/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/အအေးမိရင်-ဘာလုပ်ရမလဲ

အအေးမိရင် ဘာလုပ်ရမလဲ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

       “ချောင်းဟန့်သံပေးလိုက်တာတို့၊ ချောင်းဆိုးလိုက်တာတို့ဟာ လည်ချောင်းနဲ့ လေ၀င်လမ်းကြောင်းရှင်း လင်းသွားအောင်လုပ်ပေးတာဆိုဟုတ်လား - အန်တီ” လို့တူမလေးတစ်ယောက်က မေးပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် ချောင်းဆိုတာအဆက်မပြတ် ဆိုးလာပြီးရက်ကြာလာပြီဆိုရင်တော့ တူမလေးမေးသလို အသက်ရှူလမ်း ကြောင်းသန့်ရှင်းအောင်လုပ်တာမဟုတ်နိုင်တော့ပါ။ ဒါဆိုရင် ရောဂါဘယကြောင့် ဖြစ်လာနိုင် ပြီ။ ကျန်းမာရေး ပြဿနာတစ်ရပ်ကို ဦးတည်လာပြီလို့ မှတ်ယူရပါလိမ့်မယ်။

           တချို့ချောင်းဆိုးတာက ချောင်းခြောက်ပါ။  ဆိုလိုတာက သလိပ်မပါ၊ ချွဲမပါ၊ ချောင်းဆိုးရုံသက်သက်ဖြစ်ပြီး တချို့သောချောင်းဆိုးတာကတော့ ချွဲသလိပ်အရောင်အမျိုးမျိုး၊ စိမ်း၊ ဝါ၊ ပြာ ချွဲပျစ်ပျစ် အဖတ်လိုက်စုံလင်လာတဲ့ အပြင် သွေးစသွေးနကျဲကျဲမှသည် ချောင်းဆိုးတိုင်း သွေးစိမ်းရှင်ရှင် ထွက်လာတဲ့အထိ ပိုမိုဆိုးဝါးလာတာတွေလည်း ရှိတတ်ပါတယ်။ သလိပ်အရောင်စိမ်းဝါလာပြီ၊ အနီရောင်သွေးစတွေ ပါလာပြီဆိုရင်တော့ လူတွေကြောက်လန့်တတ်ပါတယ်။ အဲဒီအဆင့်အထိ မရောက်ရှိအောင် အအေးမိချောင်းဆိုးတာနဲ့ ဘယ်လိုကာကွယ်ရမလဲဆိုတာ ကြိုတင်သတိထားဖို့လိုတယ်။ ချောင်းဆိုးရတဲ့အကြောင်းရင်းများ သိထားကြဖို့လိုလိမ့်မယ်။

           အအေးမိရင်၊ တုပ်ကွေးဖြစ်ပြီးရင်၊ အသက်ရှူလမ်းကြောင်း ပိုး၀င်ရင် သို့မဟုတ် ပစ္စည်းတစ်ခုခု ၀င်သွားရင် ချောင်းဆိုးတတ်တယ်ဆိုတာ လူတိုင်းသိပြီးဖြစ်တယ်။ ဒါပေမယ့် သွေးတိုးရောဂါရှိတဲ့ သူတွေမှာ သွေးမတိုးအောင် ထိန်းဖို့ ACE inhibitors ခေါ် သွေးကျဆေးတွေသောက်ရတယ်ဆိုရင်၊ ဒါမှမဟုတ် နှာခေါင်း သို့မဟုတ် နှာခေါင်း အထက်လေဂလိုဏ်ပေါက်လေးတွေ ဓာတ်မတည့်တာကြောင့် ရောင်ရမ်းလို့ ရှိရင်လည်း ချောင်းဆိုးတတ်ပါတယ်။ ရင်ကျပ်ပန်းနာရောဂါရှိရင်လည်း ချောင်းဆိုးတာပါပဲ။ နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ဆို့တဲ့ရောဂါတွေ၊ နာတာရှည်လေပြွန်ရောင်ရမ်းခြင်း သို့မဟုတ် အဆုတ်ထဲရှိ လေအိတ်ကလေးများထဲမှာ လေတွေနဲ့ဖောင်းတာကြောင့် နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားခံစားရတဲ့ သူတွေမှာလည်း ချောင်းမကြာခဏ ဆိုးတတ်တယ်။ ဓာတ်မတည့်တဲ့ပစ္စည်းကြောင့်လည်း လည်ချောင်းယားယားပြီး ချောင်းဆိုးတတ်သေးတယ်။

           သို့သော် ချောင်းဆိုရတဲ့အကြောင်းရင်းကို သိပြီဆိုရင်တော့ ချောင်းဆိုးတာ သက်သာအောင် ပြုစုစောင့်ရှောက်ဖို့လိုပါတယ်။ အအေးမိလို့ အသက်ရှူလမ်းကြောင်းရောင်ရမ်းရတာ ဆိုရင် နွေးနွေးထွေးထွေးလေးနေဖို့နဲ့ ရေချိုးရင်လည်း အေးစက်နေပြီဖြစ်တဲ့ အုတ်ကန်ရေအေးအေးကြီးကို မျက်စိမှိတ်ပြီး ချိုးမယ့်အစား ရေနွေးနွေးလေးဖြစ်အောင် ရေနွေးလေးကျိုပြီး ရေအေးလေးနဲ့ ရောကာ ချိုးတာတို့လုပ်ရပါမယ်။ ဒီနေရာမှာလည်း ၀ီရိယရှိဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုံး၊ သို့မဟုတ် ကျောင်း သို့မဟုတ် ကုမ္ပဏီစတဲ့အလုပ်ခွင်က နေအိမ်ပြန်ရောက်ချိန်မှာ လူက အနားယူချင်လှနေပြီ။ ရေနွေးကျိုဖို့ အချိန်ပေးရမှာတို့၊ အဆင်သင့်မဖြစ်သေးတာတို့၊ လျှပ်စစ်မီးရမှ ကျိုချက်ရမှာတို့ဖြစ်နေပြီဆိုရင်၊ မီးမွေးဖို့လည်း အချိန်မပေးနိုင်တော့ ရှေ့မှာပြောသလိုပဲ မျက်စိမှိတ်၊ ခန္ဓာကိုယ်ကြီး ချမ်းတုန်တာလည်း မေ့ထားပြီး လန်းလန်းဆန်းဆန်းဖြစ်ချင်တာနဲ့ အတင်းဇွတ်ရေမိုးချိုးရတာကိုး၊ ချေွးစော်နံ၊ တစ်နေကုန် လှောင်ပိတ်နေတဲ့စိတ်ကိုလည်း ပြေလျော့ချင်သေး တာမို့ လူအများစုဟာ ညနေခင်း ရုံးဆင်း၊ ကျောင်းဆင်းချိန်မှာ ရေမိုးချိုးပြီးမှ ထမင်းစား၊ အနားယူချင်စိတ်ရှိကြတာမဆန်းပါ။ ဒါကြောင့် ဖြစ်နိုင်ရင် ၀ီရိယလေးစိုက်ပြီး တန်ဖိုးစိုက်ထုတ်ရင်းနှီးကာ ဓာတ်ဘူးတစ်ခု၀ယ်ပြီး ရေနွေးကို မနက်ကတည်းက အပြင်မထွက်မီကျိုချက်ပါ။ ရေနွေးဆူပွက်လာရင် ဓာတ်ဘူးထဲထည့်ထားပါ။ ညနေ အိမ်ပြန်ရောက်ချိန််မှာ ရေနွေးနဲ့ ရေအေး ရောစပ်ချိုးနိုင်ပါပြီ။ ရေပူရေနွေးရှိပြီးသားအိမ်ဆိုရင်တော့ ဟန်ကျပါတယ်။ ဒါတောင် မီးမလာရင်အတော် ခံရခက်ပါသေးတယ်။ ခုတလော ညနေရုံးဆင်းချိန်မှ မိုးကအေးမြမြရွာချနေတာမို့ ရန်ကုန်သားတိုင်း မိုးရေနဲ့ မကင်းလှပါ။ ရေချိုးပြီးတာနဲ့ ရေနွေးကြမ်းလေးတော့သောက်လိုက်ပါ။ ဒါမှမဟုတ် ဟင်းချိုပူပူလေး မှုတ်သောက်ပြီး အချမ်းဖြေရပါတယ်။

           အအေးမမိအောင်နေရမယ့် တခြားနည်းလမ်းကတော့ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်အချို့ စားပေးနိုင်ခြင်းပါ။  သူသိများလှတဲ့ ပင်စိမ်းရွက်လေးများကို ရေနိုင်နိုင်ဆေးပြီး အစိမ်းစားပေးတာတို့၊ ဒါမှမဟုတ် ငါးဟင်းမှာ အုပ်ပြီးချက်စားတာတို့၊ သို့မဟုတ် ပင်စိမ်းရွက်လေးများကို ရေစင်စင် သုံးလေးထပ် ဆေးကြောထားပြီး ငရုတ်ဆုံမှာ မှုန့်ညက်နေအောင်ထောင်းကာ ကြင်သွန်ဖြူထပ်ထည့်၊ ညက်အောင်ထောင်း၍ ပန်းကန်လုံးတစ်ခုထဲထည့်ပြီး ဆားအနည်းငယ်၊ သံပရာသီး သို့မဟုတ် ရှောက်သီးနိုင်နိုင်ညှစ်ကာ အသားပြုတ် တစ်မျိုးမျိုးနဲ့လည်း ဆော့စ်သဘောမျိုးတို့ကာစားနိုင်ပါသေးတယ်။ ပင်စိမ်းက သလိပ်ကြေစေပြီး၊ အစာကြေလွယ်ပါတယ်။ အအေးမိတာ ကာကွယ်နိုင်ပါတယ်။ နောက်တစ်မျိုး ကတော့ ချောင်းမဆိုးအောင် ချင်းပြုတ်ရည်ပူပူလေး မှုတ်သောက်ပေးနိုင်ပါတယ်။ သိပ္ပံနည်းကျသက်သေမပြနိုင်ပေမယ့် လူကိုတော့ ရင်ချောင်ပြီး နေထိုင်လို့ကောင်းစေတာအမှန်ပါ။ ကြက်ပြုတ်ရည်ပူပူလေးကလည်း အအေးမိတာ ကာကွယ်နိုင်ပါသတဲ့။

 

 

Credit; ဒေါက်တာရည်ညွှန့်မေ

Health Digest Journal