အရိုး၊ အကြော၊ အဆစ် ဆေးပညာဆိုတာ ဘာလဲ
အရိုး၊ အကြော၊ အဆစ်ဆေးပညာဆိုတာကို လူနာအတော်များများက နားမလည်ကြပါဘူး။ Rheumatology နဲ့ Rheumatologist ဆိုတဲ့ အရိုး၊ အကြော၊ အဆစ် ဆေးပညာဘာသာရပ်နဲ့ အရိုး၊ အကြော၊ အဆစ် ဆေးပညာ သမားတော်ဆိုတာကိုလည်း လူနာတွေမပြောနဲ့၊ ဆရာ၀န်အသိုင်းအ၀ိုင်းထဲမှာတောင် မရှင်းလင်းကြပါဘူး။ ပိုရှုပ်သွား တာက အရိုး၊ အကြော၊ အဆစ်ဆိုင်ရာပြဿနာတွေကို ကုသပေးနေတဲ့ အရိုးအထူးကုဆရာ၀န် (Orthopaedist) နဲ့ ပြန်လည်ထူထောင်ရေးနှင့် ရှုပဗေဒ ဆေးကုဆရာ၀န် (Rehabilitation & Physiotherapist) တွေကလည်း ရှိနေသေးတာကြောင့်ပါ။ တစ်ခါတစ်ရံ “အကြော” ဆိုတဲ့ စကားလုံးက ပါလာတော့ ဦးနှောက်အာရုံကြောနဲ့ မှားပြီး လေဖြတ်လူနာတွေ၊ အောက်ပိုင်းသေတဲ့သူတွေလည်း လာပြကြတာရှိပါတယ်။
သူတို့ကတော့ အမှားကောင်းလို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ တချို့ လေဖြတ်၊ အောက်ပိုင်းသေတွေက သွေးကြောရောင်ရောဂါ (Venonlitis)၊ အရေပြားလေးဖက်နာ (SLE) စတဲ့ အရိုး၊ အကြော၊ အဆစ်ရောဂါတွေရဲ့ နောက်ဆက်တွဲအဖြစ် ဖြစ်လာတာတ်ို့ တစ်ခါတလေ ဦးနှောက်အာရုံကြောဆရာက ကျွန်တော်တို့ဆီကို ပြန်လွှဲရတာတွေလည်းရှိပါတယ်။ လည်ပင်းကျီးပေါင်းတက်ရောဂါကြောင့် လက်တွေထုံတာ၊ ကြွက်သားရောင်ရောဂါတွေကြောင့် အထိုင်၊ အထ လေးသွားတာမျိုးတွေရှိရင် ကိုယ်ကကုပေးရတာမှန်ပေမဲ့ MS လို့ခေါ်တဲ့ အာရုံကြောတွေရောင်ပြီး ခဲသွားတဲ့ရောဂါတွေ၊ မိုတာနျူရုန်းလို့ခေါ်တဲ့ လှုပ်ရှားမှုအာရုံကြောစနစ် ပျက်စီးသွားတဲ့ရောဂါတွေဖြစ်နေရင်တော့ ကိုယ့်ဆီရောက်လာတဲ့လူနာကို ဦးနှောက်အာရုံကြောအထူးကုဆီ ပြန်ပို့ပေးရတာတွေလည်း ကြုံရဖူးပါတယ်။
အရိုး၊ အကြော၊ အဆစ်ပေးပညာဆိုတာကတော့ သွေးလေးဖက်နာ၊ အရေပြား လေးဖက်နာစတဲ့ လေးဖက်နာတွေ၊ ဂေါက်လို့ခေါ်တဲ့ ယူရစ်အက်စစ်များလို့ဖြစ်တဲ့ တစ်ဖက်နာရောဂါ၊ တာကာယာစုနဲ့ အခြားသွေးကြောရောင်ရောဂါတွေ၊ အရိုးပွရောဂါ၊ အရိုးကျီးပေါင်းရောဂါ၊ အကြောတက်ရောဂါ စတာတွေအပါအ၀င် အဆစ်တွေ၊ ကြွက်သားတွေ၊ သွေးကြောတွေစတဲ့ တွယ်ဆက်တစ်သျှူးတွေများတဲ့ အင်္ဂါရပ်တွေမှာ ဖြစ်တဲ့ရောဂါတွေကို လေ့လာတဲ့ပညာ၊ တစ်ဆက်တည်း ဒီရောဂါတွေကို အများစုဖြစ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ ခန္ဓာကိုယ်ခုခံဓာတ်စနစ် (Immune System) နဲ့ ခုခံမှုစံလွဲခြင်းများအကြောင်း (Autoimmune) လေ့လာတဲ့ပညာဖြစ်ပါတယ်။
ကမ်ဘာမှာ ဘယ်ကစပါသလဲ
‘Rheumatologist’ အရိုး၊ အကြော၊ အဆစ် အထူးကုဆရာ၀န်ဆိုတဲ့ အသုံးအနှုန်းကို 1940 ကျမှ ‘Hollander’ ဆိုတဲ့ ပုဂ္ဂိုလ်က စသုံးခဲ့တာဆိုတော့ 2015 မှ 75 နှစ်ပြည့်ရုံပဲရှိသေးတာမို့ အခြားဆေးပညာ အထူးပြုဘာသာရပ်တွေနဲ့စာရင် ပေါ်လာတာမကြာသေးဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဟင်ပိုကရေးတီး လက်ထက်တည်းကပဲ အဆစ်အမျက်နာရောဂါတွေကို သတိထားမိကြပါပြီ။ ‘Rheuma’ ရူမာဆိုတာ Flow - စီးဆင်းမှုလို့ အဓိပ္ပာယ်ရပါတယ်။ ငှက်ဖျားကို မကောင်းတဲ့လေရှူမိလို့ဖြစ်တဲ့ရောဂါထင်လို့ (Air-Mal) မကောင်းသောလေ၊ (Malaria) မလေးရီးယား၊ မကောင်းသောလေကြောင့်ဖြစ်သောရောဂါလို့ ယုံမှတ် ခေါ်ေဝါ်ခဲ့ကြသလိုပါပဲ။ အဆစ်တွေရောင်နေတယ်ဆိုတာ မကောင်းတဲ့အရည်တွေ စီး၀င်သွားလို့ ဖြစ်နေတယ် လို့ ထင်မှတ်ပြီး ‘Rheumatism’ မကောင်းသော အရည်များကြောင့်ဖြစ်သော လို့ခေါ်ခဲ့ကြပါ တယ်။ ခြေမတစ်ဆစ်တည်းပဲ ထထနာတတ်တဲ့ ဂေါက်ရောဂါကျတော့ အစက်လေးတစ်စက် ၀င်သွားလို့ဖြစ်တာလို့ ထင်ခဲ့ကြပြန်ရော။ ‘Gout’ ဆိုတာ လက်တင်ဘာသာမှာ အစက်လို့ အဓိပ္ပာယ် ရှိပါတယ်။ 1200 ခုလောက်မှာ ဘုန်းတော်ကြီးဘိုကင်းက ဂေါက်ဆိုတဲ့ အသုံးအနှုန်းကို စသုံးခဲ့တယ်လို့ မှတ်သားရပါ တယ်။ 1600 ခုမှာတော့ ဂူလင်ဘာလွန်ဆိုတဲ့ ပြင်သစ်ပညာရှင်က အဆစ်တစ်ခုတည်း နာတတ်တဲ့ဂေါက်နဲ့ အခြားလေးဖက်နာတွေ မတူကြောင်းစနစ်တကျဖော်ပြခဲ့လို့ အရိုး၊ အကြော၊ အဆစ်ဆေးပညာရဲ့ ဖခင်ကြီးလို့လည်း ခေါ်ကြပါတယ်။ တခြားထင်ရှားခဲ့တဲ့သူတွေကတော့ 1650 လောက်မှာ အဆစ်တွေတင်မက၊ နှလုံးကိုပါ ထိတတ်၊ တစ်ခါတလေ လက်တွေပါ ကနေသလို လှုပ်ရှားတတ်တဲ့ ပိုးလေးဖက်နာ (Rheumatic Fever)အကြောင်းပြန်ပြောခဲ့တဲ့ ဆီဒင်ဟန် (Sydenham)၊ 1950 မှာ ဒူးမှာနာတာချင်းတူတူ ဂေါက်နဲ့အရိုးကျီးပေါင်း (OA) နဲ့ သဘာ၀မတူဘူးဆိုတာကို ထောက်ပြခဲ့တဲ့ ဟာဘာဒင် (Herberden)၊ 1900 ပြည့်လောက်မှာ အရေပြားလေးဖက်နာ (SLE) ရဲ့ အဆစ်နာ ရောဂါတွေဟာ အရိုးအဆစ်တင်မက ခန္ဓာကိုယ်စနစ်အားလုံးကို ထိနိုင်တယ်ဆိုတဲ့ သဘာ၀အမှန်ကို ထိုးထွင်းသိမြင်လာတဲ့ ၀ီလီယံအော်စလာ (Willian Osler) တို့ဖြစ်ပါတယ်။ အရိုး၊ အကြော၊ အဆစ်ဆေးပညာရဲ့ တိုးတက်မှုမှတ် တိုင်တစ်ခုကတော့ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ 1948 ခုနှစ်ပါပဲ။ ဂေါက်ရောဂါ၊ လေးဖက်နာရောဂါတွေကို အတွေ့အကြုံကနေ မှန်းကုနေရာကနေ ပိုပြီးသိပ္ပံနည်းကျ ခွဲခြားကုသနိုင်စေမယ့် ဓာတ်ခွဲစမ်းသပ်မှုတွေအဖြစ် ယူရစ်အက် ဆစ်၊ LE cell ခေါ်တဲ့ အရေပြားလေးဖက်နာဓာတ်၊ Rheumatoid Factor ခေါ်တဲ့ သွေးလေးဖက်နာ ဓာတ်နဲ့ခုခံမှုစံလွဲလို့ဖြစ်တဲ့ရောဂါတွေမှာ စတီးရွိုက်ကိုသုံးရင် သက်သာစေတယ်ဆိုတာတွေကို တွေ့ရှိမှုပါပဲ။ ဟန့် (Hench) ဆိုတဲ့ ပညာရှင်ဟာ ကိုယ်၀န်ဆောင်တွေမှာ လေးဖက်နာခဏသက်သာသွားတာရယ်၊ ကိုယ်၀န်ဆောင်တွေမှာ ခန္ဓာကိုယ် သွေးတွင်းမှာစတီးရွိုက်တွေ တက်နေတာရယ်ကို ဆက်စပ်မိပြီး စတီးရွိုက်ကို စတင်သုံးစွဲခဲ့တာကြောင့် နိုဗယ်လ်ဆုပါ ရခဲ့ပါတယ်။
ကမ်ဘာတစ်လွှားက လေးစားလိုက်နာကြရတဲ့ အရိုးအဆစ်ရောဂါကုထုံး လမ်းညွှန်ချက်တွေကို စနစ်တကျစုစည်း ထုတ်ပြန်ပေးနေတဲ့ အေစီအာ (American College of Rheumatology) ကိုတော့ 1934 မှာ စတင်ထူထောင်ခဲ့ပါ တယ်။ တက္ကသိုလ်တွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားမှုပေးနိုင်ဖို့ 1950 မှာတော့ တွယ်ဆက်ပစ္စည်းရောဂါ များ (Connective Tissue Disease) ဌာနလို့ အမေရိကန်မှာ စထူထောင်ခဲ့ပြီး 1975 မှာတော့ အရိုး၊ အကြော၊ အဆစ် ဆေးပညာဌာန (Rheumatology Department) ကို စထူထောင်နိုင်ခဲ့ပါတယ်။ 1986 ခုနှစ်မှာတော့ နိုင်ငံလုံးဆိုင်ရာ အရိုး၊ အကြော၊ အဆစ် အထူးပြုတက္ကသိုလ်ဆိုပြီး သီးသန့်တက္ကသိုလ်တစ်ခုအနေနဲ့ ဖွင့်လှစ်ခဲ့တာကို ကြည့်ရင် အရိုး၊ အကြော၊ အဆစ်ရောဂါတွေ ဘယ်လောက်များပြီး ဘယ်လောက်ဦးစားပေးကြသလဲဆိုတာ ပေါ်လွင်ပါတယ်။
ကမ်ဘာပေါ်မှာ အရိုး၊ အကြော၊ အဆစ်ရောဂါတွေရဲ့ သက်ရောက်မှုက ဘယ်လောက်လဲ။
အင်္ဂလန်ရဲ့ ကိန်းဂဏန်းတွေကို လူဦးရေရဲ့ 15% လူ 7 သန်းလောက်က အရိုးအဆစ်ရောဂါတွေကြောင့် နာတာရှည်ရောဂါခံစားကြရတယ်။ အရိုးအဆစ်ရောဂါတွေနဲ့ လူ 9 သန်းလောက် ဆရာ၀န်တွေဆီမှာ မှန်မှန်ပြသနေရတယ်။ အရိုး၊ အကြော၊ အဆစ်ရောဂါတွေဟာ အင်္ဂလန်နိုင်ငံရဲ့ ကျန်းမာရေးကုန်ကျစရိတ်တွေထဲမှာ ဒုတိယအများဆုံး ကုန်ကျတဲ့ရောဂါဖြစ်တတ်လို့ မှတ်တမ်းတင်ထားပါတယ်။ အဆစ်ရောင်ရောဂါတွေကြောင့် နာတာရှည်ရောဂါတွေခံစားရပြီး အလုပ်က ခွင့်ယူတဲ့ရက်ပေါင်းကို မှတ်တမ်းတင်ထားတာ တစ်နှစ်မှာ ရက်ပေါင်း (206) သန်းရှိပါတယ်။ အလုပ်က ပျက်ကွက်ရတဲ့အကြောင်းရင်းတွေထဲမှာ အရိုး၊ အကြော၊ အဆစ်ရောဂါက ထိပ်ဆုံးက ရှိနေပါတယ်။ နှလုံးရောဂါေ၀ဒနာရှင်တွေက အများဆုံးဆိုပေမဲ့ တစ်ပတ်လောက်နားပြီး အလုပ်ပြန်တက်နိုင်ကြပါတယ်။ အရိုး၊ အကြော၊ အဆစ်ရောဂါတွေက ဖြစ်လိုက်ရင် ခွင့်ရက်ရှည်ယူရတာကြောင့် နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားကို ထိခိုက်စေတဲ့အကြောင်းတွေထဲမှာ အရိုး၊ အကြော၊ အဆစ်ရောဂါက ထိပ်ဆုံးမှာ ရှိနေပါတယ်။
ဒီမှာတော့ အရိုး၊ အကြော၊ အဆစ်ရောဂါရဲ့ ကုန်ထုတ်လုပ်ရေး၊ ကျန်းမာရေးကဏ္႑မှာ အရေးပါမှုကိုဒီလောက် သတိပြုအလေးထားတာ မရှိသေးပါဘူး။ ရန်ကုန်အထူးကုဆေးရုံမှာတောင် အရိုး၊ အကြော၊ အဆစ်ဌာနတစ်ခုအနေနဲ့ ထည့်သွင်းဖွင့်ထားပေမဲ့ တစ်ခုခုလူတောင်းရင်၊ ပစ္စည်းတောင်းရင် ဌာနသေးသေးလေးပဲဆိုတဲ့စကားနဲ့ ချန်ချန်ထားခဲ့တတ်ပါသေးတယ်။
အိမ်နီးချင်းထိုင်းနိုင်ငံမှာ ပြည်သူလူထုထဲ တစ်အိမ်တက်ဆင်း စစ်တမ်းကောက်ကြည့်တဲ့အခါ လူ 100 မှာ 36 ယောက် အရိုး၊ အကြော၊ အဆစ်ရောဂါ တစ်ခုမဟုတ်တစ်ခု ခံစားနေရတာတွေ့ခဲ့ရပါတယ်။ ခါးနာတဲ့သူက 22%၊ ဒူးနာတာက 12%၊ တင်ပါးနာတာ 6%၊ လည်ပင်းနာတာ 5% ဖြစ်တာကိုတွေ့ရတယ်။ ဂေါက်ရောဂါက 0.16%၊ သွေးလေးဖက်နာနဲ့ အဆစ်ရောင်ခါးနာက 0.12% မှာ တွေ့တယ်ဆိုပြီး မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။
မြန်မာဘယ်ကစ
အရိုး၊ အကြော၊ အဆစ်ရောဂါတွေကို စတင်ကုသပေးဖို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ တာ၀န်ကျစဉ်က ၀န်ကြီး ဌာနကို စာတင်ခွင့်တောင်းပြီး ၀န်ဆောင်မှု စတင်လာခဲ့တာ 1998 ခုနှစ်ကပါ။ အဲဒီတုန်းက ပထမ 6 လမှာ ကုသခဲ့ရမှုကို စာတမ်းတင်ခဲ့ရာမှာ အရိုး၊ အကြော၊ အဆစ်ေ၀ဒနာရှင် 162 ဦး ကုသခဲ့ပြီး သွေးလေးဖက်နာ 28 ဦး၊ အရေပြား လေးဖက်နာ 6 ဦး၊ အရေပြားထူလေးဖက်နာ 3 ဦးနဲ့၊ ကျီးပေါင်း 53 ဦး၊ ပိုးလေးဖက်နာ 27 ဦး၊ အကြောတက်ရောဂါ 14 ဦး စသဖြင့် မှတ်သားထားခဲ့ပါတယ်။ အရင်တုန်းက ဘွဲ့လွန်စာမေးပွဲတွေမှာ “အရေပြားလေးဖက်နာထည့်မေးမယ်ဆိုရင် ကျောင်းသားတွေအပေါ် မတရားဘူး၊ ဆရာတို့တစ်သက်မှာတောင် SLE က 3-4 ယောက်ပဲ တွေ့ခဲ့တာ” လို့ ပြောခဲ့တဲ့ ဆရာ့ဆရာကြီးတွေ စကားနဲ့ယှဉ်ရင် လူနေမှုစတိုင်လ် ပြောင်းလာတာ နဲ့အမျှ အနောက်နိုင်ငံတွေမှာ အဖြစ်များတယ်ဆိုတဲ့ ရောဂါတွေက မြန်မာပြည်မှာ လည်း ပိုမိုတွေ့လာရ၊ 6 လအတွင်း 6 ဦး တွေ့ရတာကို သတိထားမိရပါတယ်။
တကယ်ကျတော့ 2004 ခု ဇွန်လ 2 ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီးမှာ အရိုး၊ အကြော၊ အဆစ် ပြင်ပလူနာဌာန စဖွင့်တဲ့အခါကျတော့ လူနာတွေ ဒီထက်မက များနေတာကိုတွေ့ရပါတယ်။ တစ်ခါ 2009 ဒီဇင်ဘာမှာ အရိုး၊ အကြော၊ အဆစ်ယူနစ်ရယ်လို့ အဆောင် 1-2 မှာ တွဲဖက်ပြီး အတွင်းလူနာတွေလက်ခံတဲ့အခါ အရိုး၊ အကြော၊ အဆစ်ေ၀ဒနာသည်တွေ ပိုများတာကို တွေ့ရပြန်ပါရော။ 2011 မှာ အရေပြားလေးဖက်နာနဲ့ ဆေးရုံတက်မှု အကြိမ်ပေါင်းဟာ 4 ကြိမ်ရှိပြီး ဆေးကုသဆောင်တွေမှာ တစ်နှစ်လုံးတက်ခဲ့တဲ့လူနာတွေရဲ့ နံပါတ် 17 မှာရှိလာပြီး 2012 မှာတော့ 793 ကြိမ်ရှိကာ နံပါတ် 8 နေရာကို ရောက်လာပြီး Top Ten စာရင်း၀င်သွားတာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှတ်တမ်းတွေမှာ တွေ့နိုင်ပါတယ်။ ဒီဇင်ဘာ 26၊ 2013 မှာတော့ ရန်ကုန်အထူးကုဆေးရုံကြီးမှာ အရိုး၊ အကြော၊ အဆစ်ဌာနရယ်လို့ သီးသန့်ဖွင့်လှစ် သမိုင်းတင်နိုင်ခဲ့ပါတယ်။ 2014 မှာတော့ အရေပြားလေးဖက်နာ 125၊ တာကာဟာစုသွေးကြောကြီးရောင်ရောဂါ 46၊ ကြွက်သားရောင်လေးဖက်နာ 28 စုစုပေါင်း 1674 ဦးလို့ မှတ်တမ်းရှိပါတယ်။ တနင်္လာနေ့၊ ဗုဒ္ဓဟူး 2 ရက်မှာ ပြင်ပလူနာများကို ကြည့်ရှုကုသပေးနေပြီး တစ်ရက်ကို လူနာ 80 ကနေ 150 အထိ လာရောက်ကုသမှုခံယူကြတာတွေ့နေရပါတယ်။ မြန်မာပြည်မှာရော သင်ကြားလို့ရပြီလား။
မြန်မာနိုင်ငံမှာ အရိုး၊ အကြော၊ အဆစ်ဆေးပညာပါရဂူသင်တန်းကို 2010 ခုနှစ်မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သုံးနှစ်သင်တန်းဖြစ်တာရယ်၊ တစ်နှစ်မှ တစ်ယောက်နှစ်ယောက်ပဲ လက်ခံနိုင်တာရယ်နဲ့ မြန်မာပြည် လူဦးရေ သန်း (50) ကျော်ကို ၀န်ဆောင်မှုပေးနိုင်ဖို့ က တော်တော်လေး လျှောက်ရဦးမယ့်လမ်းပါ။ သြစတြေးလျ၊ မလေးရှား၊ စင်ကာပူ၊ အင်္ဂလန်နိုင်ငံတွေကိုလည်း ပညာတော်သင်တွေစေလွှတ်ပြီး သင်ယူနေကြဆဲဖြစ်ပါတယ်။
အရိုးဆရာ၀န်တွေ၊ ပြန်လည်ထူထောင်ရေးနှင့် ရူပဗေဒဆေးကုဆရာ၀န်တွေ၊ စိတ်ပါ၀င်စားသူ သမားတော်တွေပါ ပူးပေါင်းပါ၀င်ဆောင်ရွက်နိုင်အောင် မြန်မာနိုင်ငံ အရိုး၊ အကြော၊ အဆစ်ဆေးပညာအဖွဲ့ကို လည်း မြန်မာနိုင်ငံ ဆရာ၀န်အသင်းရဲ့ အောက်မှာ 2014 ကစပြီး ဖွဲ့စည်းလှုပ်ရှားနိုင်ခဲ့ပါတယ်။ နယ်လှည့်ဆေးကုတာ၊ တခြားတိုင်းနဲ့ ပြည်နယ်က ဆရာ၀န်တွေကို စဉ်ဆက်မပြတ် သင်ကြားရေးအစီအစဉ် အနေနဲ့ အရိုး၊ အကြော၊ အဆစ်ရောဂါများအကြောင်း လှည့်လည်ဟောပြောပို့ချတာတွေ လုပ်ခဲ့ပါတယ်။ အရေပြားလေးဖက်နာလူနာများနေ့ကို စီစဉ်ကျင်းပပြီး ရုပ်သံလွှင့်ခဲ့တာလည်း 2 နှစ်ဆက်တိုက်ရှိခဲ့ပါပြီ။ အရိုး၊ အကြော၊ အဆစ်ရောဂါများအကြောင်း ပိုမိုသိရှိလို၊ စုံစမ်းမေးမြန်းလိုပါက ၀က်ဆိုဒ် www.myanmar-rheumatology.com မှာ ၀င်ရောက်လေ့လာမေးမြန်းနိုင်ကြပါတယ်။
Credit; ပါမောက္ခဦးချစ်စိုး (အရိုး၊ အကြော၊ အဆစ် အထူးကုဆရာ၀န်ကြီး)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No- 248, Septembe 2015





























