အသက်ကလေးရဲ့ ရှည်စေလို ဒါတွေလိုက်နာဖို့လို
မြန်မာတွေရဲ့ မိရိုးဖလာဇာတာမှာ “အသက် 120 ရှည်စေသော်” ဆိုတဲ့ ဆုမွန်ကောင်းနဲ့ အဆုံးသတ်လေ့ရှိ ပါတယ်။ လူသားတွေရဲ့ Gene မျိုးဗီဇမှာလည်း ပြင်ပပယောဂသာ အဖိစီးမခံရရင်၊ အသက်ရာကျော်ရှည်နိုင်တဲ့ အခွင့်အလမ်းရှိတယ်ဆိုပါတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရနဲ့ ပြင်ပ ဖိစီးမှုတွေကို နေ့စဉ်ခံစားနေရတဲ့လူတွေအတွက် ကျန်းမာရေးဟာ ရေလှိုင်းတရစ်ပရိုက်ပုတ်ခံရတဲ့ ကမ်းပါးလို တအိအိပြိုပျက်ကာ၊ တချို့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံး၊ တချို့လည်း သက်တမ်းစေံ 70/80 လောက်အထိနေရစဖြင့် အမျိုးမျိုးဖြစ်နေနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေ လေ့လာမှုအရ လူတစ်ယောက် ဘယ်လောက်အထိ အသက်ရှည်ရှည် နေရမယ်ဆိုတာ လွှမ်းမိုးတဲ့ အချက်တွေရှိတယ်ဆိုတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တစ်နည်းပြောရရင် ဒီအချက်တွေ လိုက်နာရင် သက်တမ်းစေ့ အသက်ရှည်ရှည်နေထိုင်ရမယ်။ အသက်တော့ရှည်ပါရဲ့ ကျန်းမာရေး ဒေါင်ဒေါင်မမြည်ရင်လည်း စိတ်ထောင်းကိုယ်ကျေနဲ့ အသက်ရှည်ရကျိုးမနပ်ပါဘူး။ အဲဒီတော့ အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းတွေကို လေ့လာကြည့်ကြပါစို့လား။
သုတေသီတွေက အသက်တိုစေတဲ့ နေထိုင်မှုပုံစံတွေ၊ ကျန်းမာရေးနဲ့မညီတဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေက သင်အသက်ရှည်မယ်၊ တိုမယ်လို့ ဆုံးဖြတ်ပေးနိုင်တယ်ဆိုတာ၊ ပိုမိုအသားပေးပြောလာကြတယ်။
နေ့စဉ်ကျင့်သုံးတဲ့ လူနေမှုစတိုင်လ်တွေက ကာကွယ်လို့ရတဲ့ နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေကို အဆုံးအဖြတ်ပေးနိုင်တာတွေ့ရတယ်။ သြစတြေးလျသုတေသီတွေ အဆိုအရ နေ့စဉ်အကြာကြီးထိုင်နေရင် အသက်တိုဖို့၊ ရောဂါထူပြောစေတဲ့ အချက်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားလာကြတယ်။
အိပ်ရေးမ၀တာ အအိပ်နောက်ကျတာ၊ အိပ်ယာထနောက်ကျတာ၊ အိပ်ချိန်များလွန်းတာ စတာတွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်စေတဲ့ အချက်တွေဖြစ်ကြတယ်။ အားလုံးခြုံကြည့်ပြီး ကျန်းမာရေးကို ထိခိုက်စေတဲ့ အသက်တိုစေတဲ့ အပြုအမူ 6 ခုကို ရည်ညွှန်းချက်အဖြစ်သုံးပြီး လူတွေရဲ့ ကျန်းမာရေးကို ဆန်းစစ်နိုင်တယ်လို့ ဖော်ပြလာကြတယ်။ တစ်နေ့ကို 9 နာရီထက် ပိုအိပ်တာက မကောင်းသလို နေ့စဉ် 7 နာရီထက်ပိုပြီး ထိုင်နေတာ၊ မတ်တတ်ရပ်နေတာကလည်း ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။
သြစတြေးလျ သုတေသီတွေဟာ သြစတြေးလျလူမျိုး အသက် 45 နှစ်နဲ့ အထက်လူပေါင်း 231048 ကို 6 နှစ်ကြာ လေ့လာပြီး တွေ့ရှိချက်တွေကို PLOS ဆေးပညာဂျာနယ်မှာ အကျယ်တဝံ့ ရေးသားဖော်ပြခဲ့တယ်။ အဲဒီမှာ အဆိုပါလူတွေရဲ့ အလေ့အထတွေဖြစ်တဲ့ ဆေးလိပ်သောက်၊ မသောက်၊ အရက်သောက်၊ မသောက်၊ အစားအသောက် အမူအကျင့်၊ ကိုယ်လက်လှုပ်ရှားမှု ရှိ/မရှိ၊ တစ်နေရာတည်း မလှုပ်မရှား ကျောက်ချထားသလို အကြာကြီးထိုင်နေ၊ မနေနဲ့ အအိပ်အနေ နည်း/မနည်း၊ အအိပ်များ/မများ စတဲ့ အလေ့အထ 6 မျိုးအပေါ်မှာ အမှတ်ပေးပြီး ကောက်ချက်ချ သုတေသနလုပ်ခဲ့ကြတာဖြစ်ပါတယ်။
စားမေးပွဲတွေမှာ စုစုပေါင်းအမှတ်များများရတဲ့သူက အမှတ်ကောင်းကောင်းနဲ့ စာမေးပွဲအောင်မြင်နိုင်ပေမယ့် အခု သုတေသနမှာတော့ Score အမှတ်များများ ရရှိလေ ရောဂါဘယထူထပ်ပြီး အသက်တိုဖို့ လမ်းများလေဖြစ်တယ်။ နေရာတကာ အမှတ်များများရချင်သူတွေအနေနဲ့ သတိထားစရာဖြစ်ပါတယ်။ သုတေသီတွေက ရလဒ်ကို ဘာနဲ့တိုင်း တာသလဲဆိုတော့ သတ်မှတ်ထားတဲ့ သုတေသနကာလမတိုင်မီ အထက်ပါ လူအုပ်စုထဲက တစ်နှစ်ကို လူဘယ်နှစ် ယောက်သေသလဲ Person years lost နဲ့ တိုင်းကြတယ်။ သူတို့ရဲ့ တွေ့ရှိချက်ပေါ်မူတည်ပြီး အန္တရာယ်ရှိတဲ့ အပြုအမူ ကင်းစင်တဲ့ ယောကျ်ားမိန်းမတွေသာ ဖြစ်ကြမယ်ဆိုင်ရင် (ကျန်းမာရေးထိခိုက်စေတဲ့ အဆိုပါဒုက္ခပေးတဲ့ 6 ချက်ကိုသာ ရှောင်ကြဉ်ကြမယ်ဆိုရင်) တစ်နှစ်ကို သေတဲ့လူ Person years lost အရေအတွက်ရဲ့ သုံးပုံတစ်ပုံလောက် လျော့နည်းစေနိုင်တယ်လို့ သူတို့တွက်ပြကြတယ်။ ကျန်းမာရေးကိုဂရုစိုက်မယ်။ လူကိုထိခိုက်စေမယ့် အပြုအမူအနေ အထိုင်တွေ ရှောင်မယ်ဆု်ိရင် သက်တမ်းစေံနေထိုင် အသက်ရှည်စေမယ်လို့ ဆိုလိုပါတယ်။
ထူးဆန်းတာတစ်ခုက အိပ်ချိန်နည်းတာကလည်း ကျန်းမာရေးအတွက် မကောင်းလှပေမယ့် အကြာကြီး မထတန်း အိပ်တဲ့သူတွေလောက်သေဆုံးနှုန်းမများလှတာ အံ့သြစရာတွေ့ရတယ်။ အဲဒီတော့ အိပ်ချိန်နောက်ကျ အိပ်ချိန်သိပ်မများသူတွေအတွက် ကြံဖန်စိတ်သက်သာစရာကောင်းပါတယ်။ အကောင်းဆုံးကတော့ နေ့စဉ် အိပ်စက်အနားယူချိန်ဟာ 7၊ 8 နာရီရှိပါမှ ကျန်းမာရေးနဲ့ ညီညွတ်တာပါ။ သုတေသီတွေထောက်ပြကြတာက အိပ်ချိန်များလွန်းတာက အဲဒီလိုဖြစ်စေတဲ့ ရောဂါအခံရှိတာရယ်၊ မောပန်းနွမ်းနယ်တာနဲ့ စိတ်ဓာတ်ကျတာတွေကြောင့် မထတန်း အိပ်စက်နေကြတာလို့ ဆိုပါတယ်။ အအိပ်များတဲ့အခါ သွေးလည်ပတ်မှု မကောင်းတော့ဘဲ အ၀လွန်ရောဂါ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ ဖြစ်ပေါ်ခံစားရစေပါတယ်။
အထိုင်များတာ၊ မတ်တတ်တအရပ်များတာတွေက သေစေတဲ့ အကြောင်းအရာတွေအပေါ် သူ့ချည်းဆိုရင် ရာခိုင်နှုန်းအနည်းငယ်ပဲ သက်ရောက်ပါတယ်။ ဒါပေမယ့် အထိုင်များ၊ မတ်တတ်အကြာကြီးရပ်တာတွေနဲ့ ကိုယ်လက် လှုပ်ရှားအားကစားမရှိခြင်းတွေပါ ပေါင်းလိုက်ရင်တော့ ဘိုးဘိုးအောင်တန်ခိုး 2 ဆတိုးဆိုတာလို သေဆုံးနှုန်းကို သိသိသာသာမြင့်တက်လာစေတယ်လို့ဆိုပါတယ်။ အကြာကြီး ထိုင်တတ်သူတွေကလည်း ကိုယ်လက်လှုပ်ရှားမှု နှေးကွေးလေးလံသူ၊ အားကစားစိတ်မ၀င်စားသူတွေဖြစ်ကြတာကို ဖော်ပြနေပါတယ်။ အထိုင်များတော့ ကိုယ်အလေးချိန်တိုးတာ၊ ၀လာတော့ အထိုင်အထပိုနှေး၊ အသွားအလာ လမ်းလျှောက်တာတောင် သိပ်မလုပ်ဖြစ်၊ အားကစားလုပ်မယ် ဆိုပြန်တော့ အမောကမခံနိုင်၊ သက်လုံကမကောင်း၊ အဲဒီတော့ ၀ိတ်တက်ပြီးရင်တက်လာရာက သွေးတိုး၊ ဆီးချိုနဲ့ အ၀လွန်ကဲရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတွေ အလွယ်တကူ၀င်ရောက်ကာ အရွယ်မတိုင်ခင်သေဆုံးကြရတော့တယ်။
ဆစ်ဒနီတက္ကသိုလ်မှ ဝါရင့်သုတေသီ ဒင်ဒင် (စာတမ်းရေးသူ Ding Ding) ရဲ့ အဆိုအရ သူ့အတွက်တော့ အိပ်ချိန်ရော အထိုင်များတာရောက ကျန်းမာရေးအတွက် အထူးအရေးပါတယ်လို့ပြောပါတယ်။ နှစ်ခုစလုံးက နေ့စဉ် လူမှုဘ၀က လူနေမှုစတိုင်လ်အပေါ်မှာ အများကြီးအကျိုးသက်ရောက်တယ်။ အခြားအစားအသောက်၊ အနေအထိုင်၊ အပြုအမူတွေကလည်း တစ်ခုနဲ့တစ်ခု ဆက်စပ်ပတ်သက်နေကြပြီး နေ့စဉ်ကျန်းမာရေး အရေးပေါ်ခံစားထိခိုက်စေတယ်လို့ဆိုတယ်။
အရက်၊ ဆေးလိပ်မကောင်းကြောင်း လူတိုင်းလက်ခံထားကြပေမယ့် လူတိုင်းလက်ရှောင်နိုင်ဖို့ ခဲယဉ်းတတ် ကြပါတယ်။ အသက်တိုစေတဲ့ အထက်ပါ 6 ချက်က ဆရာ၀န်တွေရဲ့ အသက်မွေး၀မ်းကျောင်းအလုပ်နဲ့ အတော်လေး ကိုက်ညီနေတာ တွေ့ရတယ်။ အစာစားချိန်မမှန်ကြတာ၊ တာ၀န်ချိန်အရေးကြီးရင် အပြင်စာနဲ့ပဲ ၀မ်းဖြည့်ရတာ၊ အိပ်ရေးပျက်ခံရတာ အိပ်ရေးမ၀တာ၊ တာ၀န်ချိန်ရော၊ စား၀တ်နေရေးအတွက်ပါ လုံးပန်းနေရတာနဲ့ပဲ အားကစားလုပ် ချိန်မရကြတာ၊ အချိန်ရအောင်လည်း မစီစဉ်ကြတာ၊ အရက်၊ ဆေးလိပ်၊ ကွမ်းယာ မကင်းကြတာ၊ မတ်တတ်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ အကြာကြီးခွဲစိတ်ရတာ အလုပ်လုပ်ရတာစတာတွေကြောင့် အလုပ်လုပ်နေစဉ် ကာလအတွင်းမှာ သို့မဟုတ် ပင်စင်ယူချိန်မှာ ရောဂါတွေ တသီတစ်တန်းရှိနေ၊ ခံစားနေကြရတာများပါတယ်။ သူတစ်ပါးအသက် ကယ်ပေးနေရတဲ့ ဆရာ၀န်၊ ဆရာမတွေအနေနဲ့ မိမိအသက်ကို အခုထက်ပိုပြီး အချိန်ပေးပြီး စောင့်ရှောက်ပေးသင့်ပါတယ်။ ကျန်းမာစေတဲ့ လူနေမှုစတိုင်လ်ကို အခုထက်ပိုပြီး စံပြအနေနဲ့ ကျန်းမာရေးကိုပိုဂရုစိုက်ပြသင့်ပါတယ်။
အချုပ်အားဖြင့် ဖော်ပြရရင် ကျန်းမာရေးထိခိုက်စေတဲ့ အပြုအမူတွေရှောင်မယ်၊ အိပ်ရေး၀အောင်အိပ်မယ်၊ အိပ်ချိန်၊ အိပ်ရာထချိန်မှန်အောင် ဂရုစိုက်မယ်၊ အရက်၊ ဆေးလိပ်၊ ကွမ်းယာနဲ့ မူးယစ်ဆေးဝါး ရှောင်ကြဉ်မယ်၊ အထိုင် မကြာအောင် ဂရုစိုက်သလို၊ မတ်တတ်အကြာကြီး မရပ်ရအောင် နေမယ်၊ ယောဂ၊ အေရိုးဗစ်၊ ထိုက်ချိ၊ လမ်းလျှောက်နဲ့ အပြေးအားကစားတစ်ခုခု နေ့စဉ်ပါအောင် ကြိုးစားလေ့ကျင့်မယ်။ အစားအသောက်ကို အဆီအဆိမ့်အချိုအငန် မကဲတာ ရွေးချယ်စားသောက်မယ်။ အရည်ရွှမ်းတဲ့ အသီးအနှံ အသီးအရွက်နဲ့ ပဲမျိုးစုံရွေးချယ်စားသောက်မယ်။ အနီရောင်ရှိတဲ့ အသားတွေအများကြီးမစားဘဲ ငါးနဲ့ကြက်သားသာ အဓိကထားစားမယ်။ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အမြန်စာတွေရှောင်ကြဉ်မယ်စတဲ့ အချက်အလက်တွေ လိုက်နာမယ်ဆိုရင် အသက်ရှည်ရာ၊ အနာမဲ့ကြောင်း နည်းလမ်းကောင်းတွေဖြစ်ကြပါတယ်။ လူတိုင်း အသက်ရှည်ချင်တယ်၊ အနာရောဂါကင်းစင်ချင်တယ်ဆိုရင် အထက်ပါ မိမိကို ဆိုးကျိုးပေမယ့်အချက်တွေ ရှောင်ကြဉ်ပြီး ကျန်းမာရေးအထောက်အကူပြု နည်းလမ်းတွေကိုသာ ရွေးချယ် လိုက်နာကြပါလို့ အကြံပြုတိုက်တွန်းလိုပါတယ်။ သက်ရှည်ကျန်းမာဘေးရန်ကင်းကွာကြပါစေ။
Credit to
ဒေါက်တာ အေးမြချယ်
Health Digest Journal
Vol-13, No-21, 17-2-2016




























