/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/အဆုတ်ကင်ဆာ-အဆင့်-4-ကင်ဆာရောဂါအမေး၊-အဖြေ

အဆုတ်ကင်ဆာ အဆင့် (4) (ကင်ဆာရောဂါအမေး၊ အဖြေ)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

မေး ။  ဆရာခင်ဗျား၊ ကျွန်တော့်ရဲ့အသက် 52 နှစ်အရွယ်၊ ဇနီးသည်ဟာ မကြာသေးမီက အဆုတ်ကင်ဆာရောဂါ စတင်ဖြစ်ပွားခဲ့ပါတယ်။ ကျွန်တော်တို့ဇနီးမောင်နှံနှစ်ယောက် စလုံး ဆေးလိပ်မသောက်တဲ့အပြင် အိမ်မှာလည်း ဆေးလိပ်သောက်သူမရှိပါဘူးဆရာ။ ဒါပေမယ့် ကျွန်တော့်ဇနီးရဲ့ အဆုတ်ကင်ဆာအဆင့်က စသိတဲ့အချိန်မှာပဲ အဆင့် (4) ဖြစ်နေပါပြီ။ ယနေ့အဆုတ်ကင်ဆာရောဂါများအတွက် တစ်ရက်တစ်လုံးသောက်ရပြီး၊ ဆေးတစ်လုံးကို ငွေကျပ် ရှစ်သောင်း၊ တစ်သိန်းနီးပါးပေးရတဲ့ သောက်ဆေးတွေ ထွက်နေတယ်လို့ သိရပါတယ်။ အဲဒီဆေးတွေဟာ တကယ်ပဲအစွမ်းထက်တာလား၊ ကျွန်တော့်ဇနီးမှာရော သောက်လို့ရနိုင်လားသိချင်ပါတယ်ဆရာ။

ဖြေ ။   ဒီမေးခွန်းက ကင်ဆာရောဂါများရဲ့နောက်ဆုံးပေါ် ဆေးဝါးတွေအကြောင်းမေးတဲ့ မေးခွန်းပါပဲ။ 21 ရာစုအတွင်းမှာ တစ်ရှိန်ထိုးခေတ်စားနာမည်ကြီးလာတဲ့ Targeted Therapy  အမည်ရ ဆေးဝါးများဖြစ်ပါတယ်။ အဆုတ်ကင်ဆာမှာသုံးတဲ့ နောက်ဆုံးပေါ်ဆေးဝါးများအကြောင်းမပြောခင်မှာ Targeted Therapy ခေါ်တဲ့ ကင်ဆာဆေးများအကြောင်း အကြမ်းဖျင်းရှင်းပြပါရစေ။

 

          အများသိကြတဲ့အတိုင်း ကင်ဆာရောဂါကို Chemotherapy ခေါ်တဲ့ ဓာတုဆေးဝါးများနဲ့ ကုသကြတာရှိပါတယ်။ သွေးကြောထဲမှတစ်ဆင့် ထိုးသွင်းရတဲ့ ဆေးဝါးများဖြစ်လို့ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပြီး ဟိုပျံ့သည်ပျံ့ဖြစ်နေတဲ့ ကင်ဆာဆဲလ်များကိုသေစေဖို့ ရည်ရွယ်ချက်နဲ့ပေးခဲ့၊ ပေးနေကြဆဲဖြစ်ပါတယ်။ ကင်ဆာဆေးများရဲ့ အာနိသင်ကတော့ သိကြတဲ့အတိုင်း ဆံပင်တွေကျွတ်မယ်၊ အခန့်မသင့်ရင် ဖျားမယ်၊ ၀မ်းလျောမယ်၊ သွေးအားတွေ လျော့နည်းပြီး သွေးသွင်းရမယ်စတဲ့ နောက်ဆက်တွဲ ပြဿနာတွေရှိပါတယ်။ အဲဒီပြဿနာတွေကို မလိုချင်လို့ ကင်ဆာဆဲလ်တွေကို လိုအပ်တာထက်လျော့သုံးရင် ရောဂါအပေါ်မှာ အကျိုးသက်ရောက်မှုနည်းသွားမယ်။ ဆေးပမာဏအပြည့်သုံးမယ်ဆိုတော့လည်း အထက်ကပြောခဲ့တဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့ ရင်ဆိုင်ရမယ်။ ဒီတော့ အောင်မြင်တဲ့ကင်ဆာကုသဌာန ဆိုတာဟာ ကင်ဆာဆေးတွေကို အင်ပြည့် အားပြည့်သုံးမယ်၊ ကင်ဆာဆေးကြောင့်ဖြစ် ရတဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ကောင်းကောင်းကြီးဖြေရှင်းနိုင်မယ်။ ဒါမှသာ ကင်ဆာလူနာတွေအသက်ပိုရှည်မယ်။ ဒီလိုဌာနတွေကို ခေါ်တာဖြစ်ပါတယ်။

 

          20 ရာစုနှောင်းပိုင်းကာလများမှာ ဆေးသုတေသနလုပ်ငန်းများဟာ လူ့ကလာပ်စည်း ဆဲလ်များကို လေ့လာတာကိုလွန်ပြီး ဆဲလ်တွေထဲမှာရှိတဲ့ ဒီအင်အေ၊ မျိုးဗီဇများအထိကို လေ့လာနိုင်တဲ့ အနေအထားဖြစ်လာတယ်။ မော်လီကျူးအဆင့် (Molecular Level) အထိလေ့လာနိုင်လာတယ်ဆိုပါတော့။ ဒီလိုနဲ့ ပိုအသေးစိတ်၊ ပိုတိကျတဲ့ကင်ဆာရောဂါဖြစ်ပွားမှုတွေကို သိလာကြပြီး ဆေးသစ်ဝါးသစ်တွေ ကို ဖော်ထုတ်လာနိုင်တယ်ဆိုပါတော့။

 

        အဲသည်ဆေးတွေဟာ အခုမေးတဲ့ Targeted Therapy တွေပါပဲ ကင်ဆာအလုံးအကျိတ်တွေဖြစ်ဖို့ ဆိုတာမှာ သွေးကြောသစ်တွေပေါ်ပေါက်လာဖို့လိုတယ်။ တချို့ Targeted Therapy တွေဟာ အဲသလိုသွေးကြောသစ်တွေမဖြစ်အောင် တားဆီးနိုင်စွမ်းရှိတယ်။ တချို့သော Targeted Therapy ဆေးများကျတော့ ပုံမှန်ဆဲလ်တွေကို ကင်ဆာဆဲလ်များအဖြစ် အသွင်ပြောင်းသွားစေမယ့် အချက်ပြဆက်သွယ်မှုတွေကို ပိတ်ဆို့ပေးတယ်။ အဆုတ်ကင်ဆာမှာယနေ့စတင်သုံးစွဲနေတဲ့ဆေးသစ်များဟာ အဲသလို အချက်ပြဆက်သွယ်မှုတွေကို တားဆီးပေတဲ့ဆေးများလို့ အကြမ်းဖျင်းမှတ်ယူနိုင်တာပေါ့။

 

        သို့ပေမယ့် အဆုတ်ကင်ဆာလူနာတိုင်းကိုတော့ အဲဒီဆေးတွေသုံးစွဲလို့မရနိုင်ပြန်ဘူး။ ဒါလည်းသဘာ၀ တရားကြီးရဲ့မျက်နှာလိုက်မှုလို့ဆိုရမလား။ ဆေးလိပ်မသောက်တတ်သူအမျိုးသမီး၊ အာရှတိုက်သူများအဆုတ် ကင်ဆာဖြစ်တဲ့အခါ သူတို့ရဲ့ 70 ရာခိုင်နှုန်းခန့်ဟာ အဲဒီဈေးကြီးတဲ့ ဆေးသစ်များနဲ့ ကုသလိုရတယ်လို့ သုတေသနများက ဆိုပါတယ်။ ရလဒ်လည်းအလွန်ကောင်းမွန်ပါတယ်။ ဒီနေရာမှာ လူနာနဲ့လူနာရှင်များ မှီငြမ်းလို့ ရအောင်သုံးစွဲသင့်တဲ့ အဆုတ်ကင်ဆာအမျိုးအစားကို အင်္ဂလိပ်လို ဖော်ပြခွင့်ပြုပါ။ Adenocarcinoma Lungs (EGFR mutation positive) လို့အဖြေထွက်မယ့်အဆုတ်ကင်ဆာအမျိုးအစားတွေမှသာ သုံးလို့ရမှာဖြစ်ပါတယ်။

 

        အဆုတ်ကင်ဆာကနေ အသားစယူပြီး အဲဒီအဖြေအားလုံးကို မြန်မာပြည်မှာ စစ်လို့မရသေးပြန်ပါဘူး။ EGFR mutation ကို အိမ်နီးချင်း ဘန်ကောက်၊ စင်ကာပူနိုင်ငံများကို ပို့ပြီးစစ်ဆေးရမှာဖြစ်ပါတယ်။ စစ်ဆေးလို့ အဲဒီအဖြေထွက်ခဲ့ရင်တော့ Erlotinib အမည်ရဆေးသစ်ကြီးကို မြန်မာပြည်မှာပဲ ၀ယ်ယူသောက်သုံးနိုင်ပါပြီ။ အဆုတ်ကင်ဆာရောဂါ လုံး၀ပျောက်ကင်းသွားမှာ မဟုတ်သော်လည်းဘဲ နဂိုကလပိုင်းသာ အသက်ရှင်ဖွယ်ရှိတဲ့ လူနာတွေမှာ တစ်နှစ်တန်သည်။ နှစ်နှစ်တန်သည် အသက်ပိုရှည်လာပြီး အဲသလိုနေရတဲ့ ကာလအတွင်းမှာလည်း လူမမာလိုမဟုတ်ဘဲ  ပုံမှန်လူကဲ့သို့ သွားလာလှုပ်ရှားနိုင်ကြမှာဖြစ်ပါတယ်။

 

        ကင်ဆာကုသမှုပညာဟာ အလွန်မှကို တိုးတက်နေတဲ့ ပညာရပ်ဖြစ်ပါတယ်။ ကင်ဆာလူနာများသာမက၊ ကင်ဆာကိုကုသသောဆရာ၀န်များဟာလည်း မျှော်လင့်ချက်ကြီးကြီးနဲ့ အသက်ရှင်နေရသူတွေဖြစ်ပါတယ်။ အထက် ပါအဆုတ်ကင်ဆာအမျိုးအစားမဟုတ်လို့  သောက်စရာဆေးတွေမရှိတော့ဘူးလို့ စိတ်ဓာတ်ကျစရာလည်းမလိုပါ။ တခြားသောအဆုတ်ကင်ဆာများအတွက်လည်းပဲ အဆင့်မြင့်တဲ့ ကင်ဆာကုသဆေးတွေရှိနေပါပြီ။  ကင်ဆာ ဆရာ၀န်တစ်ယောက်အနေနဲ့ အဆုတ်ကင်ဆာရောဂါကို ပျောက်စေသတည်းလို့ အာမဘနေ္တမခံနိုင်သော်ငြား ဟိုအရင်အချိန်များကထက် သာလွန်ကောင်းမွန်တဲ့ ကုသမှုတွေနဲ့အသက်ကိုရှည်အောင်၊ ဘ၀အရည်အသွေးရှိရှိနဲ့ နေနိုင်အောင်ကူညီနိုင်ပါပြီလို့ အားပေးစကားဆိုလိုက်ရပါတယ်။ အဆုတ်ကင်ဆာလူနာများ သက်ရှည်ကျန်းမာကြပါစေ။

 

 

Credit; ဒေါက်တာလွှမ်းမိုးဟန်

Health Digest Jouranl