/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/အမျိုးသားများတွင်-အဖြစ်များသော-ရောဂါများ-အူမကြီးနှင့်

အမျိုးသားများတွင် အဖြစ်များသော ရောဂါများ အူမကြီးနှင့် စအိုပိုင်းဆိုင်ရာ ရောဂါများ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        အူမကြီးနှင့် စအိုပိုင်းဆိုင်ရာရောဂါဟာ လူများတွင်အသက်အရွယ်နှင့်လိုက်ပြီး အဖြစ်များသောရောဂါ ဖြစ်ပါတယ်။ မွေးရာပါအဖြစ်မှစကာ သက်ကြီးရွယ်အိုအထိ ဖြစ်လေ့ရှိပါတယ်။ အူမကြီးနှင့် စအိုပိုင်းဆိုိင်ရာရောဂါများဆိုပြီး ယေဘုယျအမည်ပေးထားပေမဲ့ ရောဂါအမျိုးအစားစုံကာ အမျိုးသားများနှင့် အမျိုးသမီးတွေမှာ အဖြစ်များကြပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေက ရှက်တတ်လွန်းပြီး သူတို့ရဲ့ ခံစားရတဲ့ေ၀ဒနာတွေကို တင်ပြဆွေးနွေးဖို့ စိုးရွံ့ကြတာမို့ အမျိုးသားတွေမှာ ပိုအဖြစ်များတယ်လို့ ထင်ကြပါတယ်။ စားရေးသူအတွေ့အကြုံအရတော့ ဒီရောဂါတွေဖြစ်ပွားနှုန်းဟာ ကျား၊ မ နှစ်မျိုးစလုံးမှာ သိပ်မထူးခြားလှပါဘူး။ ဒီခန္ဓာကိုယ်အစိတ်အပိုင်းဟာ ထူးခြားသော ဖြစ်ပေါ်ပြောင်းလဲလာမှု သနေ္ဓသားဘ၀မှာ အဖြစ်များလို့ ဆီးသွားလမ်းကြောင်းနဲ့ ဆက်စပ်ပြီး မွေးရာပါ ယိုယွင်းချို့ယွင်းချက်တွေ ပေါများလှပါတယ်။ သနေ္ဓသားဘ၀မှာရှိကြတဲ့ မစင်အိမ်နဲ့ စအိုပိုင်းတွေ ဆက်စပ်မှုမရှိတဲ့အခါ Imperforate anus ခေါ်တဲ့ စအိုအပေါက်ပိတ်နေမှု၊ မစင်အိမ်နဲ့ ဆီးအိမ်ဆက်သွယ်နေမှု (Rectovesical Fistula)၊ မစင်အိမ်နဲ့ သားဖွားလမ်း ဆက်သွယ်နေမှု (Rectovaginal Fistula) တွေပါဖြစ်ကာ ဆီးပြွန်မှ မစင်ထွက်ကျခြင်း၊ အမျိုးသမီးအင်္ဂါမှ မစင်များထွက်ကျခြင်း စတဲ့ မွေးရာပါ ချို့ယွင်းချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်ပင် မွေးစကလေးတွေမှာ စအိုပေါက်ပွင့် နေ၊ မနေ သိရှိနိုင်ရန် စအိုထဲကို ပိုက်သွင်းပြီး Meconium လို့ခေါ်တဲ့ မွေးကင်းစမစင်တွေ မစင်အိမ်နဲ့ စအိုထဲမှာ ရောက်ရှိ နေ၊ မနေကို စမ်းသပ်ရပါတယ်။ ဒီလို စအိုပေါက်ပိတ်ပြီး ဆီးလမ်းကြောင်း၊ ကလေးမွေးလမ်းကြောင်းတွေနဲ့ ဆက်သွယ်ပွင့်လမ်းမရှိပါက ကလေးဟာ ၀မ်းမသွားနိုင်ဘဲ ဗိုက်အတွင်း အူထဲက အစာတွေ၊ လေတွေ မထွက်နိုင်လို့ ဗိုက်ပူဖောင်းတင်းကား လာတတ်ပါတယ်။ တချို့မှာတော့ ပိတ်နေတဲ့ အမြှေးပါးအသားဆိုင်တွေကို ခွဲစိတ်ကာ လမ်းဖွင့်ပေးရသလို တချို့မှာတော့ အူမကြီးအစိတ်အပိုင်းကို ၀မ်းဗိုက်နံရံအား ဖောက်ပြီး၀မ်းများထွက်သွားစေရန် ခွဲစိတ်ပေး ရပါတယ်။ တချို့ကလေးတွေမှာတော့ မစင်အိမ် အူမကြီးအပိုင်း၊ စအိုပိုင်းတွေဟာ အမြင်အားဖြင့် ပုံမှန်ဖြစ်နေပေမဲ့ ၎င်းတို့၏လှုပ်ရှားမှုကို ထိန်းသိမ်းပေးတဲ့ အာရုံကြောအဖွဲ့အစည်း ပျက်စီးယိုယွင်းလို့ စအို၀အပေါက်ဟာ ပုံမှန်မပွင့်အာနိုင်ဘဲ အူမကြီးအတွင်းမှာ မစင်များ၊ လေများ၊ အရည်များ စုဆောင်းနေကာ ၀မ်းဗိုက်ကြီးဖောင်းကားတင်းမာနေလို့ ရေထဲပစ်ချတဲ့အခါမှာ ပူဖောင်းတစ်လုံး ပစ်ချသလို မြုပ်မသွား ဘဲ ရေထဲမှာပေါလောပေါ်နေတတ်ပါတယ်။ ဆေးပညာအရတော့ Hirschsprung’s Disease လို့ခေါ်ပြီး တချို့လူထူးလူဆန်းအဖြစ် ပွဲလမ်းသဘင်တွေမှာ အခကြေးငွေဖြင့် ပြသစီးပွားရှာနေကြတာကို မြင်တွေ့ ရပါတယ်။ ဒီလိုလူနာတွေမှာ အစာဟောင်းအိမ်ဟာ ဆီးအိမ်၊ ဆီးပြွန်ချောင်း၊ သားဖွားလမ်းကြောင်းတို့နဲ့ ဆက်သွယ်နေတတ်ပြီး ဆီးထဲမှာ ၀မ်း၊ လေတွေ ပါတတ်သလို သားဖွားလမ်းကြောင်းကလည်း မစင်တွေ ယိုစီးတတ်ပါတယ်။ ဒီလိုဖြစ်တာဟာ အခြားသူများက ပြုစားလို့ဖြစ်တာ မဟုတ်ဘဲ သနေ္ဓသားဘ၀ ကြီးထွားဖြစ်ထွန်းချိန်မှာ Development မူမမှန်လို့ ကံတရားစီမံရာအတိုင်း ဖြစ်လာတာမို့ အချိန်မီ ခွဲစိတ်ကုသပေးပါက သာမန်ကလေးတစ်ဦးလို ကြီးထွားဖွ့ံဖြိုးလာနိုင်မှာဖြစ်ပါတယ်။

           ဒီအူမကြီးနဲ့ စိုဧရိယာတွေမှာ ဖြစ်လာနိုင်တဲ့ ရောဂါအမျိုးအစားတွေက များပြားရှုပ်ထွေးလှတာမို့ အဖြစ်များတဲ့ ရောဂါအချို့ကိုသာ ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။ အူမကြီးမှာတော့ အတွင်းအမြှေးပါးရောင်းရမ်း မှု (Inflammatory Disease) အသားပိုအလုံးများ (Polyps)၊ အနာများ (ulcers)၊ Diverticular Diseases များနှင့် ကင်ဆာရောဂါများ ရှိကြသလိုအစာဟောင်းအိမ်နဲ့ စအိုတွေမှာတော့ စအိုပတ်လည်ပြည်တည်နာများ (Perianal abscess)၊ ဂရင်ဂျီနာများ (Fistual in ano)၊ စအို၀ကွဲနာများ (Fissure in ano)နဲ့ လိပ်ခေါင်းရောဂါများ၊ စအိုအတွင်းအမြှေးပါး၊ ကျွံကျပိတ်ဆို့တဲ့ ရောဂါများဖြစ်ကြပါတယ်။ တချို့ရောဂါက သီးသန့်ရှိနေတတ်ပေမဲ့ တချို့လူနာတွေမှာတော့ ရောဂါ 2 မျိုး၊ 3 မျိုး ပူးတွဲ ရှိနေတတ် ပါတယ်။ ရောဂါတစ်မျိုးစီမှာလည်း အမျိုးအစားကွဲပြားခြားနားသလို ရောဂါအဆင့် အနု၊ အရင့်လည်း မတူညီတတ်ကြပါဘူး။ ဒီဧရိယာတစ်၀ိုက်မှာ အဖြစ်အများဆုံးကတော့ Haemorrhoids (သို့မဟုတ်) Piles လို့ခေါ်တဲ့ လိပ်ခေါင်းရောဂါဖြစ်လို့ တချို့ကတော့ စအိုတစ်၀ိုက်မှာ ဘယ်လိုပဲခံစားရ၊ ခံစားရ လိပ်ခေါင်းရောဂါ လို့ပဲ ထင်မှတ်မှားကြပါတယ်။ ဒါကြောင့် စအို၀က သွေးယိုစီးထွက်တိုင်း လိပ်ခေါင်းရောဂါ မဟုတ်နိုင်သလို ဒီလိပ်ခေါင်းရောဂါနဲ့အတူ အခြားရောဂါတွေလည်း အတူပူးတွဲရှိနေတတ်တယ်ဆိုတာသိထားဖို့ လိုအပ်လှ ပါတယ်။ ဒီနေရာတစ်၀ိုက်မှာ လိပ်ခေါင်းရောဂါအဖြစ်များတာကို အခွင့်ကောင်းယူပြီး တတ်ယောင်ကား ဆရာတွေက ရောဂါတွေကို ခွဲခြားမသိဘဲ အခြားဘာရောဂါဖြစ်နေသည်ကို မသိဘဲ လိပ်ခေါင်းရောဂါလို့ အမည်တပ်ကာ နည်းလမ်းသစ်များဖြင့် အာမခံကာ ပျောက်ကင်းအောင် ကုသပေးမည်ဖြစ်ကြောင်း ကြော်ငြာတာကို ယုံကြည်ပြီး အကုခံကြတဲ့သူတွေ၊ ငွေကုန်သံပြာဖြစ် ကြရသူတွေ၊ ရောဂါမှားယွင်းအကုသခံရလို့ ရောဂါအမှန်က ပိုဆိုးပြီးဒုက္ခရောက်ကြရသူတွေ များလှလို့ ဒီစအိုနဲ့မစင် အိမ်အူမကြီးတစ်၀ိုက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတွေ၊ ရောဂါလက္ခဏာတွေ နဲ့ ပြုစုကုသမှုတွေကို အနည်းငယ် အသေးစိတ် ထပ်လောင်းဆွေးနွေးဖို့ ရည်ရွယ်ထားပါတယ်။ စာတွေ့၊ လက်တွေ့ ပေါင်းစပ်ပြီးတော့လည်း စာဖတ်ပရိသတ်များ အလွယ်တကူ ဖတ်ရှုလေ့လာစေဖို့ “လိပ်ခေါင်းလေလား၊ ကင်ဆာလား” ဆိုတဲ့ စာအုပ်ငယ်လေးတစ်အုပ် ရေးသားခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ နည်းပညာသစ်တွေ ပေါ်ထွန်းလာတာမို့ ခေတ်ပေါ် ကုသနည်းများကို ထပ်လောင်းဖြည့်စွက်ကာ ထပ်မံရိုက်နှိပ်ဖို့ စီစဉ်နေပါတယ်။

           ဦးစွာပထမတော့ ရောဂါတွေအကြောင်း မတင်ပြမီ အူမကြီး၊ အစာဟောင်းအိမ်နဲ့ စအိုတွေရဲ့ ခန္ဓာဗေဒ ဇီ၀ကမ္မဗေဒအကြောင်းများကို အတိုချုံးတင်ပြပါမယ်။ သို့မှသာ ဘယ်လိုရောဂါတွေမှာ ဘယ်လိုရောဂါလက္ခဏာတွေ ဘာကြောင့်ဖြစ်ပေါ်လာသည်နှင့် ဘယ်လိုစမ်းသပ်စစ်ဆေးကာ ဘယ်လိုကုသမှုပေးကြတယ်ဆိုတာ သဘောပေါက် ရှင်းလင်းစွာသိစေလိုလို့ ဖြစ်ပါတယ်။

 

အူမကြီးဆိုတာ

        အူမကြီးဆိုတာ အူသိမ်ရဲ့အဆုံးမှာ ဆက်လက်ဖြစ်တည်နေတဲ့ အူလမ်းကြောင်းဖြစ်ပြီး အစပိုင်း ဖောင်းကားနေ တဲ့ အပိုင်းကို Caecum လို့ခေါ်ပါတယ်။ ဒီ Caecum နဲ့ အူသိမ်ဆက်တဲ့အပိုင်းကို Ilio-caecal Junction လို့ခေါ်ပြီး တံခါးလို အပေါက်ကတော့ Ilio-caecal  valve ဖြစ်ပါတယ်။ အူသိမ်ထဲက အစာတွေကို အူမကြီးထဲ တဖြည်းဖြည်း ၀င်ခွင့်ပြုပါတယ်။ ဒီ caecal ကပဲ အူအတက် Appendix ထွက်လာတော့ ဒီအူအတက်ရောင်ရမ်းမှု ကတော့ လူတွေရုတ်တရက် ဗိုက်နာလို့ ခွဲစိတ်ခံရတာ အများဆုံးပဲဖြစ်ပါတယ်။ ဒီအူမကြီးဟာ ၀မ်းဗိုက်ညာဘက်အောက်ပိုင်း Right Iliac Fossa (RIF) ဧရိယာကနေ အထက်ဘက်အသည်းအောက်နေရာ အထိ ရောက်သွားကာ ဘယ်ဘက်ကို ထောင့်ချိုးကွေ့ပြီး ၀မ်းဗိုက် ဘယ်အထက်ပိုင်းဘေလုံး (Spleen) အညှာနားအထိ သွားကာအဲဒီကမှ အောက်ဘက် Left Iliac Fossa (LIF) နေရာအထိ ဆင်းသွားပါတယ်။ ဒီိအထက်ဘက်တက်သွားတဲ့ အပိုင်းကို Transverse နဲ့ အောက်ဘက်ကို ဆင်းလာတာကို Decending Colon လို့ သတ်မှတ်ပါတယ်။ ဒီ LIF ကနေ တင်ပါးဆုံးအရိုးကွင်း (Plevis) အတွင်း မစင်အိမ်နဲ့ ဆက်နေတဲ့အပိုင်းက “S” ပုံသဏ္႑ာန်ရှိနေလို့ Sigmoid colon (သို့မဟုတ်) Pelvic Cavity ထဲမှာရှိနေလို့ Pelvic colon လို့ခေါ်ပါတယ်။ အခြားအူလမ်းကြောင်းမှာလိုပဲ ဒီအူမကြီးမှာလည်း အတွင်းအမြှေးပါး၊ အတွင်းပတ်လည်ကြွက်သားနဲ့ အပြင်အလျားလိုက်ကြွက်သားတွေရှိပါတယ်။ ဒါပေမဲ့ ဒီအပြင်အလျား လိုက် ကြွက်သားတွေဟာ အူမကြီး အပြင်ပိုင်းအားလုံးကို ဖုံးလွှမ်းမသွားဘဲ နေရာ 3 နေရာမှာသာစုစည်းပြီး Taenia coli အဖြစ်ရှိကာ အူမကြီးထက် တိုနေတာမို့ အူမကြီးဟာ အနည်းငယ်ခေါက်တွန့်ပြီး Haustration အဖြစ်ရှိနေပြီး အစာဟောင်းထဲက အရည်တွေကို သွေးအတွင်း ပြန်စုပ်ယူဖို့ မျက်နှာပြင်ပိုမိုရရှိစေပါတယ်။

          အစာဟောင်းအိမ်နေရာကတော့ အစာဟောင်းတွေကို စုဆောင်းသိမ်းဆည်းနိုင်ဖို့ ကျယ်၀န်းပြီး တွန်းထုတ်အားကောင်းစေဖို့အပြင် အလျားလိုက်ကြွက်သားပြားဟာလည်း ပတ်လည်ဖုံးအုပ်ထားပါတယ်။ စအို၀နားမှာတော့ အတွင်းကြွက်သားစုက Internal sphincter အဖြစ် စုစည်းနေပြီး အပြင်ကြွက်သားစု ကတော့ ပြန့်နေကာ External sphincter ဖြစ်သွားပါတယ်။ ဒီကြွက်သားတွေရဲ့အစွမ်းဖြင့် ၀မ်းတွေကို ထိမ်းသိမ်းထားနိုင်သလို ၀မ်းဗိုက်ကြွက်သားနဲ့ အူမကြီးနံရံ ကြွက်သားများ၏ ညှစ်အားဖြင့် အစာဟောင်းတွေကို မစင်အဖြစ်စွန့်ထုတ်ကြရပါတယ်။ ဒီကြွက်သားတွေ အားပျော့ပြီး ညှစ်အားမသန်စွမ်းတဲ့အခါ ၀မ်းချုပ်လေ့ရှိကာ စအိုအ၀က ကြွက်သားဆိုင်တွေ အားပျော့တဲ့အခါမှာတော့ ၀မ်းကိုမထိန်းနိုင်ကြပါဘူး။

          ၀မ်းသွားတဲ့အခါ ကမုတ်မှာ ကြာရှည်ထိုင်ပြီး ၀မ်းပျက်လို့၊ ၀မ်းချုပ်လို့ ညှစ်ရသူတွေမှာတော့ အတွင်းအမြှေးပါးတွေလျော့ကျအားနည်းပြီး အိကျ၊ ကျွံဆင်းလာတဲ့ အူအတွင်းအမြှေးပါးကျွံကျရောဂါ Mucosal Prolapse ဖြစ်ကာ ၀မ်းသွားရတာ မပြည့်စုံဘဲ စအို၀ပိတ်နေသလို ခံစားရခြင်း၊ ဒီအမြှေးပါးအောက်မှာ ရှိတဲ့ သွေးပြန်ကြောအစုအေ၀း ကြီးမားကျယ်၀န်းလာတဲ့ လိပ်ခေါင်းရောဂါတွေ ဖြစ်လာတတ်ပါတယ်။ ဒီအမြှေးပါးကနေ ဖြစ်နေတဲ့ Anal gland တွေက ချောဆီရည် Mucus တွေ ထုတ်ပေးလို့ ၀မ်းတွေချောချောမောမော ထွက်လာနိုင်ပါတယ်။ ဒီ Anal gland တွေရဲ့ ပြွန်ချောင်းလေးတွေ ပိတ်ဆို့တဲ့အခါမှာ ဗက်တီးရီးယားပိုးတွေ၀င်ပြီး Perianal abscess ဆိုတဲ့ စအိုပတ်လည် ပြည်တည် နာတွေ ဖြစ်လာတတ်ပါတယ်။ ဒီပြည်တည်နာတွေက အတွင်းအပြင်ပေါက်ထွက်ပြီး နာတာရှည်ပြည်၊ သား နံရည်ထွက်နေတဲ့ ဂရင်ဂျီနာ အဖြစ်လည်း ပြောင်းလဲသွားနိုင် ပါတယ်။ ဒီလိုမဖြစ်စေရအောင် အိမ်သာမှာ ကြာရှည်စွာ မထိုင်ဘဲ ၀မ်းမညှစ်ရစေဖို့ အစားအသောက်ကို ဆင်ခြင်ကာ ၀မ်းမချုပ်စေဖို့ ထိန်းရသလို ၀မ်းပျက်၀မ်းလျှော မဖြစ်စေရန်လည်း ဂရုစိုက်ဖို့လိုအပ်လှပါတယ်။ ဒီအူမကြီးနဲ့ မစင်အိမ်၊ စအို၀ပိုင်းဆိုင်ရာ ခန္ဓာဗေဒ၊ ဇီ၀ကမ္မဗေဒဟာ ရောဂါများဖြစ်စဉ်ကို နားလည်ရာမှာ အထောက်အကူဖြစ်စေသလို ကာကွယ်တားဆီးရေး၊ ကုသရေးမှာလည်း ထိုက်သင့်သလောက် အကူအညီဖြစ်စေတာကြောင့် သိစေလိုပါတယ်။ နောက်အပတ်တွေမှာတော့ ဒီခန္ဓာအစိတ်အပိုင်းတွေမှာ အဖြစ်များတဲ့ရောဂါတွေအကြောင်း တင်ပြဆွေးနွေးမည်ဖြစ်ပါကြောင်းဖြင့် ယခုအပတ်အတွက် နိဂုံးချုပ်အပ်ပါသည်။

 

 

 

Credit; ပါမောက္ခဦးမြသိန်းဟန် (အထွေထွေ ခွဲစိတ်အထူးကုဆရာ၀န်ကြီး)

ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း

No. 246, July 2015

www.drmyanmar.com