/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/အသည်းရောင်-c-ပိုးနှင့်-ကျောက်ကပ်ရောဂါ

အသည်းရောင် C ပိုးနှင့် ကျောက်ကပ်ရောဂါ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        အသည်းရောင် C ပိုးရှိသူများတွင် ကျောက်ကပ်ရောဂါတွဲ၍ရှိတတ်ပါသည်။ ကျောက်ကပ်ရောဂါ အတွက် ကျောက်ကပ်သန့်စင်စက် အသုံးပြုနေရသူများတွင် အသည်းရောင် C ပိုး ပိုမိုဖြစ်ပါသည်။ ကျောက်ကပ်သန့်စင်ဌာနများတွင် တိကျသော ပိုးသန့်စင်မှုကို အသုံးပြုရန် ညွှန်ကြားမှုများရှိပါသည်။ ကျောက်ကပ်ရောဂါရှိသောကြောင့် အသည်းရောင် C ပိုး ရှိသူ၏ အသည်းရောဂါပို၍ဆိုးသွားသည်။ မဆိုးသွားဘဲ အများနည်းတူ အသည်းရောဂါဆက် လက်ရှိနေသည်ဟု အတိအကျမပြောနိုင်ပါ။ နှစ်ရှည်လေ့လာမှုများမရှိပါ။ ကျောက်ကပ်ရောဂါရှိသူတွင် Anti HCV ခေါ် ပဏာမအဆင့် C ပိုး ရှိ၊ မရှိ စစ်ဆေးချက်တွေ့ရှိပါက နှလုံးရောဂါ၊ သွေးကြောရောဂါများဖြင့် ပိုမိုသေဆုံးကြပါသည်။ အသည်းရောင် C ပိုးရှိပြီး ကျောက်ကပ် အစားထိုးသူများတွင် Immunosuppression ခေါ် ကျောက်ကပ်သစ် မပျက်စီးရန် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ဖိနှိပ်ထားသော ဆေးများပေးရသည့်အတွက် အသည်းရောဂါပိုဆိုးသည်၊ မဆိုးသည်ကိုလည်း မသိပါ။ HCV RNA ခေါ် အသည်းရောင် C ပိုးတိုင်းကြည့်ပါက ဤကျောက်ကပ်အစားထိုးထားသူများတွင် ပိုများများလာသည်ကို တွေ့ရပါသည်။ အသည်းအသားစယူပြီး လေ့လာသောအခါ ပိုဆိုးသွားခြင်းမရှိ၊ တချို့တွင် အသည်းရောဂါ ကောင်းမွန်လာသည်ကိုပင် တွေ့ရသော်လည်း တချို့တွင် အသည်းအနာရွတ်ဖြစ်မှု၊ အသည်းကျစ်မှု (Fibrosis) လျင်မြန်စွာ ဖြစ်ပေါ်နေသည်ဟုဆိုသော လေ့လာချက်များလည်းတွေ့ရပါသည်။ ကျောက်ကပ် အစားမထိုးမိက အသည်းကျစ်ရောဂါ (Liver Fibrosis) ရှိသူများသည် မြန်မြန်ရောဂါ တိုးလာနိုင်ပါသည်။ အသည်းရောင် C ပိုး ရှိသူများတွင် ကျောက်ကပ်အစားထိုးရာတွင် C ပိုး မရှိသောသူများထက် အောင်မြင်မှု နည်းပါသည်။ ဤသို့သော အခြေ အနေများရှိသည့်တိုင်အောင် အသည်းရောင် C ပိုးရှိသူများတွင် ကျောက်ကပ် အစားထိုးပေးမှုကို ဆောင်ရွက်ပေးပါသည်။ အကယ်၍ ဆိုးနေသော အသည်းခြောက်ရောဂါ (Decompansated Cirrhosis) နှင့်တွဲနေပါက ကျောက်ကပ်နှင့် အသည်းကို တစ်ပြိုင်နက်တည်း အစားထိုးလေ့ရှိပါသည်။

           စားဆေး (DDA) များဖြင့် အသည်းရောင် C ပိုး ကုသမှုကို ကျောက်ကပ်ရောဂါရှိသူများတွင် အသုံးပြုသော်လည်း လေ့လာတွေ့ရှိချက်များနည်းနေပါသည်။ ကျောက်ကပ်ရောဂါအလွန်မဆိုးပါက ဤစားဆေးများကိုအသုံးပြု နိုင်ပါသည်။ ထိလည်းထိရောက်ပါသည်။ ဘေးထွက်ဆိုးကျိုးများလည်း မများပါ။ သို့သော် ကျောက်ကပ်ရောဂါရှိသူတွင် အသည်းရောင် C ပိုး ကုသမည်ဆိုလျှင် အသည်းရောဂါ၏ အခြေအနေနှင့် နှလုံးရောဂါအခြေအနေများကိုကောင်းစွာ စစ်ဆေးရပါမည်။

           ဆိုးရွားသော ကျောက်ကပ်ရောဂါ (Severe Renal Disease) မှအပ Sofobuvir, Ledipasvir, Daclatasvir, Dasabuvir, Ombitasvir, Paritaprevir, Simeprevir ဆေးသစ်များကို ဆေးအချိန် အစလျှော့ရန်မလို်ပါ။ ဆိုးရွားသော ကျောက်ကပ်ရောဂါ Severe Renal Disease ရှိသူများတွင် Dasabuvir, Ombitavir, Paritaprevir, Simeprevir နှင့် Daclatasvir ဆေးများကို အချိန်အဆ လျှော့ရန်မလိုပါ။

           Sotosbuvir နှင့် Ledipasvir ဆေးများကို ဆိုးရွားသော ကျောက်ကပ်ရောဂါတွင် ဆေးအချိန် အဆညွှန်းထားခြင်းမရှိပါ။

           ထို့ကြောင့် အသည်းရောင် C ပိုး ရှိပြီး ဆိုးရွားသော ကျောက်ကပ်ရောဂါရှင်များတွင် ယခင်သုံးစွဲခဲ့သော Pegylated IFN တစ်ပတ်တစ်ခါ ထိုးဆေးသက်သက်ဖြင့် ကုထုံးကိုသော်လည်းကောင်း၊ Pegylated IFN နှင့် Ribavirin တွဲ၍သော်လည်းကောင်းသုံးစွဲကြရပါသည်။

 

 

 

Credit; ပါမောက္ခဒေါက်တာသံစစ်

Health Digest Journal

Vol. 13, No. 10, 2-12-2015