အရေပြားဆရာ၀န်နှင့် မွေးကျွတ်နာအကြောင်း အမေးအဖြေ
မွေးကျွတ်နာဆိုတာကို ရှင်းပြပေးပါ။
မွေးကျွတ်နာ (Folliculitis) ဆိုတာ အရေပြားမှာ ရောဂါပိုး၀င်တာတစ်ခုပါ။ အဖြစ်များပါတယ်။ မွေးညင်းပေါက်၊ အမွေးနဲ့ ပတ်၀န်းကျင်က အရေပြားမှာ ဗက်တီးရီးယားပိုး၀င်လို့ ရောင်ရမ်းနာကျင်နေတာဖြစ်ပါတယ်။
အနီစက်ကလေးပုံစံနဲ့ စဖြစ်တယ်။ နောက်တော့ ပြည်စုလာပြီး ပြည်တည်နာ ဖြစ်လာပါတယ်။ ကိုယ်ခန္ဓာ သန့်ရှင်းရေးဂရုစိုက်ထိန်းသိမ်းပေးရင် ပြန်ပျောက်သွားလေ့ရှိပါတယ်။ အဲဒီလိုမပျောက်ဘဲ တခြားနေရာတွေမှာပါ မွေးကျွတ်နာတွေပေါက်လာပြီဆိုရင်တော့ ဆရာ၀န်နဲ့ ပြဖို့လိုအပ်လာပါပြီ။
တွေ့မြင်ရတဲ့ လက္ခဏာတွေကို ပြောပြပါဦး။
မွေးကျွတ်နာဟာ အရွယ်အစားအနေနဲ့ ပုံမှန်အားဖြင့် ပဲစေ့လောက်ရှိတယ်။ ပိုဆိုးလာရင် ဆီးသီးလုံးလောက် အထိတောင်ကြီးနိုင်တယ်။ အတွေ့များတာက နီရဲမယ်၊ ရောင်ရမ်းမယ်၊ နာကျင်မှုရှိမယ်။ ထိပ် ဒါမှမဟုတ် အလယ်မှာ အဖြူ၊ ဝါကြန့်ကြန့်အရောင် ပြည်တည်နေမယ်။ သားနံရည်ကြည်ထွက်တာ၊ အဖတ်တွေ ကပ်နေတာတွေ ရှိနေတတ်ပါတယ်။ လူလည်း နေလို့မကောင်းတာဖြစ်တတ်ပါတယ်။ ဖျားတာ၊ မောပန်းနွမ်းနယ်တာမျိုးတွေပါဆိုရင် ဆရာ၀န်နဲ့ မြန်မြန်ပြသပါ။
မွေးကျွတ်နာက ကိုယ်ခန္ဓာဘယ်နေရာတွေမှာ ဖြစ်တတ်သလဲ။
ကိုယ်ခန္ဓာ ဘယ်နေရာမှာမဆို မွေးကျွတ်နာဖြစ်နိုင်တယ်။ အများဆုံးက မျက်နှာ၊ လည်ပင်း၊ ချိုင်း (ဂျိုင်း)၊ ပခုံး၊ နောက်ကျောနဲ့ တင်ပါးလိုနေရာတွေမှာ ဖြစ်လေ့ရှိတာပါ။ ချေွးထွက်ပြီး အမွေးထူတဲ့ နေရာတွေ၊ ပွတ်တိုက်မှုများတဲ့ နေရာတွေမှာ အဓိကဖြစ်တာပါ။ နားရွက်နဲ့ နှာခေါင်းတစ်၀ိုက်မှာလည်း ဖြစ်တတ်ပါသေး တယ်။ မွေးကျွတ်နာမှာ ပြည်တည်လာရင် နာကျင်မှု ပိုဆိုးလာပါတယ်။ ပြည်ထွက်သွားမှ နာတာလျော့သွားတယ်။
ဘာကြောင့် မွေးကျွတ်နာဖြစ်တာလဲဆိုတာရော ပြောပြပါဦး။
ဗက်တီးရီးယားပိုး၀င်လို့ပါ။ စတက်ဖလိုကော့ကပ်စ်အောရီးယပ်စ်လို့ခေါ်တဲ့ ဗက်တီးရီးယားပါ။ လူ့အရေပြားမှာ ဒီဗက်တီးရီးယားက ပုံမှန်အမြဲရှိနေတတ်တယ်။ အထူးသဖြင့် နှာခေါင်းအတွင်းဘက်နေရာတွေမှာပါ။ အရေပြားပွန်းပဲ့တာ၊ ထိရှတာ၊ ပေါက်ပြဲတာတွေ ဖြစ်တဲ့အခါ အနာထဲကို ပိုး၀င်ပြီး အမွေးပေါက်တဲ့နေရာမှာ မွေးကျွတ်နာစဖြစ်တာပါ။ ၀က်ခြံနဲ့တွဲဖြစ်တဲ့ မွေးကျွတ်နာလည်းရှိတယ်။ သူက၀က်ခြံကြောင့် အမြှေးအိတ်၊ အဆီအိတ်တွေ ပိတ်တဲ့အခါမှာ ထပ်ဆင့်ဖြစ်တာပါ။
ဆိုးရွားတဲ့ ဗက်တီးရီးယားပိုးအမျိုးအစား ရှိတယ်ဆို။
ပြောပြခဲ့တဲ့ စတက်ဖလိုကော့ကပ်စ်ဗက်တီးရီးယားထဲမှာ MRSA (Methicillin – Resistant Staphalococus aureus) ဆိုတဲ့ မျိုးကွဲက အဆိုးဆုံးပဲ။ MRSA မွေးကျွတ်နာက ရိုးရိုးမွေးကျွတ်နာအတိုင်းပဲ မြင်တွေ့ရပေမဲ့ ပိုပြီးဆိုးရွားတယ်။ ပဋိဇီ၀ဆေးတွေကို ယဉ်ပါးပြီး ဆေးမတိုးဘူး။ ဆေးကုနေရင်းနဲ့မှ နှစ်ရက်၊ သုံးရက်နေလို့မှ မသက်သာရင် ပိုဆိုးလာရင် MRSA ကို ထည့်စဉ်းစားရတယ်။ ပိုပြီး ဂရုစိုက်ကုသရတယ်။
မွေးကျွတ်နာဟာ တစ်ဦးက နောက်တစ်ဦးကို ကူးစက်တတ်ပါသလား။
အမြဲကူးစက်ရမယ်တော့ မဟုတ်ဘူး။
ဒါပေမဲ့ အသားချင်း တိုက်ရိုက်ထိတွေ့မှု၊ အသုံးအဆောင်တွေကနေ တစ်ဆင့်ခံထိတွေ့မှုတွေကနေ ကူးစက်နိုင်ခြေရှိတယ်။ အရေပြားပေါက်ပြဲပွန်းပဲ့တာမရှိရင် ဒီပိုးက ဘာမှဒုက္ခမပေးဘူး။ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်း၊ အ၀တ်အစားစတာတွေကို ေ၀မျှမသုံးပါနဲ့။ မွေးကျွတ်နာကို ဖုံးအုပ်ထားပါ။ မကိုင်ပါနဲ့၊ လက် မကြာခဏဆေးပါ။ ဒါတွေက ကူးစက်တာကို ကာကွယ်ပေးပါတယ်။
မွေးကျွတ်နာအစပိုင်းပုံစံက ဘယ်လိုမျိုးလဲ။
အမွေးပတ်လည်မှာ အနီရောင်၊ အဖြူရောင်အဖုသေးသေးလေးတွေ ပေါ်လာတယ်၊ ယားတယ်၊ အနေရခက်တယ်၊ အရမ်းမနာသေးဘူး။ ဒါက အစပိုင်းပါ။ နောက်တော့ အမွေးတစ်ပင်တည်းမကဘဲ အမွေးသုံးလေးပင်အပါအ၀င် မွေးကျွတ်နာအစုလိုက်ဖြစ်ပြီး တဖြည်းဖြည်းကြီးလာတာပါ။ အမွေးရိတ်ဓားနဲ့ ပွတ်တာ၊ အ၀တ်အစားကျပ်ကျပ်၀တ်မိလို့ ပွတ်တိုက်တာတွေကြောင့်ရောဂါပိုး ထပ်မံပျံ့နှံ့သွားတတ်ပါတယ်။
အနာပဆုပ်ဆိိုတာကရော မွေးကျွတ်နာနဲ့ ဆိုင်သလား။
မွေးကျွတ်နာတွေ အစုလိုက်ဖြစ်လာပြီး အနာအကြီးကြီးဖြစ်လာတာကို အနာပဆုပ် (Carbuncle) လို့ခေါ် ကြရတယ်။ နောက်ကျောနဲ့ လည်ပင်းမှာ အများဆုံးဖြစ်တတ်တယ်။ ယောကျ်ားတွေမှာ ပိုအဖြစ်များတယ်။ အနာပဆုပ် အရွယ်ကြီးမားရုံတင်မကဘူး၊ အတွင်းကိုလည်းနက်တယ်။ ဒါကြောင့် အနာကျက်ဖို့ ပိုကြာတယ်။
၀က်ခြံပြည်တည်နာနဲ့ မွေးကျွတ်နာဆက်စပ်ပုံကိုလည်း ပြောပြပေးပါ။
၀က်ခြံမှာ ပြည်တည်နာဖြစ်တာဟာလည်း မွေးကျွတ်နာပုံစံပါ။ အရေပြားဆဲလ်အဟောင်းတွေ၊ အဆီတွေက မွေးညင်းပေါက်ကို ကျပ်ခဲပိတ်ဆို့စေပြီး ပြည်တည်နာဖြစ်စေတာပါ။ ပုံမှန်၀က်ခြံထက်ပိုနက်တယ်။ ဒါကြောင့်ပိုမာပြီး နာကျင်ပါတယ်။ မျက်နှာနဲ့ ပုခုံးမှာဖြစ်လေ့ရှိတယ်။ ဆယ်ကျော်သက်တွေမှာ အဖြစ်များတယ်။
ချိုင်း (ဂျိုင်း) နဲ့ ပေါင်ခြံတွေမှာ မွေးကျွတ်နာဖြစ်ရင် ပုံမှန်တွေ့နေကျ မွေးကျွတ်နာပုံစံပဲလား။
ဒီလိုနေရာတွေမှာ အဖုတွေ၊ ပြည်တည်နာတွေ မကြာခဏဖြစ်ရင်၊ အချိန်ကြာရင်၊ ပြန်ပြန်ဖြစ်ရင် ရိုးရိုးမွေးကျွတ်နာထက် ပိုဆိုးရွားတဲ့ Hidradenitis Suppurativa ဆိုတဲ့ရောဂါကို စဉ်းစားရတယ်။ ဒီနေရာမှာ ချေွးအိတ်တွေ များပြီးချေွးဂလင်းနဲ့ အမွေးအိတ်ပိုး၀င်တာက စတာပါ။ ဖြစ်တာ ကြာတတ်လို့ ဂရုစိုက်ကုသရမှာပါ။
မြီးညောင်းရိုးက မွေးကျွတ်နာကရော ဘယ်လိုမျိုးလဲ။
တင်ပါးအပေါ်မြီးညောင်းရိုးနေရာမှာ မွေးကျွတ်နာဖြစ်ရင် Pilonitals abscess လို့ခေါ်တယ်။ အထိုင်များတယ်၊ ဖိအားများတာ၊ ပွတ်တိုက်မှုနဲ့ တုံ့ပြန်မှုများတာတွေ ပေါင်းပြီး မွေးကျွတ်နာဖြစ်တာပါ။ ကလေးငယ်တချို့မှာ မွေးကတည်းက အဲဒီနေရာမှာ အချိုင့်လေးရှိနေတတ်တယ်။ အဲဒီနေရာကို အထူးဂရုစိုက်သန့်ရှင်းပေးသင့်တယ်။
မျက်တောင်မှာ မွေးကျွတ်နာဖြစ်ရင် မျက်စိစွံတယ်လို့ ခေါ်ကြတာကို ပြောပြပါဦး။
မှန်ပါတယ်။
မျက်စိစွံတယ်လို့ ပြောကြတဲ့ မျက်တောင်မွေးကျွတ်နာ (Style) ဟာလည်း ဗက်တီးရီးယားပိုး၀င်လို့ပါပဲ။ မျက်တောင်နေရာမှာ အစေ့ကလေးစဖြစ်လာပြီး အနီရောင်အဖုအဖြစ် တဖြည်းဖြည်းကြီးလာတယ်။ နေရခက်တယ်။ မျက်ခံမှာဖြစ်တဲ့ Chlazion လို့ခေါ်တဲ့ အကျိတ်နဲ့ မှားတတ်တယ်။ သူက နာကျင်မှုမရှိဘူး။ မျက်တောင်မွေးကျွတ်နာက နာတယ်။
ဘယ်သူတွေ မွေးကျွတ်နာ အဖြစ်များသလဲ။
ဘယ်သူမဆို မွေးကျွတ်နာဖြစ်နိုင်တယ်။ ဒါပေမဲ့ ပိုအဖြစ်များတဲ့သူတွေရှိတယ်။ မွေးကျွတ်နာဖြစ်သူနဲ့ အတူ နေသူတွေ၊ ၀က်ခြံ၊ ယားနာစတဲ့ အရေပြားပွန်းပဲ့နာရှိသူတွေ၊ ဆီးချိုေ၀ဒနာရှင်တွေ၊ ကိုယ်ခံအားနည်းသူတွေဟာ သာမန်လူတွေထက် မွေးကျွတ်နာ ပိုဖြစ်နိုင်ကြတဲ့သူတွေပါ။
မွေးကျွတ်နာကို မိမိဘာသာ ဘယ်လိုပြုစုကုသရမလဲဆိုတာ ရှင်းပြပါ။
မွေးကျွတ်နာအများစုကို ကိုယ့်ဘာသာ ပြုစုကုသနိုင်တယ်။ အနာကိုရေနွေး၀တ် တစ်နေ့သုံးလေးကြိမ် အုပ်ပေးပါ။ ပျော့လာပြီး ပြည်နဲ့အရည် ပိုထွက်ဖို့ ပိုလွယ်တယ်။ ပေါက်သွားပြီဆိုရင်လည်း ရေနွေးအ၀တ်နဲ့ အသာအယာ ဖိကပ်ပြီး အရည်ကုန်အောင် ဖိအုပ်ပေးပါ။ တစ်ကြိမ်ကို အ၀တ်တစ်ထည်သုံးပါ။ သုံးပြီးသား ပြန်မသုံးရပါ။ လျှော်ဖွပ်ခြောက်သွေ့ပြီးမှ ပြန်သုံးနိုင်ပါတယ်။ ပတ်တီးစည်းပြီး လက်စင်အောင်ဆေးပါ။ ညှစ်ချင်၊ ကုတ်ဖဲ့ချင်စိတ်ကို အောင့်အည်းထားပါ။ အနာပိုဆိုးပြီး ပိုးမွှားပိုမိုပျံ့နှံ့လွယ်လို့ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ဆရာ၀န်နဲ့ ပြသရမလဲ။
တစ်ပတ်ကြာလို့မှ အနာမကျက်ရင် ဆရာ၀န်နဲ့ပြပါ။ ဒါမှမဟုတ် မွေးကျွတ်နာဟာ အောက်ပါ အခြေအနေတွေမှာဖြစ်ရင် ဆရာ၀န်နဲ့ ချက်ချင်းပြသကုသပါ။
- မျက်နှာနဲ့ ကျောရိုးနေရာက မွေးကျွတ်နာတွေ၊
- ဖျားနာခြင်း၊ အနာနေရာမှာ အနီအစင်းပေါ်လာခြင်း၊
- အရမ်းကြီးတဲ့အနာ၊ အရမ်းနာကျင်တဲ့ မွေးကျွတ်နာ၊
- ပြန်ဖြစ်တဲ့ မွေးကျွတ်နာ၊
မွေးကျွတ်နာကုသပုံအကြောင်းလည်း ရှင်းပြပေးပါ။
မွေးကျွတ်နာရဲ့ အရည်နဲ့ ပြည်ဟာ သူ့ဟာသူမပေါက်ထွက်ဘူးဆိုရင် ဆရာ၀န်က ခွဲစိတ်ဓားနဲ့ဖောက်ထုတ်ပေးရတယ်။ အနာအခေါင်းထဲကို သန့်ရှင်းတဲ့ ပတ်တီးစထည့်ပြီး အရည်ကုန်အောင် ထွက်စေရတယ်။ ပိုးသတ်ဆေးများလည်း လိုအပ်တယ်။
နောက်ဆက်တွဲပြဿနာတွေ ဖြစ်တတ်သေးလား။
မွေးကျွတ်နာအများစုက ကုသမှုနဲ့ လုံး၀ပျောက်ကင်းလေ့ရှိတယ်။ မျက်နှာက မွေးကျွတ်နာဆိုရင် ပိုးသတ်ဆေး သောက်ဖို့လိုတယ်။ မျက်နှာက ဦးနှောက်နဲ့နီးကပ်ပြီး ရောဂါပိုးလွယ်လွယ်နဲ့ မြန်မြန် ကူးစက်နိုင်ခြေရှိလို့ပါ။ ရှားရှားပါးပါး အခြေအနေမှာ ဗက်တီးရီးယားပိုးက သွေးထဲရောက်ပြီး သွေးဆိပ်တက်တာ၊ တခြားအင်္ဂါတွေကို ကူးစက်တာလည်း ဖြစ်နိုင်ခြေရှိတယ်။
မွေးကျွတ်နာပျောက်ပြီးမှ ပြန်ဖြစ်ရင် ဘယ်လိုလုပ်သင့်ပါသလဲ။
လူတချို့မှာ မွေးကျွတ်နာမကြာခဏပြန်ဖြစ်လေ့ရှိတယ်။ ကုသမှုအပြင် ကိုယ်ခန္ဓာအရေပြားမှာ ခိုအောင်းနေတဲ့ ဗက်တီးရီးယားပိုးတွေကို သန့်စင်အောင်လုပ်ပေးရတယ်။ ပိုးသတ်ဆေးပါတဲ့ဆပ်ပြာ စွဲသုံးရတယ်။ နှာခေါင်းအတွင်းဘက်ကို ပိုးသတ်ဆေးအမြဲလိမ်းပေးပါတယ်။ ပိုးသတ်ဆေး တစ်လ၊ နှစ်လကြာအောင် ဆက်တိုက်သောက်ရတယ်။
မွေးကျွတ်နာမဖြစ်အောင် ဘယ်လိုကာကွယ်ပေးလို့ရမလဲ။
ဗက်တီးရီးယားပိုးဆိုတာ နေရာတကာမှာရှိတယ်။ သင့်အရေပြားပေါ်မှာလည်းရှိတယ်။ ကာကွယ်မှုအတွက် ဒါတွေကို ဂရုစိုက်လုပ်ဆောင်ပါ။
- လက်ကိုအမြဲ ဆပ်ပြာနဲ့ မှန်မှန်ဆေးကြောပါ။
- ထိရှနာ၊ ပွန်းပဲ့နာ၊ ကုတ်ခြစ်နာတွေကို ဂရုစိုက်ပြီး သန့်ရှင်းပေးပါ။
- အနာတွေကို ပတ်တီးစနဲ့ ဖုံးအုပ်ထားပါ။
- မုတ်ဆိတ်ရိတ်ဓား၊ အ၀တ်အထည်၊ ပဝါစတာတွေကို ေ၀မျှမသုံးပါနဲ့။
- အနာနဲ့ထိတွေ့တဲ့ အ၀တ်အစားနဲ့ အသုံးအဆောင်တွေကို ရေနွေးနဲ့ပြုတ်လျှော်ပါ။ အနာသန့်ရှင်းထားတဲ့ ဂွမ်း စတာတွေကို လုံခြုံအောင် စွန့်ပစ်ပေးပါ။
ဒါတွေကို ဆောင်ရွက်ပေးမယ်ဆိုရင် မွေးကျွတ်နာမဖြစ်အောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
Credit; ဒေါက်တာစိုး၀င်းဦး (အရေပြားအထူးကု)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 241, February 2015






























