွင် နာကျင်ေ၀ဒနာကို ဖော်ပြလေ့မရှိတတ်ပါ။ 50% သည် ရုတ်တရက် နာကျင်လာပါက အစာအိမ်ပေါက်ခြင်း (perforation) ဖြစ်နိုင်သည်။ တစ်ခါတစ်ရံ အသက်ကြီးသူများတွင် ထူးထူးခြားခြားလက္ခဏာများ မတွေ့ရဘဲစိတ်ရှုပ် ထွေးခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း ၀မ်းဗိုက်တင်းခြင်း စသဖြင့်လည်း ဖော်ပြတတ်သည်။ အစာအိမ်ပေါက်ပါက အသက်ကြီးသူများတွင် အသက်ငယ်သူများထက် အသက်အန္တရာယ်ပိုမိုစိုးရိမ်ရသည်။ 20% သော နာကျင်ေ၀ဒနာဖော်ပြခြင်းမရှိသည့် အစာအိမ်အနာများတွင် အစာအိမ်မှ သွေးယိုစီးတတ်သည်။ မသက်သာလျှင် သွေးသွင်းကုသခြင်းနှင့်ခွဲစိတ် ကုသခြင်းများပြုလုပ်ရသည်။
ခန္ဓာကိုယ်အလေးချိန်လျှော့ခြင်း (weight loss) သည်လည်း အစာအိမ်အနာ၏ ရောဂါလက္ခဏာဖြစ်ပြီး အစာစားလျှင် နာမှာကိုကြောက်ပြီး မစားရာမှ တဖြည်းဖြည်း ကိုယ်အလေးချိန်လျော့လာသည်။
တချို့သော အစာအိမ်အနာတို့သည် နာလိုက်၊ သက်သာလိုက်ဖြင့်ရှိပြီး ရက်သတ္တပတ်အနည်းငယ် သက်သာပြီး ပြန်ဖြစ်တတ်သည်။ တချို့လည်း နာကျင်မှုေ၀ဒနာများကို တစ်ချိန်လုံး ခံစားနေရသည်။ တချို့တွင်လည်း အစာမကြေသည့် ေ၀ဒနာကို ကြာရှည်စွာခံစားရတတ်သည်။
ရောဂါအခြေအနေ သုံးသပ်ခြင်း
ဦးစွာပထမ အစာအိမ်အနာရောဂါဆိုသည်ကို လူနာပြောပြသောလက္ခဏာနှင့် ရောဂါရာဇ၀င်ပေါ်တွင် မူတည်ကာ ရောဂါအမည်ကိုတပ်ပါသည်။ သို့ရာတွင် လူနာ၏ရောဂါအခြေအနေကို အရေးကြီးသည့်အချက်အလက် alarm systems များပေါ်မူတည်ကာ ဆုံးဖြတ်ပြီး ရောဂါအခြေအနေကို သုံးသပ်ပေးဖို့လိုပါသည်။ အထူးသဖြင့် သွေးအားနည်းပြီး သွေးအန်ခြင်းနှင့် သွေး၀မ်းမည်းမည်းသွားခြင်း (သို့) ၀မ်းသွားစဉ် သွေးစများပါလာပါက အစာအိမ်အနာမှ သွေးယိုစီးနေခြင်း (bleeding ulcer) ဟုလည်းကောင်း၊ အကယ်၍ အန်ခဲ့လျှင် အစာအိမ် အူလမ်းကြောင်း တစ်နေရာရာတွင် ပိတ်ဆို့ခြင်း (obstruction) ကိုလည်းကောင်း၊ အစားအသောက်ပျက်ပြီး ခန္ဓာကိုယ်အလေးချိန်သည် အလွန်အမင်းကျဆင်းလာပါက ကင်ဆာဟုလည်းကောင်း သုံးသပ်ပြီးရောဂါအမည်တပ်လို့ ရပါသည်။ ၀မ်းဗိုက်အပေါ်ပိုင်းတွင် နာကျင်ပြီး နောက်ကြောဆီသို့တိုင်အောင် နာနေပြီဆိုလျှင် အစာအိမ်အနာသည် အခြေအနေဆိုးနေပါပြီ။ ၀မ်းဗိုက် တစ်ပြင်လုံးပျံ့နှံ့ကာ နာကျင်နေလျှင် အစာအိမ်ပေါက်နေခြင်း (perforation) ဖြစ်နေပြီဖြစ်သည်။
အစာအိမ်အနာဖြစ်နေသူ၏ အသက်သည် အသက် 55 နှစ်နှင့်အထက် ဖြစ်နေလျှင်လည်း alarm symptoms တစ်ခုဖြစ်ပြီး မဖြစ်မနေ အစာအိမ်မှန်ပြောင်း (upper endoscopy) ကြည့်ပေးရပါမည်။ ယင်းသို့ ပြုလုပ်ခြင်းသည် Barium meals ဟုခေါ်သည့် အစာအိမ်ဓာတ်မှန်ရိုက်ခြင်းထက် ပိုမိုအသုံး၀င်ပါသည်။ အစာအိမ်မှန်ပြောင်း ကြည့်ရှုရင်းနှင့် အသားစ (biopsy) လည်း ယူနိုင်ပါသည်။
လူနာသည် အသက် 55 နှစ်အောက်ဖြစ်ပြီး alarm systems များ မရှိခဲ့လျှင် ယင်းလူနာအတွက် H.pylori ရှိ၊ မရှိကို စမ်းသပ်စစ်ဆေးဖို့လိုပါသည်။ ထို့ပြင် လူနာအား အကိုက်အခဲပျောက်ဆေးဝါးသောက်ခြင်း (NSAIDs)၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ကို ရှောင်ကြဉ်ရန် ပြောဆိုဆွေးနွေးဖို့လိုပါသည်။
H.pylori ရောဂါပိုး၀င်ရောက်နေကြောင်းကို ထပ်မံအတည်ပြုပြီးနောက် H.pylori ကို အမြစ်ပြတ်စေရန် ဆေးဝါးများဖြင့် ကုသပေးဖို့လိုပါသည်။ စနစ်တကျရောဂါရှာဖွေစစ်ဆေးခြင်းပြုလုပ်ကာ ထိရောက်စွာကုသဖို့လိုပါသည်။ ပဋိဇီ၀ဆေးများကို ဆေးပတ်လည်အောင်ပေးရပါမည်။
ယခုခေတ်အခါတွင် အစာအိမ်အနာဖြစ်ပွားရခြင်းအကြောင်းမှာ H.pylori ဗက်တီးရီးယားရောဂါ ပိုးကြောင့် ဖြစ်ပွားသည်ကို သိရှိပြီးနောက်ပိုင်းတွင် အစာအိမ်အနာရောဂါအများစုသည် ဆေးဝါးဖြင့် ကုသပျောက်ကင်းပါသည်။ ယခုခေတ်များကဲ့သို့ အစာအိမ်နာကို ခွဲစိတ်ကုသခြင်းမျိုး သိပ်မလိုတော့ပါ။ သို့ရာတွင် အစာအိမ်ပေါက်ခြင်း၊ အစာအိမ် သွေးယိုစီးခြင်တို့ ရှိလာလျှင်တော့ ခွဲစိတ်ကုသရပေမည်။ အစာအိမ်ကင်ဆာ (Stomach cancer) သည် အစာအိမ်အနာ (Gastric ulcer) နှင့် ယှဉ်တွဲလေ့လေ့ရှိသည်ကိုတော့ မမေ့သင့်ပါ။ အစာအိမ်အနာများသည် ပေါ့ဆ၍မနေရပါ။ သာမန်အစာမကြေ ခြင်းမှသည် သွေးယိုစီးခြင်း၊ အစာအိမ်ပေါက်ခြင်းနှင့် အစာအိမ်ကင်ဆာအထိ ဖြစ်နိုင်ပါ သည်။ ရောဂါကို တိတိကျကျရှာဖွေဖော်ထုတ်ရန် ပစ္စည်းကရိယာများလည်းရှိလာပြီမို့ လိုအပ်လျှင် စမ်းသပ်စစ်ဆေးဖို့လိုပါသည်။
Credit; ဒေါက်တာမီမီကို (မိသားစုဆရာ၀န်)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 246, July 2015






























