အာဂန္တုကျောက်ကပ်ပျက်စီးခြင်း
အမျိုးသမီးနှစ်ယောက် အချင်းချင်းပြောနေသည်ကို အမှတ်မထင်ကြားလိုက်မိသည်။ တညင်းသီး သိပ်မစားသင့်တဲ့အကြောင်း၊ တညင်းသီးက ကျောက်ကပ်ပျက်စီးစေတတ်ကြောင်း၊ ကျောက်ကပ်ပျက်စီး လျှင် နှစ်ရည်လများ ကျောက်ကပ်ဆေးရမည်ဖြစ်ကြောင်း သူသိသမျှရှင်းပြနေသည်။ တညင်းသီး က ကျောက်ကပ်ပျက်စီးစေတတ်သည် ဆိုသည်မှာ မှန်သည်။ သို့ပေမယ့် နှစ်ရှည်လများ ကျောက်ကပ်ဆေးရ သည်ဆိုသည့်အချက်ကတော့ နည်းနည်းလွဲနေသည်။ ရောဂါအကြောင်းပြောနေသည့် အမျိုးသမီးကျောက်ကပ် ပျက်စီးခြင်းရောဂါ အုပ်စုနှစ်ခုရှိသည်ကို သိပုံမရ။ သိလျှင်လည်း ခပ်ရောရောဖြစ်နေပုံရသည်။
အမှန်တော့ ကျောက်ကပ်အလုပ်မလုပ်၊ ကျောက်ကပ်ပျက်စီးခြင်းနှစ်မျိုးရှိသည်။ အာဂန္တုနှင့် နာတာရှည်။ အာဂန္တုကျောက်ကပ်ပျက်စီးခြင်းသည် အခံရောဂါမရှိ၊ အကောင်းပကတိကျောက်ကပ်က ရုတ်ခြည်း ပျက်စီးသွားခြင်းဖြစ်ပြီး တချို့က ရက်ပိုင်း၊ ရက်သတ္တပတ် အနည်းငယ်အတွင်း၊ အချိန်အနည်းငယ် အကြာတွင် ပကတိပြန်ကောင်းသွားသည့် အုပ်စုဖြစ်သည်။ တချို့လူနာတွင်တော့ ကျောက်ကပ် ပျက်စီးမှု ့ပြင်းထန်လွန်းတော့ အသက်ကို ရန်ရှာသည်။ ဆိုးရွားသည့် အခိုက်အတန့်ကို ကျော်လွှား ဖို့ ကျောက်ကပ်ဆေးရသည်လည်းရှိသည်။ နာတာရှည်ကျောက်ကပ်ပျက် စီးခြင်းကို နှစ်ရှည်လများဆေးရသည် မဟုတ်။ ကျောက်ကပ်ပျက်စီးခြင်း ပြန်ကောင်းအောင် စောင့်စဉ်အတွင်း ယာယီဆေးခြင်းဖြစ်သည်။
နောက်တစ်မျိုးက နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း၊ လူတိုင်းသိသည့်၊ လူတိုင်းကြောက်ကြသည့် ကျောက်ကပ်ပျက်စီးခြင်းဖြစ်သည်။ ကျောက်ကပ်ရောဂါက တဖြည်းဖြည်းချင်းဖြစ်၊ လူနာက ရောဂါလက္ခဏာများကို လရှည်၊ နှစ်ပေါက်ခံစား၊ ပုံမှန်ပြန်မကောင်းနိုင်သည့် နာတာရှည်ပျက်စီးခြင်းမျိုးဖြစ်သည်။ အချိန်စောင့်ရင်း သူ့အလိုလိုပြန် မကောင်းနိုင်သည့်အလျှောက် လူနာသက်တမ်းရှိသလောက် ကျောက်ကပ်ပုံမှန်ဆေးရသည်။ ကျောက်ကပ်အစားထိုးလဲရသည်။
အဓိပ္ပာယ်သတ်မှတ်ချက်က ရှင်းပေမယ့်၊ လူနာတစ်ယောက်ကျောက်ကပ်ပျက်စီးခြင်းဖြင့် ရောက်လာ လျှင် တချို့လူနာများမှာ အာဂန္တုလား၊ နာတာရှည်လား သိသာပေမယ့် တချို့လူနာများတွင် ခွဲရခက်သည်။ တစ်ခါတစ်ရံ ရက်တိုအာဂန္တု ပုံစံနှင့် ဆေးရုံရောက်လာ၊ ကြည့်ရင်းကြည့်ရင်း စောင့်ရင်းစောင့်ရင်းနှင့် မှ ပြန်မကောင်းနိုင်သည့်နာတာ ရှည်ရုပ်လုံးပေါ်လာတတ်သည်လည်း ရှိသည်။ ကျောက်ကပ် အကြီးအကျယ်ပျက်စီး။ အာဂန္တုကျောက်ကပ် ပျက်စီးခြင်းပဲဟုတွက်၊ ကျောက်ကပ်ဆေးဖို့ကလည်း အရေးတကြီးလို၊ အကြိမ်နည်းနည်းဆေးရုံနှင့် ပုံမှန်ပြန်ကောင်းမှာပဲဟုထင်၊ ဆေးရင်းဆေးရင်းနှင့် မှ ပြန်မကောင်းနိုင်တော့သည့် နာတာရှည်မှန်းသိ၊ နှစ်ရှည်လများ ဆက်ဆေးရသည်လည်းရှိသည်။
တချို့လူနာများ အခံကျောက်ကပ်ပျက်စီးခြင်း အနည်းငယ်ရှိ၊ ရောဂါလက္ခဏာမပြသလို ကိုယ်လိုအကောင်းပုံမှန်ဟုပဲထင်၊ အကြောင်းတစ်ခုခုကြောင့် ကျောက်ကပ်ထပ်နာ၊ ထပ်ထိ၊ ပိုပျက်စီးမှ ဆေးရုံရောက်၊ နာတာရှည်အခံ ရောဂါအပေါ် အာဂန္တုက ထပ်ဆင့်ပြီး ပျက်စီးစေခြင်းဖြစ်သည်။
အာဂန္တုကျောက်ကပ်ပျက်စီးခြင်းသည် နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းနှင့်မတူ။ အခံကျောက်ကပ်ရောဂါ မရှိ၊ ရုတ်ချည်းရောဂါတစ်ခုကြောင့်ဖြစ်၊ ကျောက်ကပ်အလုပ်မလုပ် ပျက်စီးခြင်း၏ ရောဂါလက္ခဏာများကို လူနာကခံစားရ၊ တချို့ဆိုးဆိုးရွားရွားခံစားရ၊ အသက်အန္တရာယ်ပင်ရှိ၊ ရေတိုကျောက်ကပ်ဆေးရန်လို၊ တချို့ ကျောက်ကပ်ဆေးရန်မလို၊ အခံရောဂါငြိမ်သွားချိန်တွင် ကျောက်ကပ်ပုံမှန်၊ ပကတိပြန်ကောင်းသွားခြင်းမျိုးဖြစ်သည်။
အာဂန္တုကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေသည့်ရောဂါ အများအပြားရှိရာတချို့မှာ ကာကွယ်၍ ရသည်။ ရှောင်၍ရသည်။ ကျောက်ကပ်မပျက်စီးခင် ပြုပြင်ကုသ၍ရသည်။
အာဂန္တုကျောက်ကပ် ပျက်စီးစေသည့် ရောဂါမျိုးစုံကို ဆေးပညာအရအုပ်စုသုံးစုခွဲထားသည်။ ပထမအုပ်စုက ကျောက်ကပ်သို့ သွေးစီး၀င်မှုနည်းစေသည့်ရောဂါများဖြစ်သည်။ ကျောက်ကပ်နှစ်လုံးသို့ သွေး ပုံမှန်စီး၀င်မှ ယင်းသွေးကကျောက်ကပ်အတွင်း ဖြတ်စီးစဉ်သွေးထဲပါသည့် အညစ်အကြေးများကို စစ်ထုတ်၊ သွေးထဲက ရေဓာတ်အနည်းငယ်ကို စွန့်ထုတ်ပြီး ဆီးအဖြစ်ထွက်စေသည်။ ကျောက်ကပ်နှစ်ဖက် သို့ သွေးစီး၀င်မှုနည်းစေသော အခြေအနေများတွင် ကျောက်ကပ်ပုံမှန်အလုပ်လုပ်ဖို့ခက်လာ သည်။ ကျောက်ကပ်က သွေးမရ၊ သွေးပြတ်သွားချိန်တွင် ပထမအဆင့် ကျောက်ကပ်လုပ်ငန်းများ တုံ့ဆိုင်း၊ တုံ့ဆိုင်း ဖြစ်သွားကြသည်။ ဤအဆင့်တွင် ကျောက်ကပ်မပျက်စီးသေး။ ထိုမှတစ်ဆင့် သွေးစီး၀င်မှု ဆက်လက်ကျဆင်း၊ အခံရောဂါက ပြန်မကောင်းဆိုပါက ကျောက်ကပ်သည် သွေးမရသဖြင့် လုပ်ငန်းများ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေရာမှ ကျောက်ကပ်လုံး၀ပျက်စီးခြင်းသို့ရောက်သည်။ ကျောက်ကပ်လုံး၀မပျက်စီး မီ၊ သွေးအ၀င်နည်းသဖြင့် ကျောက်ကပ်လုပ်ငန်းတုံ့ဆိုင်း၊ တုံ့ဆိုင်းဖြစ်နေချိန်တွင် သွေးပေါင်ချိန်ပြန် တက်လာ၊ ကျောက်ကပ်တွင်း သွေးအစီးပုံမှန်ပြန်ဖြစ််လာပါက ကျောက်ကပ် လုပ်ငန်းပုံမှန် ပြန်ဖြစ်၊ ပြန်ကောင်းလေ့ရှိသည်။
ကျောက်ကပ်သို့ သွေးစီး၀င်မှုလျော့နည်းစေသည့်ရောဂါမျိုးစုံရှိသည်။ ခန္ဓာကိုယ်မှ သွေးထွက်၊ သွေးလွန်၊ သွေးပေါင်ချိန်ကျလျှင်၊ ပျို့၊ အန်၊ ၀မ်းပျက်၊ ၀မ်းလျှော၊ ချေွးထွက်လွန်၊ ခန္ဓာကိုယ်အရေပြား အပူလောင်စသည်တို့တွင် ခန္ဓာကိုယ်မှ ရေဓာတ်များဆုံးရှုံးှ လျှင် ဆေးမတည့် သွေး လန့်ခြင်း၊ နှလုံးရုတ်တရက်ဖောက်ပြန်ခြင်း၊ သွေးဆိပ်တက်ခြင်း တို့ကြောင့် သွေးပေါင်ချိန်ကျလျှင် ကျောက်ကပ် သို့ သွေးစီး၀င်မှုနည်းစေသည်။ ထိုမှတစ်ဆင့်ကျောက်ကပ် ပျက်စီးစေသည်။
၀မ်းပျက်၊ ၀မ်းလျှောဖြစ်စဉ်လိုအပ်သည့် ရေဓာတ်၊ ဆားဓာတ်တို့ကို ပြန်မဖြည့်ပါ က ရေဓာတ်ခန်းခြောက်ခြင်း၊ သွေးပေါင်ချိန်ကျ၊ ကျောက်ကပ်ပျက်စီးခြင်းသို့ ရောက်လေ့ရှိသည်။ ၀မ်းပျက်၀မ်းလျှောခြင်းကို ဓာတ်ဆားရည်ပြန်လည် ဖြည့်တင်းရသည်မှာ လွယ်သလောက် ကျောက်ကပ် ပျက်စီးပါက ပြင်းထန်သည်။ အသက်အန္တရာယ်ရှိသည်။ ငွေကုန် ကြေးကျများသည်။ အပ်နှင့်ထွင်းရမည့် အရေးပေါက်ဆိန်နှင့် ပေါက်ရသည်ဟုဆိုရိုးအတွက် အမှန်ဆုံး၊ အမြင်သာဆုံး ဥပမာဖြစ်သည်။
အကောင်းပကတိ ကျောက်ကပ် ရုတ်တရက်ချက်ချင်း ပျက်စီးစေသည့်အကြောင်းတရားများ တွင် ကျောက်ကပ်နှစ်လုံးသို့ သွေးစီး၀င်မှုလျော့နည်းစေသည့် ရောဂါများအပြင် တခြားရောဂါနှစ်အုပ်စုလည်း ရှိသေးသည်။ တစ်ခုမှာ ဆီးလမ်းကြောင်းပိတ်ခြင်းဖြစ်သည်။ ကျောက်ကပ်နှစ်လုံးမှ စွန့်ထုတ်လိုက်သော ဆီးများသည် ဆီးပြွန်နှစ်ခုဖြင့် ဆီးအိမ်တွင်းသို့ ရောက်သည်။ ထိုမှတစ်ဆင့်အပြင်သို့ ဆီးအဖြစ် စွန့်ထုတ်သည်။ ကျောက်ကပ် တစ်လုံးမှထွက်သည့် ဆီးပြွန်တစ်ခု ပိတ်ရုံနှင့်ဆီးအထွက်မနည်း။ ယင်းကျောက်ကပ်တစ်ဖက်မှ အောက်သို့ ဆီးမဆင်းနိုင်၊ ဆီးများ တဖြည်းဖြည်းတင်း၊ နောက်ပြန်ဖိအားဖြင့် ယင်းကျောက်ကပ်တစ်ဖက်ကို လုံး၀ ပျက်စီးသွားအောင်ဖျက်ဆီးနိုင်သော်လည်း အခြားတစ်ဖက်က ပုံမှန်တာ၀န်များကို ဆက်ပြီး ထမ်းဆောင်နိုင်သေးသရွေ့ ကျောက်ကပ်ပျက်စီးလက္ခဏာပေါ်လေ့မရှိ။ ထို့ကြောင့် မွေးရာပါကျောက်ကပ် တစ်လုံးတည်းပါသူများ၊ ကျောက်ကပ်တစ်လုံးလှူထားသူများ ကျောက်ကပ် လုပ်အားပုံမှန်ဖြင့် ကျန်းမာစွာ အသက်ရှည်နေနိုင်ကြခြင်းဖြစ်သည်။ သို့ပေမယ့် ကျောက်ကပ်တစ်လုံးတည်း ရှိသည့်လူနာ၊ ကျောက်ကပ် တစ်ဖက်ပျက်စီး အလုပ်မလုပ်နေသည့် လူနာများတွင် ကျန်အကောင်းကျောက်ကပ်၏ ဆီးလမ်းကြောင်းပိတ်လျှင်တော့ ယင်းကျောက်ကပ်၏ လုပ်အားကျ၊ ပျက်စီးသည်နှင့် လူကကျောက်ကပ်ပျက်စီးရောဂါလက္ခဏာများ ခံစားရတော့သည်။
အခံကျောက်ကပ်ရောဂါမရှိ၊ ကျောက်ကပ်နှစ်လုံး၏ ဆီးလမ်းကြောင်းနှစ်ဖက်လုံး တစ်ပြိုင်နက် လုံး၀ပိတ်လျှင် ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းဖြစ်စေသည်။ နှစ်ဖက်လုံးရုတ်ချည်းတစ်ပြိုင်နက်ပိတ်ရန် ရှားပေမယ့် ရှိတတ်သည်။ ဆီးလမ်းကြောင်းနှစ်ဘက်လုံး ကျောက်များဖြင့် ပိတ်ခြင်း၊ သွေးခဲပိတ်ခြင်း၊ ရောဂါကြောင့် ကျောက်ကပ် အသားစကြွေကျ၊ ပြုတ်ကျပြီး ပိတ်ခြင်းမျိုးဖြစ်သည်။ လုံး၀ပိတ်ခြင်းမျိုး မဟုတ်ဘဲ မပိတ်တပိတ်ဖြစ်ခြင်း၊ တစ်စိတ်တစ်ပိုင်းလောက်သာ ပိတ်ခြင်းမျိုး သည် ကျောက်ကပ်လုပ်အားကို ရုတ်တရက်မကျစေဘဲ တဖြည်းဖြည်းနှင့် နာတာရှည်ပုံစံမျိုး ပျက်စီးစေသည်။ တစ်ခါတစ်ရံ အစပထမ မပိတ်တပိတ်ဖြစ်၊ တစ်စိတ်တစ်ပိုင်းလောက်သာ ပိတ်နေချိန်တွင် ဆီးလေး ပုံမှန်ထွက်၊ ရောဂါလက္ခဏာတစ်ခုမျှ မခံစားရ၊ နောက်ပိုင်း လုံး၀ပိတ်သွားချိန်တွင်မှ ဆီးလုံး၀မထွက်နိုင်၊ ကျောက်ကပ် လုပ်အားကျဆင်းခြင်းလက္ခဏာစတင်ခံစားရသည်လည်းရှိတတ်သည်။
ဆီးပြွန်နှစ်ဘက်လုံး ပိတ်ခြင်းသာမက ဆီးပြွန်နှစ်ဘက်ဆုံရာ ဆီးအိမ်တွင်ရောဂါရှိလျှင်လည်း ဆီးပြွန်နှစ်ဘက်တွင် ဆီးစီးဆင်းခြင်းကို အနှောင့်အယှက်ပေးသည်။ ဆီးအိမ်တွင်းကျောက်တည်ခြင်း၊ အလုံးအခဲရှိခြင်း၊ ဆီးအိမ်၀န်းကျင်တွင် ကင်ဆာအလုံးအခဲရှိခြင်းတို့သည် ဆီးအိမ်မှ ဆီးထွက်ခြင်းကို ထိခိုက်စေသည်။ အသက်အရွယ်ကြီးသည့် အမျိုးသားတွင် ဆီးကျိတ်ကြီးခြင်း၊ အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာ စသည်တို့သည် ဆီးအိမ်ထွက်ပေါက်ကိုပိတ်ပြီး ဒုက္ခပေးလေ့ရှိသည်။ ဆီးအိမ်မှ ဆီးမထွက်နိုင်၊ ဆီးအိမ်တင်း၊ တင်းသည့်ဆီးက ဘယ်၊ ညာ ဆီးပြွန်နှစ်ခုကို နောက်ပြန်ကန်တင်းစေ၊ ကျယ်စေ၊ ဆီးအောင်းစေ၊ ကျောက်ကပ်နှစ်ဖက်လုံး၏ လုပ်အားကိုကျစေသည်။ ကျောက်ကပ်နှစ်ဖက်လုံးကို ထိသဖြင့် ကျောက်ကပ်ပျက်စီးခြင်း လက္ခဏာများကို ပေါ်စေသည်။ ရုတ်တရက်ပိတ်၊ ချက်ချင်း ကျောက်ကပ် ပျက်စီး၊ အာဂန္တုကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေသည်။ ယင်း အာဂန္တုပျက်စီးခြင်း၊ ပိတ်နေသည့် အကြောင်းကိုဖယ်၊ ဆီးပုံမှန်ပြန်သွား၊ ကျောက်ကပ်ပုံမှန်ပြန်ဖြစ်နိုင်သော်လည်း ဆက်ပိတ်ပါက ဆက်ပျက်စီးခြင်း ပိုဆိုးရုံသာရှိတော့သည်။
ဆီးလမ်းကြောင်းပိတ်နေသဖြင့် အောင်းနေသော ဆီးသည် ကျောက်ကပ်ကို နောက်ပြန်ကန်ဖိအားဖြင့် ပျက်စီးစေရုံသာမက အောင်းနေ၊ ငြိမ်နေသော ဆီးသည် ရောဂါပိုးတို့ပျော်မွေ့ပေါက်ဖွားရာနေရာဖြစ်နေတတ် သဖြင့် ယင်းရောဂါပိုး၀င်းခြင်းက ကျောက်ကပ်ပျက်စီးခြင်းသို့ တွန်းပို့သည်။ ပိုဆိုးစေသည်။ ပိတ်ဆိုနေသမျှကို ဖယ်လိုက်ပါက တစ်ချက်ခုတ်နှစ်ချက်ပြတ်၊ ကျောက်ကပ်လုပ်အားပြန်ကောင်းလာသလို ရှိသမျှပိုးလည်း ရှင်းပြီးဖြစ်သွားသည်။
အာဂန္တုကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေသည့် တတိယအကြောင်းမှာ ကျောက်ကပ်တွင်းရောဂါ များဖြစ်သည်။ အတွေ့ရအများဆုံးမှာ ကျောက်ကပ်သို့ သွေးစီး၀င်မှု လျော့နည်းစေသည့်ရောဂါ အခြေအနေက အချိန်ကြာမြင့်စွာ ဖြစ်သွားချိန်တွင် ကျောက်ကပ်လုပ်ငန်းတုံ့ဆိုင်း၊ တု့ံဆိုင်းဖြစ်ရာမှ စတင်ပျက်စီးခြင်း၊ ဆက်လက်ပျက်စီးခြင်းသို့ ရောက်သည့်အခြေအနေဖြစ်သည်။ ကျောက်ကပ်သို့ သွေးစီး၀င်မှု ပြန်ကောင်းအောင် အရည်ဖြည့်၊ သွေးသွင်းစသည် တို့လုပ်နိုင်လျှင်ပင် အခြေအနေက အနည်းငယ်နောက်ကျသွားပြီဖြစ် သဖြင့် ကျောက်ကပ်ပျက်စီးခြင်းကတော့ စသွားပြီဖြစ်သည်။ ကျောက်ကပ်ပျက်စီးခြင်းလက္ခဏာများကိုကု၊ ပျက်စီးသမျှကို ပြုပြင်ပြီး ကျောက်ကပ်လုပ်အားပြန်တက် လာချိန်ကိုစောင့်ရန်သာရှိတော့သည်။ တစ်ခါတစ်ရံ ကျောက်ကပ် သူ့ဘာသာနာလန်ပြန်ထူပေမယ့် တစ်ခါတစ်ရံ ကျောက်ကပ်ဆေးခြင်းဖြင့် ကူရသည်လည်း ရှိတတ်သည်။
အာဂန္တုကျောက်ကပ်ပျက်စီးစေသည့် ကျောက်ကပ်တွင်းရောဂါနောက်တစ်မျိုး မှာ ဆေးများကြောင့် ကျောက်ကပ်ထိခြင်းဖြစ်သည်။ ယင်းဆေးများစာရင်းတွင် အကိုက်အခဲပျောက်ဆေး၊ ပဋိဇီ၀ဆေးများနှင့် ဓာတ်မှန်ရိုက်ရာတွင် သုံးသည့် ထိုးဆေးများပါသည်။ တခြားကိုယ်တွင်းရောဂါ မျိုးစုံကြောင့် နောက်ဆက်တွဲ အနေဖြင့် ကျေက်ကပ်ထိခြင်း၊ ကျောက်ကပ်ရောင်ခြင်းများလည်း ရှိသည်။ တညင်းသီးက ကျောက်ကပ်ပျက်စီးစေခြင်းမှာ ကျေက်ကပ်နှစ်ဖက်အတွင်းရှိ ဆီးလမ်းကြောင်းငယ်လေးများ တွင် တညင်းသီးမှ ထွက်လာသည့်ဓာတုပစ္စည်းများက အနည်ကျ ပိတ်စေခြင်းကြောင့်ဖြစ်သည်။ သွေးပေါင်ချိန် အလွန်အကျွံမြင့်တက်ခြင်းကလည်း ကျောက်ကပ်ကို ရုတ်ချည်းပျက်စီးစေနိုင်သည်။ တချို့ ကင်ဆာရောဂါတို့၏ လက္ခဏာတစ်ခုအနေဖြင့် ကျောက်ကပ်ရောင်နိုင်သကဲ့သို့ ကင်ဆာရောဂါကို ကုသခြင်း၏နောက်ဆက်တွဲ အနေဖြင့် ကျေက်ကပ်ကိုထိခိုက်နိုင်သည်။ ထို့အတူ ခန္ဓာကိုယ်သွေးဆိပ်တက်ခြင်း၊ သွေးကြောရောင်ရောဂါ များကလည်း ကျောက်ကပ်ကိုရုတ်တရက်ပျက်စီးစေနိုင်သည်။
ရုတ်ချည်းကျောက်ကပ်ပျက်စီးစေသည့် ရောဂါများကို ဆေးပညာသဘောအရ ကျောက်ကပ် မရောက်မီ ရောဂါများ (Prerenal)၊ ကျောက်ကပ်တွင်းရောဂါများ (Renal) နှင့် ကျောက်ကပ်အထွက်ရောဂါ များ (Postrenal) ဟု အုပ်စုသုံးစုခွဲခြား သတ်မှတ်လေ့ရှိသည်။ ကျောက်ကပ်တွင်းရောဂါများကတော့ နာမည်အရ ရှင်းပြီးဖြစ်သည်။ ကျောက်ကပ်သို့ သွေးစီးဆင်းမှုလျော့နည်းစေသည့် ရောဂါများကို Prerenal၊ ကျောက်ကပ်မှ အထွက်ဆီးလမ်းကြောင်းပိတ်ရောဂါများကို Post renal ဟု အမည်မှည့် သတ်မှတ်ကြခြင်းဖြစ်သည်။ အာဂန္တုကျောက်ကပ်ပျက်စီးခြင်း ရောဂါများက တချို့လူနာများတွင် ကျောက်ကပ် ပျက်စီးမှု ပိုဆိုးရွားသည်။ တချို့လူနာများတွင်တော့ ထင်သလောက် မဆိုး၊ မှန်းထားသလောက် မပျက်စီးတတ်။ ယင်းသို့ဖြစ်ရခြင်းမှာ တချို့အခံရောဂါရှိသူများသည် ကျောက်ကပ်ပျက်စီးရန် အလားအလာပိုများသည်။ ဖြစ်ပြီဆို လျှင်လည်း အသည်းအသန်၊ အပြင်းအထန်ပိုဆိုးသည်။ အသက်အရွယ်ကြီးသူ၊ သွေးချိုရောဂါအခံ ရှိသူ၊ နှလုံးညှစ်အားနည်းနေသူ၊ အခံအသည်းရောဂါ၊ ကျောက်ကပ်ရောဂါရှိသူများသည် ကျောက်ကပ် ပိုထိလွယ်သည်။ ပိုပျက်စီးလွယ်သည်။
ကျောက်ကပ်လုပ်အား ရုတ်ချည်းကျစေသည့်ရောဂါများစာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ထူးထူးခြားခြား ရောဂါအုပ်စုတစ်မျိုးပါသေးသည်။ မြွေကိုက်ခံရသဖြင့် ကျောက်ကပ်ပျက်စီးခြင်းဖြစ် သည်။ မြန်မာနိုင်ငံတစ်၀န်း၊ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် အကိုက်အများဆုံးဖြစ်သည့် မြွေပွေး သည် လူနာ၏သွေးကြောနံရံများကို ထိခိုက်စေသည်။ သွေးခဲမှုလုပ်ငန်းစဉ်ကို ပျက်စီးစေသည်။ ထို့ကြောင့် မြွေးပွေးကိုက်ခံ၊ မြွေဆိပ်တက်လူနာသည် မြွေဆိပ်ဖြေဆေးအချိန်မီ မထိုးပါက သွေးကမခဲနိုင်၊ ခန္ဓာကိုယ်အနှံ့မှ သွေးယို၊ သွေးမတိတ်၊ ထို့နောက် ကျောက်ကပ်ပျက်စီးခြင်းသို့ ဆိုက်သည်။ အကောင်းပကတိ ကျောက်ကပ်သည် နာရီပိုင်း၊ ရက်ပိုင်းအတွင်း ပျက်စီးခြင်းဖြစ်သည်။ များသော အားဖြင့် ရောဂါပြင်းထန်လွန်းသဖြင့် ကျောက်ကပ်ဆေးခြင်းဖြင့် အသက်ဆက် ရသည်။ မြွေဆိပ်ပြေပြီး ကျောက်ကပ်လုပ်ငန်းပုံမှန် ပြန်ရချိန်မှ ကျောက်ကပ်ဆေးရပ်ရသည်။
နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းက အချိန်ယူပြီး တဖြည်းဖြည်းချင်း ခန္ဓာကိုယ်အနှံ့အင်္ဂါများအားလုံးကို ပျက်စီးစေခြင်းကြောင့်ရောဂါလက္ခဏာစုံသည်။ တဆွေးဆွေး တမြည့်မြည့်နှင့်ရောဂါလက္ခဏာများကို ခံစားရသလို ရောဂါရင့်ချိန်တွင် အပြင်းအထန်ခံစားရသည်။ အာဂန္တုကျောက်ကပ်ပျက်စီးခြင်းကတေ့ အကောင်းပကတိကျောက်ကပ်က ရုတ်ချည်းပျက်စီး ခြင်းဖြစ်သဖြင့် ရောဂါလက္ခဏာက နာတာရှည်လောက် အမျိုးမစုံ။ သို့ပေမယ့် ပြင်းထန်သည်။ များသောအားဖြင့် ဆီးနည်းသွားခြင်းက သိသာသည်။ တစ်နာရီလျှင် 30 မီလီမီတာထက် နည်းခြင်းဟု သတ်မှတ်သည်။ ယင်းပမာဏက ဆီးအိမ်တွင်းကျန်နေနိုင်ရာ ဆီးပိုက်ထည့်ထားသည့် လူနာများတွင် ပိုသိသာသည်။ ရေသောက်နည်းလျှင်၊ ရေဓာတ်အ၀င်နည်းလျှင်လည်း ဆီးနည်းတတ်ရာ ဆီးနည်းတိုင်း ကျောက်ကပ် အလုပ်မလုပ်၊ ကျောက်ကပ်ပျက်ပြီးဟုဆိုရခက်သည်။ အထက်လှန်အောက်လျှော ဖြစ်သူ၊ သွေးထွက် လွန်သူ၊ သွေးဆိပ်တက်နေသူ၊ အပြင်းအထန် ရောဂါတစ်ခုခု ခံစားနေရသူ၊ အချိန်နာရီလိုက်ပြီး ဆီးထွက်နည်းလျှင်တော့ ဆရာ၀န်က ကျောက်ကပ် လုပ်အားကျနေပြီ လားဟု စဉ်းစားသည်။ ကျောက်ကပ်ဆိပ်တက်ပြီး သွေးတွင်း ဓာတ်ပစ္စည်းတို့ Urea, Creatine တို့တက် နေသည်။ လူနာကလည်း ကျောက်ကပ်ဆိပ်တက်သည့် ရောဂါ လက္ခဏာများပြလာသည်။ လူနာက အောက်စီဂျင် ငတ်၊ အသက်ရှူမ၀၊ မောလာသည်။ အာဂန္တု ကျောက်ကပ်ပျက်စီးခြင်း၏ လက္ခဏာများတစ်စထက်တစ်စဆိုး၊ ပိုပီပြင်၊ ပိုသိသာလာသည်။
အာဂန္တုကျောက်ကပ်ပျက်စီးသည့် လူနာကို ဆရာ၀န်က အခံရောဂါကိုကုသည်။ အထက်လှန်အောက်လျှော ရေဓာတ်နှင့် သတ္တုဓာတ်ဆုံးရှုံးသမျှကို ပြန်ဖြည့်ပေးသည်။ ရောဂါပိုးဆိပ်တက်ခြင်း အတွက် ပဋိဇီ၀ဆေးပေးသည်။ ရေဓာတ်အ၀င်အထွက်ကိုညှိပေးသည်။ သွေးတွင်း သတ္တုဓာတ်အပြောင်းအလဲ ကို ပြုပြင်ပေးသည်။ အဆုတ်၊ နှလုံး၊ ဦးနှောက်တို့ကို အနီးကပ်စောင့်ကြည့်သည်။ ပျက်စီးသမျှကို လိုက်ဖြည့်ဆည်းပေးသည်။ ကြည့်ရင်း၊ ကုရင်း ဆိုးလာ သည့်အခြေအနေကို ကျောက်ကပ်ဆေးခြင်းဖြင့် ကူရသည်။
လူအများစိတ်၀င်တစား သိလိုသည့်အချက်တစ်ခုရှိသည်။ ရေရှည်အတွက် စိုးရိမ်ကြသည်။ အာဂန္တုကျောက် ကပ်ပျက်စီးခြင်းက တချို့ပကတိပြန်ကောင်းသွားပေမယ့် နောင်တစ်ချိန် နာတာရှည်ကျောက်ကပ် ပျက်စီးခြင်း ဖြစ်သွားမည်လားဟု သိလိုကသည်။ အာဂန္တုက တစ်၀က်တစ်ပျက်ပြန်ကောင်းပြီး ပြန်နာလန် မထူတော့ဘဲ နာတာရှည်အဖြစ် ကူးသွားမည်လည်း စိုးရိမ်ကြသည်။
အာဂန္တု ကျောက်ကပ်နာတာရှည် ဖြစ်၊ မဖြစ်က အသည်းရောဂါနှင့် ဆင်ဆင်တူသည်။ အသည်းရောင်ခြင်း မျိုးစုံရှိသည်။ မျက်လုံးဝါ၊ အသည်းရောင်ပြီး တချို့က ပကတိပြန်ကောင်းကြသည်။ နာတာရှည်ပြဿနာမရှိ။ အသည်းရောင်အေပိုးကြောင့် အသည်းရောင်ခြင်းနှင့် တီဘီဆေးကြာင့် အသည်းထိခြင်းတို့သည် ရောင်ချိန်တွင်တော့ တစ်ခါတစ်ရံ အလွန်ဆိုးနိုင်သည်။ အများစုမှာ အချိန်တန်ပြန်ကောင်းကြပြီး၊ ပြန်ကောင်းပြီးနောက် နာတာရှည် အသည်းရာဂါအဖြစ် ပြောင်းသွားလေ့မရှိ။ အရက်ကြောင့်အသည်း ရောင်ခြင်းသည် အရက်ဆက်သောက်ပါက နာတာရှည်အသည်းရောဂါ အဖြစ်ပြောင်း၊ ရောင်ရာမှမာ၊ မာရာမှ ကျွမ်းစသည်ဖြင့် တိုးဆိုးသွားလေ့ရှိသည်။
အာဂန္တုကျောက်ကပ်ရောင်ခြင်းများတွင်လည်း ကျောက်ကပ်သို့သွေးစီး၀င် မှု လျော့နည်းခြင်းကြောင့် ဖြစ်သည့် အခြေအနေများသည် ဆိုးရွားလျှင်ဆိုးရွား၊ ပြန်ကောင်းလျှင်တော့ ပုံမှန်ပြန်ဖြစ်လေ့ရှိသည်။ မြွေကိုက်ကျောက်ကပ် ပျက်စီးခြင်းလည်းအလားတူပင်။ သို့ပေမယ့် ကျောက်ကပ်ရောင်ရောဂါတချို့ ၊ ကျောက်ကပ်ပျက်စီးခြင်း တချို့သည် ရောင်ခြင်းဖြစ်စဉ် ငြိမ်သွားလေ့မရှိဘဲ နာတာရှည် ကျောက်ကပ်ရောဂါအဖြစ်သို့ ပြောင်းသွားလေ့ရှိသည်။
အချုပ်ဆိုရသော် အာဂန္တုကျောက်ကပ်ပျက်စီးခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသောရောဂါတစ်ခုဖြစ်သည်။ နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းသို့ ပြောင်းလဲသွားခြင်းမရှိလျှင်ပင် ဆိုးရွားသည့် အာဂန္တုကျောက်ကပ် ပျက်စီးခြင်းသည် အသက်အန္တရာယ်ရှိသည်။ ယင်းပြင်းထန်ဆိုးရွားသည့် အာဂန္တုကျောက်ကပ်ပျက်စီးခြင်း ကို ဖြစ်စေသောရောဂါများ၊ အခြေအနေများသည် ကာကွယ်ရလွယ်သည်၊ သတိထားပြီး စောစောကုလို့ ရသည်။ ဤနည်းဖြင့် ပြင်းထန်၊ ဆိုးရွား အာဂန္တုကျောက်ကပ်ပျက်စီးခြင်း အန္တရာယ်ကို ရှောင်ရှားနိုင်မည်ဖြစ်ပါ သည်။
Credit; ပါမောက္ခနေ၀င်း (ဆေးပညာ)
Health Digest Journal
Vol: 12, No: 41 + 42 + 43




























