အဆာခံတဲ့ ဆန်လုံးညို
ကုန်တိုက်ကြီးတစ်ခုရဲ့ ငွေရှင်းကောင်တာရှေ့မှာ လူများလို့ ငွေရှင်းဖို့တန်းစီနေရချိန်မှာ မိမိရှေ့နားမှာ ရပ်နေတဲ့ မလေးတရုတ်အမျိုးသမီးကြီးတစ်ဦးက ကျွန်မကို “ရှင်ဘရောင်းရိုက်စ် (ဆန်လုံးညို)စားရတာမကြမ်း ဘူးလား၊ ချက်ရတာလည်း အချိန်ကြာပြီး၊ ဝါးရတာမာလို့ ကျွန်မတော့ မစားတတ််ဘူး” လို့စကားစမေးလိုက် ပါတယ်။ ဒါနဲ့ ကျွန်မလည်း “ ဟုတ်ကဲ့၊ ဘရောင်းရိုက်စ်က နည်းနည်းတော့ ကြမ်းသလိုလို၊ မာသလိုလိုရှိပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ထမင်းမချက်ခင် နာရီ၀က်ရေကြိုစိမ်ပြီးမှ ချက်လို့လားတော့မပြောတတ်ဘူး၊ ကျွန်မရဲ့ လျှာပေါ်မှာတော့ ကြမ်းခြင်း၊ မာခြင်း မသိသာတော့ဘဲ စားလို့ရသွားတယ်၊ အစာလည်းကြေပါတယ်။ ဒီ့ပြင် ထမင်းကိုလည်း အများကြီးမစားဖြစ်တော့ဘူး၊ သူက အဆာခံနိုင်သွားတယ်” လို့ပြန်ဖြေလိုက်ပါတယ်။
Brown Rice ခေါ် ဆန်လုံးညိုဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကောင်းကျိုးကောင်းကွက်တွေများလို့ ကမ်ဘာတစ်လွှားထင်ပေါ်ကျော်ကြားလာတာ ကျန်းမာရေးအသိဗဟုသုတရှိသူတွေ သိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဆန်ဖြူခေါ် ဖြူဖွေးနေအောင် အခွံချွတ်ထားတဲ့ ဆန်တွေနဲ့ယှဉ်လိုက်ရင် မာလည်းမာ၊ အနည်းငယ်ကြမ်းတာကြောင့်ရယ်၊ နောက်တစ်ချက်က မြင့်မားတဲ့ဈေးနှုန်းကြောင့်ရယ် အာရှတိုက်သား အများစုကတော့ စားရမှန်းသိပေမယ့် နောက်တွန့်နေလေ့ရှိပါတယ်။ ဥပမာ ဆန်ဖြူ 5 ကီလိုဂရမ်တစ်အိတ်နဲ့ Brown Rice 5 ကီလိုဂရမ် တစ်အိတ် ဈေးနှုန်းယှဉ်ရင် Brown Rice က 3 ဆ လောက်ပိုများနေလေ့ရှိတယ်။
ဒီနေရာမှာ စကားမစပ်မိလို့ပြောရရင် ဆီစားသုံးမှုမှာလည်း သံလွင်ဆီ (သို့မဟုတ်) ကင်နိုလာဆီကိုစားရင် ကျန်းမာရေးနဲ့ညီညွတ်ပြီး သွေးထဲမှာ ကိုလက်စထရောလ်မတက်ဘူးလို့ပြောကြ၊ ရေးသားကြပေမယ့် တကယ်စားသုံးဖို့ကျတော့ ပဲဆီ၊ နှမ်းဆီလို ရနံ့မမွှေးတာရယ်၊ တချို့က အနံ့နဲ့ အရသာမခံစားတတ်တာရယ်၊ အထူးသဖြင့် ဈေးနှုန်းမြင့်မားတာရယ်ကြောင့် စားသုံးမှုနည်းတာ သတိထားမိပါတယ်။ လမ်းဘေးဆိုင်မပြောနဲ့ တချို့သော ဟိုတယ်ကြီးတွေမှာတောင် စားအုန်းဆီသုံးနေကြတာမျိုးကြားသိရပါတယ်။
အမှန်တော့ ကျွန်မတို့ငယ်စဉ် နယ်မှာနေထိုင်စဉ်က ဆီကိုအများကြီးမသုံးတတ်ကြပါ။ ဟင်းချက်ရင် ဆီကျန်ရေကျန်သာချက်လေ့ရှိသလို ဟင်းချိုဆို ဆီတစ်ပေါက်လောက်သာခတ်ပြီး အသားငါးလတ်လတ်ဆတ် ဆတ်နိုင်နိုင်ထည့်ချက်ပါတယ်။ ယခုအခါမှာ ဟင်းခတ်မှုန်ခေါ် အချိုမှုန့်တွေ ပြည်ပမှ နိုင်နိုင်သွင်းလာမှုကြောင့် လည်းကောင်း၊ အသားငါးဈေးကြောင့်လည်းကောင်း တောရွာတွေမှာ ဟင်းခတ်မှုန့်မပါရင် ဟင်းမဖြစ်ဘူးလို့ယူဆ လာခဲ့ပါပြီ။
Brown Rice ဆိုတာ
ဘရောင်းရိုက်စ်ဆိုပြီး နာမည်ကြီးလာတဲ့ ဆန်ညိုညိုညစ်ညစ်တွေဟာ အမှန်တော့ ဖြူဖွေးနေအောင် အခွံမချွတ်ဘဲ ဆန်ဖြူအောင်အဆင့်ဆင့်ချွတ်တာမျိုး အနည်းဆုံးဖြစ်အောင်ထုတ်လုပ်ထားတဲ့ ဆန်ညိုညိုလေးတွေပဲဖြစ်တယ်။ စပါးစေ့အခံွချွတ်ပြီးနောက် အတွင်းရှိဆန်စေ့ရဲ့ အပြင်ဘက်ဆုံးအလွှာကိုသာ ဖယ်ထုတ်လိုက်ပါတယ်။ ဒါကြောင့် ဘရောင်းရိုက်စ်မှာ ဖိုင်ဘာခေါ် အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်များနှင့် သတ္တုဓာတ်၊ ဆားဓာတ်များစွာကျန်ရစ်နေစေပါတယ်။ အဓိကအားဖြင့် ဗီတာမင် B1၊ မဂ္ဂနီစီယမ်၊ မဂ္ဂနီးစ်နှင့် ဇင့် ခေါ် သတ္တုဓာတ်တို့ကြွယ်၀ပါတယ်။ ဖြူဖွေးနေတဲ့ဆန်စေ့ (ယနေ့ရောင်းတန်းဆန်များ)မှာတော့ စပါးစေ့ပေါ်ကအခွံနှင့် ဆန်စေ့ပေါ်က ဖွဲတွေ၊ အလွှာတွေပါ ဆန်စက်ကြီးက ဖယ်ရှားပစ်လိုက်တဲ့အတွက် ဆန်ရဲ့ကော်ဓာတ်လောက်သာ ကြွင်းကျန်ရစ်စေပါတယ်။
ဘရောင်းရိုက်စ် လက်ဖက်ရည်တစ်ပန်ကန်စာနှင့် ရောင်းတန်း ဆန်ဖြူလက်ဖက်ရည် တစ်ပန်းကန်စာကို နှိုင်းယှဉ်လေ့လာမည်ဆိုပါက ဘရောင်းရိုက်စ်ခေါ် ဆန်လုံးညိုမှာ ဖိုင်ဘာခေါ် အမျှင်ဓာတ် 3 ဂရမ်မှ 5 ဂရမ်ပါပြီး ဆန်ဖြူမှာ 1 ဂရမ်သာပါ၀င်ပါသည်။ ဘရောင်းရိုက်စ်ကို မချက်ခင် နာရီ၀က်လောက်က ကြိုပြီးရေစိမ်ထားရပါတယ်။ ဘရောင်းရိုက်စ်ခေါ် ဆန်လုံးညိုဟာ အနည်းငယ်မာပြီး စားရတာခပ်ကြမ်းကြမ်းလေး အရသာရှိတယ်။ ဆန်တွေမှာ အစိုဓာတ်လို့ပြောရမလား၊ အဆီဓာတ်လေးတွေပါ၀င်လေ့ရှိတယ်။ ဆန်သစ်ဆိုရင် ထိုအဆီဓာတ်လေးတွေက ပိုစိုလက်နေတတ်ပါတယ်။ သို့သော် ထိုအဆီပါ၀င်မှုဟာ 5 လမှ 6 လ အထိလောက်သာခံပြီး ခြောက်သွားတတ်တယ်၊ အပြင်မှာ ဆန်လုံးညိုကို ဒီအတိုင်းထားရင် မြန်မြန်ခြောက်သွား တတ်တဲ့အတွက် လေလုံတဲ့ဖန်ပုလင်း သို့မဟုတ် လေလုံတဲ့ ဘူးတစ်ခုခုမှာထည့်၍ ရေခဲသေတ္တာထဲထည့်သိမ်းပါ။
Credit; ဒေါက်တာရည်ညွှန့်မေ
Health Digest Journal






























