/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/အရိုးရောင်ရောဂါများအတွက်-စတမ်းဆဲလ်ပေးကာကုသခြင်း-stem-cell

အရိုးရောင်ရောဂါများအတွက် စတမ်းဆဲလ်ပေးကာကုသခြင်း Stem cell treatment for osteoarthritis

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်အေးမြချယ်

        အသက်ရလာလို့ဖြစ်စေ၊ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ၊ အရိုးအဆစ်တွေမှာ ပွန်းပဲ့တိုက်စားလာပြီး အဆစ်ရောင်ရောဂါ Arthritis နဲ့ အရိုးအဆစ်ရောင်ရောဂါ Osteoarthritis တွေဖြစ်လာရတယ်။ အဲဒီအခါ၊ အဲဒီဖြစ်ပွားတဲ့နေရာတွေ ဥပမာ - တင်ပါး ဆုံရိုး၊ ဒူးဆစ်ရိုးနဲ့ တခြားအရိုးအဆစ်တွေမှာ နာကျင်ကိုက်ခဲခြင်းတွေ ခံစားကြရတယ်။ အရိုးအဆစ်ရောင်တဲ့အခါ၊ အဆစ်အတွင်းက အရိုးနုတွေ အတိုက်စားခံရပြီး နာကျင်တာ၊ အရိုးအဆစ်တွေ တောင့်တင်းပြီး ကောင်းကောင်းမလှုပ်ရှားနိုင်တာတွေ ဖြစ်ပေါ်လာတဲ့အတွက် နေ့စဉ် လုပ်ငန်းဆောင်တာတွေပါမလုပ်နိုင် မသွားလာနိုင်တဲ့ စိတ်ညစ်စရာအဖြစ်ကို ရောက်ရှိစေတယ်။

          အဆစ်အရိုးရောင်ရောဂါ Osteoarthritis အတွက် လုံး၀ပျောက်ကင်းအောင် မကုသနိုင်ပေမယ့် သက်သာရာရစေတဲ့ နည်းလမ်းတွေရှိကြတယ်။

 

အရိုးအဆစ်တွေကြားက အရိုးနု

        အရိုးနုရှိနေလို့ အဆစ်တွေ လှုပ်ရှားမှုကို ချောမွေ့အောင်၊ မပွန်းပဲ့အောင် ဘေးတိုက်လျှောတိုက် လှုပ်ရှားတဲ့အခါ လွယ်ကူစွာ လှုပ်ရှားနိုင်တာဖြစ်တယ်။ အချိန်ကြာလာတဲ့အခါ၊ တချို့လူတွေမှာ အရိုးနုမျက်နှာပြင်တွေ နူးညံ့ချောမွေ့မှု မရှိတော့ဘဲ ကြမ်းတမ်းလာတယ်။ ကော်ပတ်စားတဲ့ စက္ကူမျက်နှာပြင်လိုက် ဖြစ်လာကြတော့ လှုပ်ရှားမှုတိုင်းဟာ မချောမွေ့တော့ဘဲ ပွတ်တိုက်မှုများလေလေ အရိုးနုတွေ ပွန်းပဲ့တိုက်စားမှု Degeneration များလာလေလေဖြစ်ကာ နာတာရှည်နာကျင်မှုဖြစ်ပြီး အသွားအလာ မလုပ်နိုင်မှုတွေဖြစ်လာကြတယ်။ ဒါ့ကြောင့် အရိုးအဆစ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့ လေ့ကျင့်ခန်းမျိုး၊ အလုပ်အကိုင်မျိုးကို ကြိုတင်ရှောင်ရှားသင့်တယ်။

 

အဆစ်အမျက်ရောင် အရိုးအဆစ်ရောင်ရောဂါကို ပိုဆိုးစေတဲ့ အချက်များ

        အမျိုးသမီးတွေမှာ ဒီရောဂါက ပိုဖြစ်လွယ်သလို ဖြစ်ရင်လည်း ပိုဆိုးစေတယ်။ အသက် 45 နှစ်ကျော်လာရင် အဲဒီရောဂါ ပိုဖြစ်လွယ်တယ်။ အဆစ်ကို ထိခိုက်ဒဏ်ရာရစေတဲ့ လေ့ကျင့်ခန်းတွေ၊ အ၀လွန်ရောဂါတွေ၊ အရိုးဖွဲ့စည်း တည်ဆောက်ပုံကို ထိခိုက်စေတဲ့ ရောဂါတွေ၊ ပေါင်ကြွက်သား Quadriceps ကို အားနည်းထိခိုက်စေတဲ့ အချိန်တွေဖြစ်တဲ့အခါမှာ၊ အခုပြောတဲ့ အဆစ်အမျက်ရောင်ရောဂါပါ ခံစားလာရစေတယ်။

          နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတွေ ပိုမိုသုံးစွဲရခြင်းက ရောဂါဖြစ်ကာစ နှစ်ရက်တွေမှာ များပြားလှတဲ့အတွက် ဘေးထွက်ဆိုးကျိုးပါထပ်မံ ခံစားရစေတယ်။ ဒါ့ကြောင့် အဲဒီဆေးဝါးတွေကို မခံမရပ်နိုင်အောင် နာကျင်လွန်းမှသာ သုံးစွဲသင့်တယ်။ နာနေချိန်မှာ လှုပ်ရှားမှုနည်းနိုင်သမျှ နည်းအောင်လုပ်ပြီး ရောဂါဖြစ်နေတဲ့အဆစ်ကို အနားပေးထားသင့်တယ်။ အကိုက်အခဲပျောက်ဆေးတွေသောက်မယ့်အစား အပြင်ကနေ လိမ်းလို့ရတဲ့ Analgesic Cream of lotion တွေကိုသာ ပိုမိုအားထားလိမ်းကျံသင့်တယ်။

 

စတမ်းဆဲလ်ပေးကာ ကုသခြင်း (Stem cell therapy)

        နာတာရှည်ရောဂါတွေဖြစ်တဲ့ အဆုတ်ပွ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ စတာတွေကို စတမ်းဆဲလ်နည်းပညာနဲ့ ကုသပေးတာ အနောက်နိုင်ငံတွေမှာ ထွန်းကားနေတာကြာပါပြီ။ အခုဒီရောဂါကိုလည်း ဖွ့ံဖြိုးတဲ့နိုင်ငံတွေမှာ စတမ်းဆဲလ်ပေးကာကုသလို့ ရနေကြပြီဖြစ်ပါတယ်။ ချက်ကြိုးကယူတဲ့ စတမ်းဆဲလ်ကို ကုသလိုတဲ့ရောဂါရှင်တွေမှာ လိုအပ်သလို ပြုပြင်စီရင်တဲ့ ကုသနည်းဟာ လက်၀င်လှပေမယ့် အတော်လေး အကျိုးရှိတာ တွေ့နေရတယ်။ မြန်မာပြည်မှာလည်း  နောင်အနာဂတ်မှာကုသလို့ ရနိုင်ဘို့ မျှော်လင့်ရပါတယ်။ အရိုးရောဂါတွေထဲမှာတော့ Osteoarthritis အဆစ်အမျက်ရောင် ရောဂါက စတမ်းဆဲလ် ကုသမှုပေးတာ ပထမဆုံးဖြစ်ပါတယ်။ ဒီနည်းက အဆစ်နဲ့ အရိုးတစ်သျှူးတွေကို တိုးပွားလာစေ၊ ကောင်းမွန်လာစေပြီး အဆစ်တစ်သျှူးတွေကို မထိခိုက်စေသလို ပျက်စီးမှုလည်း မဖြစ်စေပါဘူး။

 

အခြားကုသနည်းများ

        အရိုးအဆစ် အားဖြည့်ဆေးလို့ ထင်ရှားတဲ့ ဂလူကိုဆမင်းနဲ့ ခွန်ဒရိုက်တင် (Glucosamine & Chrondrotin) ဆေးတွေကိုလည်း သောက်ဆေးအဖြစ်ပေးကာ ကုသကြပါတယ်။ သိသာထင်ရှားတဲ့ တိုးတက်မှုကို တဖြည်းဖြည်းတော့ ရရှိလာစေနိုင်ပါတယ်။ ဒါကလည်း ရောဂါဖြစ်ကာစတွေအတွက်သာ ပိုကောင်းတာပါ။

          အဆစ်ထဲကို သွေးလျှောက်အားကောင်းစေတဲ့ ဟိုက်ရာလူရိုတင် Hyaluronin ထိုးဆေးကို ထိုးပေးတဲ့နည်းနဲ့ အဆစ်ထဲ မှန်ပြောင်းနဲ့ကြည့်ပြီး ခွဲစိတ်ကုသနည်းတွေလည်း အခါအားလျော်စွာသုံးကြတယ်။ အဲဒီနည်းတွေကတော့ စတမ်းဆဲလ် ကုသမှုမပေါ်ခင်က အသုံးများခဲ့ကြတဲ့နည်းတွေဖြစ်ကြတယ်။

          အဆစ်အမျက်ရောင်ရောဂါ Osteoarthritis ကို စတမ်းဆဲလ်ပေးကုသတာက စိတ်ချယုံကြည်ရပြီး ရလဒ်ကောင်းတွေ ရရှိတယ်ဆိုတာ စမ်းသပ်တဲ့ တိရိစၧာန်တွေမှာရော၊ ကုသတဲ့ လူတွေမှာပါတွေ့ရှိရတယ်။ ဒီကုသနည်းကိုသုံးနေကြတာကလည်း နှစ်ပေါင်း အများကြီးရှိပြီဆိုတော့ အတွေ့အကြုံလည်း အများကြီး ရင့်နေကြပြီဖြစ်တယ်။ အခုဆိုရင်တော့ စတမ်းဆဲလ်ကုသမှု ပေးခြင်းက တခြားနည်းတွေထက် ပိုစိတ်ချရပြီး ပိုမိုအကျိုးကျေးဇူးရှိတာတွေ့လာရပါတယ်။

          အဆစ်အမျက်ရောင်ရောဂါမဖြစ်အောင် အထက်ပါအန္တရာယ်ကြီးတဲ့ လက္ခဏာတွေရှောင်နိုင်ရင် ရောဂါဖြစ်နေရင်တောင် ပိုမဆိုးအောင် အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ပါတယ်။ သခင်ကို အလွန်ချစ်တဲ့ရောဂါဖြစ်လာပြီးရင် တော်တော်နဲ့ မပျောက်နိုင်တဲ့ ဒူးနာ၊ ခါးနာ ေ၀ဒနာဘေးများမှ လွတ်ကင်းနိုင်ကြပါစေ။

 

 

 

Credit: ဒေါက်တာအေးမြချယ်

Health Digest Journal

Vol: 13, No: 32, 18-5-2016