အသားဖြူဆေးထိုးခြင်း ( Glutathione Whitening Injection )
အာရှသူအာရှသားတွေဟာ အသားဖြူချင်ကြတယ်။ အသားဖြူတာဟာ အသားရေကောင်းခြင်းတမျိုးလို့ မှတ်ယူကြတယ်။ အသားဖြူဖို. နည်းမျိူးစုံသုံးကြတယ်။ လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေးစသဖြင့်ပေါ့။ ဒီနှစ်တွေမှာ အသားဖြူထိုးဆေးဟာ မြန်မာပြည်မှာလူသုံးများလာတယ်။ အာရှနိုင်ငံတော်တော်များများမှာ ခေတ်စားနေတာတော့ ကြာပါပြီ။ ဒါပေမယ့် အသားဖြူထိုးဆေး (Glutathione )ရဲ့ ကောင်းကိျူး၊ ဆိုးကျိုးကို တင်ပြထားတဲ့ Scientific papers စာတမ်း အလွန်နည်းတာ စိတ်မကောင်းစွာတွေ့ရပါတယ်။ စာတမ်းအများစုမှာ ဖော်ပြထားတဲ့ Glutathione ရဲ. ကောင်းကျိူးများဟာ ကင်ဆာဆေး Chemotherapy မှီ၀ဲသူတွေမှာ တွေ့ရတဲ့ရလာဒ် အများစုဖြစ်နေတာကို သတိချပ်စေချင်ပါတယ်။
Glutathione ဟာအသားဖြူဆေးအားလုံးနီးပါးရဲ့ အဓိကပါ၀င်ပစ္စည်းဖြစ်တယ်။ Gluta လို့ အတိုကောက် အလွယ်ခေါ်တတ်ကြတယ်။ အသားဖြူဆေးရောင်းတဲ့သူတွေက လူစိတ်၀င်စားအောင် Glutawhite , Whitening cocktail အစရှိသလို နာမည်လှလှလေးတွေ ပေးထားတတ်ကြတယ်။ Glutathione ဟာ tripeptide အမိျုးအစားဖြစ်ပြီး glutamate, cysteine, glycine ဆိုတဲ့ အမိုင်နိုပရိုတင်းသုံးမျိုးနဲ့ ဖွဲ.စည်းထားတယ်။
♦ ကောင်းကျိုး နှင့် ဆိုးကျိုး
ကောင်းကျိုးအနေနဲ့ပြောရရင် Antioxidant တမျိုးဖြစ်တဲ့အတွက် လူကိုအိုမင်းရင့်ရော်စေသော Free radicals များတိုက်ခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါအပြင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေး ပါတယ်။ နောက် Degenerative Disease လို့ခေါ်ကြတဲ့ အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ မှတ်ဉာဏ်ဆုံးရှုံးခြင်းများကို ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ အခုအကျိုးရလဒ်တွေဟာ Low Dose ဆေးရည် ပမာဏနှင့် စမ်းသပ်ထားသော ရလဒ်များဖြစ်ပြီး အသားဖြူခြင်းရလဒ်ကိုရဖို့ High Dose ဆေးရည် ပမာဏများစွာ အသုံးပြုရန်လိုအပ်တာကို သတိပြုစေချင်ပါတယ်။ High Dose Glutathione ဟာ အသားကိုတကယ်ဖြူစေပါတယ်။ ဘာလို့လဲဆိုရင် သူရဲ့ Anti-melanogenic effect အသားကိုညိုစေသော Eumelanin ကို အသားဖြူစေသော Pheomelanin အဖြစ်ပြောင်းပေးနိုင်လို့ပါ။ ထိုးရမယ့်အကြိမ်အရေအတွက် တစ်ယောက်နဲ့တစ်ယောက် ကွဲပြားပါတယ်။ အကြမ်းဖျင်း 3 လ မှ 6လ တစ်ပတ်ကို တစ်ကြိမ်ထိုးရပါတယ်။ အသားပိုညိုသူတွေက အသားဖြူလာဖို့ အခိျန်ပိုလိုပါမယ် ။ အသားဖြူလာပြီဆိုရင် ရလဒ်ကိုထိန်းထားဖို့ တစ်လတစ်ခါ ဆက်လက်ထိုးပေးရမှာဖြစ်ပါတယ်။
ဘေးထွက်ဆိုးကျိုးကို short term နဲ့ long term နှစ်ပိုင်းခွဲပြောပါရစေ။ Short term အနေနဲ့ ဆေးဓာတ်မတည့်လို့ သွေးအဆိပ်သင့်တာ၊ အင်ပြင်ထွက်တာ၊ အရေပြားယောင်ရမ်းတာ၊ ဆိုးရွားရင် ပျို့အန်တာနဲ့အသက်ရှူကျပ်တဲ့အထိ ဖြစ်နိုင်တယ်။ Long term ရည်ရှည်အနေနဲ့ပြောရရင် အသည်းနဲ့ ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့် မကြာခဏခပ်စိတ်စိတ်ထိုးတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ Thyloid gland သားရွိုက်အကြိတ် လုပ်ဆောင်ချက်ကို ပျက်စီးစေသဖြင့် ကိုယ်အလေးချိန် တက်တာကျတာ ဖြစ်နိုင်တယ်။ ဖြစ်ခဲပေမယ့် သတိထားရမှာက မျက်စိကန်းနိုင်ပါတယ်။
♦ ထုတ်လုပ်တဲ့ နိုင်ငံ၊ ဆေးထိုးနိုင်တဲ့နေရာ
Glutathione ကိုနိုင်ငံတော်တော်များများက ထုတ်ပါတယ်။ ဒါပေမယ့် အသားဖြူဆေးအဖြစ်သုံးဖို့ ထုတ်ထားတာမဟုတ်ဘဲ ကင်ဆာသမားများတွင်သုံးဖို့သာ low dosage ampoule ပုလင်းများနဲ့သာလာပါတယ်။ အခုဈေးကွက်ထဲမှာရနေတဲ့ အသားဖြူဆေးဟာ High dose Glutathione ကိုဗီတာမင် C နဲ့ ရောပြီးသား လာတာများပါတယ်။ ထိုင်း၊ ဖီလပိုင် နှင့် တရုတ်ကလာတာပါ။ ပြောတာတော့ U.S.A ဒါမှမဟုတ် Switzerland ကလို့ပြောရောင်းကြတယ်။ အလှအပဆေးခန်းများတွင် အများဆုံးထိုးပေးကြပါတယ်။ အချို့ GP ဆေးခန်းများတွင်လဲ ထိုးပေးကြတယ်လို့သိရပါတယ်။
♦ သုံးစွဲရန် သင့်မသင့့် နှင့် ဆေးဝါး FDAခွင့်ပြုချက်
သုံးစွဲရန် သင့်၊ မသင့် ကတော့ ကာယံကံရှင် ဆုံးဖြတ်ရမှာပါ။ ဆုံးဖြတ်တဲ့နေရာမှာကောင်းကျိုးနဲ့ ဆိုးကျိုးကိုချိန်ထိုးဖို့လိုပါမယ်။ ထိုင်း၊ ဖိလပိုင်၊ ကိုရီးယားတို့မှာ တွင်တွင်ကျယ်ကျယ်သုံးနေကျတယ်ဆိုပေမယ့် OFF label use ပါ။ ဆိုလိုတာက သက်ဆိုင်ရာ FDA က အသိမှတ်မပြုဘူး ။ရေရှည်မှာဖြစ်နိုင်ချေ ရှိတဲ့ ဘေးထွက်ဆိုးကိျူးတွေကို Warning အနေနဲ့ သတိပေးထုတ်ပြန်ထားတယ်။ ဒါပေမယ့်လဲသုံးတယ်ပေါ့။
♦ အသားဖြူလိမ်းဆေး၊ သောက်ဆေးနဲ့အာနိသင်
ဒီခေတ်ကထိုးဆေးခေတ်ပါ။ လူတွေကလိမ်းဆေးတောင် သိပ်စိတ်မ၀င်စားကြတော့ဘူး။ အရင် နှစ်နှစ်ဆယ်လောက်က ဆိုရင်တော့ အသားဖြူလိမ်းဆေးအန္တရာယ် တော်တော်ကြီးခဲ့ပါတယ်။ အခုလဲအနည်းအကျဉ်းတော့ ရှိအုံးမှာပါ။ ဥပမာယိုးဒယားစာတွေနဲ့ အသားဖြူဆေးတွေမှာ ပြဒါး (Mecry) တွေ ထည့်ထားပါတယ်။ အသားကို တပတ်အတွင်းဖြူစေပါတယ်။ ရေရှည်ကျမှ ဒုက္ခပေးတာပါ။ နောက် တင်းတိတ်အတွက်သာသုံးရမယ့် Hydroquinone ကိုအသားဖြူဆေးအဖြစ် တလွဲသုံးနေတာလဲ မကောင်းပါဘူး။ သောက်ဆေးအနေနဲ့ အသုံးများတာက Glutathione ပါ။ ဒါပေမယ့် Glutathione ကိုသောက်ဆေးအဖြစ်သောက်တာက ထိုးဆေးအဖြစ်အသုံးပြုတာထက် အများကြီး Safe ဖြစ်တယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ သောက်ဆေးကဆေးအာနိသင်ရဖို့ အစာအိမ် အူလမ်းကြောင်းကို ဖြတ်ရလို့ ပါ။ ဖြည်းဖြည်းချင်းစုပ်ယူတယ်ဆိုတဲ့သဘောပါ။
♦ အသားဖြူရလဒ် ကြာရှည်ခံမှူ
ဆေးတမျိုးကိုယ်ခန္ဓာအတွင်း ဘယ်လောက်ကြာကြာနေလဲဆိုတာကို ဆေးပညာမှာHalf life ဘယ်လောက်လဲဆိုပြီး တွက်ချက်ပါတယ်။ Glutathione Half life ကို လေ့လာစမ်းသပ်ထားတာမရှိသေးပါဘူး။ ဒါပေမယ့် Glutathione ရဲ့ Beneficial effect (အသားဖြူစေသောအကိျုးရလဒ်) က 6 လ- 1 နှစ် လို့ဆိုပါတယ်။ ပြောချင်တာက ဆေးထိုးလို့အသားဖြူသွားပြီးနောက် ဆေးဆက်မထိုးပါက 6 လ ကြာရင် နဂိုမူလအသားရောင်ပြန်ဖြစ်သွားမယ်လို့ ဆိုလိုတာပါ။
♦ သဘာ၀အတိုင်း အသားဖြူစေသောနည်း
နေရောင်ရဲ့ဆိုးကျိုးကိုလူတွေ မေ့နေကြပါတယ်။ နေရောင်ကြောင့် တင်းတိတ်၊ နေလောင်ကွက်တွေ ဖြစ်လာနိုင်သလို အသားရေကို ညစ်တစ်တစ်ဖြစ်စေတယ်ဆိုတဲ့ အချက်ကိုပေါ့။ ဒါကြောင့် နေရောင်ကိုတတ်နိုင်သလောက် ရှောင်ပါ။ နေပူထဲသွားရင် ထီးဆောင်းပါ။ Sun block လိမ်းပါ။ ညဘက် ရေဓာတ်ဖြည့်တင်းမယ့် Hydration cream တမျိုးမျိုးကို လိမ်းအိပ်ပါ။ Antioxidant ဗီတာမင်များ A, C, E ကိုမှီ၀ဲပါ။ Soybean (ပဲနို့) မှာပါတ့ဲ isoflavone က နေရောင်ဒဏ်ကြောင့်ဖြစ်တဲ့ အမဲစက်တွေကို သက်သာစေနိုင်လို့ မှီ၀ဲနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ Lycopene က နေရောင်ခြည်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေနိုင်သဖြင့် Sunscreen လိမ်းဆေးမလိမ်းချင်သူတွေ ခရမ်းချဉ်သီးဆေးပြားတွေကို ပံှမှန်သောက်ပြီး Systemic Sunscreen အဖြစ်အသုံးပြုနိုင်ပါတယ်။
♦ ဆရာ၀န်တစ်ယောက်ရဲ့ သဘောထားမှတ်ချက်
I am not a big fan of Glutathione injection. ကျွန်တော် အသားဖြူဆေးထိုးဖို့ ညွှန်ကြားလေ့မရှိပါဘူး။ ကျွန်တော်ဆေးခန်းမှာလဲ အသားဖြူဆေးမထိုးပေးပါဘူး။ Patients တွေမေးလာရင်သာ အကျိုးအကြောင်း ရှင်းပြပေးပါတယ်။ ထိုးချင်တဲ့သူတွေကို ဆန္ဒအရမ်းမစောဖို့နဲ့ အများဆုံးတစ်ပတ်တစ်ခါသာ ထိုးဖို့တော့ မဖြစ်မနေမှာတတ်ပါတယ်။ တန်ဆေးလွန်ဘေးမဖြစ်ဖို့တော့ လိုမယ်ထင်ပါတယ်။
Dr. ဦးရဲသွင် (Clinique de Skin)






























