အားပေးရတာ လွယ်တယ်
ခေတ်အလျောက် ဆေးကုထုံးတွေက တိုးတက်လာတဲ့နေရာမှာ ကင်ဆာကုထုံး တိုးတက်မှုတွေလည်းပါတယ်။ အချို့သော အသည်းကင်ဆာသမားတွေကို Sorafenib ဆိုတဲ့ Tyrosine Kinase Receptor Inhibitor ကို ပေးတယ်။ ကင်ဆာမှာ Growth Factor Receptor ဆိုတဲ့ ခလုတ်ကလေးတွေပါတယ်။ အကြောင်းအမျိုးမျိုး၊ နည်းအမျိုးမျိုးနှင့် ဒီခလုတ်လေးတွေကို ဖွင့်မိရင် ဆဲလ်တွေကပွားတော့တာပဲ။ ဒီခလုတ်ကလေးတွေ နှိပ်မိသည့်တိုင်အောင်၊ အတွင်း လမ်းကြောင်းဖြစ်တဲ့ ဆဲလ်ပွားရာမှာပါ၀င်တဲ့ Tyrosine Kinase ဆိုတဲ့ Enzyme ကို ပိတ်ထားလိုက်ရင် ကင်ဆာဆဲလ် တွေ မပွားနိုင်တော့ဘူး။ ကျုံ့လို့များတောင်သွားနိုင်သေးတယ်။ ဒါမေယ့် ခက်တာကဘယ်လောက် ကြာအောင် သောက်ရမယ်ဆိုတာကို မသိဘူး။ နောက်ပြီး ပုံမှန်များများပွား၊ များများပျက်ဆိုတဲ့နည်းနှင့် အလုပ်လုပ်နေတဲ့ အစာ အိမ်၊ အူလမ်းကြောင်းက ဆဲလ်တွေ၊ လျှာ၊ ပါးစောင်၊ အရေပြားတွေဟာ ဒီဆေးရဲ့ သက်ရောက်မှုကိုခံရတယ်။ Hand-Foot-Mouth Syndrome လို့ခေါ်တဲ့ ပါးစပ်မှာ အနာလေးတွေ ပေါက်တယ်၊ နာတယ်၊ ၀မ်းလျှောတယ်၊ လက်ဖဝါး၊ ခြေဖဝါးမှာ အရည်ကြည်ဖုလေးတွေ ပေါက်တယ်၊ အနာလေးတွေ ပေါက်တယ်၊ အဲဒါကိုမသောက်ခင် ကြိုတင်ဒီလိုရှင်း ပြတယ်။ “လက်ဖဝါး၊ ခြေဖဝါးနှင့် ပါးစပ်မှာ အနာလေးတွေ၊ အရည်ကြည်ဖုလေးတွေ ပေါက်တတ်တယ်။ နည်းနည်းပေါက်ရင် ဆက်သောက်၊ ပေါ်လိုက်၊ ပျောက်လိုက်ပဲ။ များများပေါက်ရင်တော့ ရပ်၊ ဆေးအချိန်အဆလျှော့မယ်” လို့ မှာလိုက်တယ်။ “ပါးစပ်နာတဲ့လူတွေကို လိမ်းဆေးလေးတွေ ညွှန်းပြီးဆေးဆက်စားခိုင်းတယ်။ လက်နာတဲ့လူကို သိပ် မများရင် ဆက်သောက်ပါလို့ အားပေးရတယ်။ ခြေဖဝါးမှာ နည်းနည်းနာပေမယ့် ကြိုးစားလျှောက်လို့ရတယ်” လို့ ပြောတဲ့လူတွေလည်းရှိတယ်။
အသည်းကင်ဆာ မဟုတ်ပေမယ့် ကိုယ်ကိုယ်တိုင် ဒီအရေအခင်းတစ်ခုကို ကြုံရတယ်။ Afatinib ဆိုတဲ့ ဆေးကို တစ်နေ့တစ်လုံးသောက်ရတယ်။ 40 mg သောက်ရတယ်။ စင်ကာပူက ပြည့်ပြည့်စုံစုံမှာ ရှာတယ်။ လိုက်ကူသူ မိတ်ဆွေ ဆရာ၀န်ကလည်း ပြည့်ပြည့်စုံစုံ စာရေးမှတ်သားထားသူဖြစ်တယ်။ စသောက်ပြီး 4 ရက်လောက်နေတော့ ၀မ်းပျော့ပျော့တွေ သွားပါလေရော။ ခဏခဏ၀မ်းသွားရင် စအိုပူတယ်။ စအိုဆေးတာ၊ ရေဖျန်းခေတ်မို့သာ တော်တော့တယ်။ တစ်ခါတလေ သန့်စင်ခန်းရောက်အောင် အမြန်ပြေးရတဲ့အခါလည်းရှိတယ်။ ဒါပေမယ့် သူတို့ပြောသလို Loperamide ကို မသောက်ဘူး။ ၀မ်းချုပ်လို့ ၀မ်းညှစ်လို့တာထက်စာရင် ၀မ်းလျှောလို့ စအိုပူတာနည်းနည်းသက်သာတယ်လို့ ထင်တယ်။ နောက်တော့ သောက်ရင်းနှင့် တစ်နေ့နှစ်ခါလောက် သွားတယ်။ တစ်လုံး၊ နှစ်လုံးသောက်ပြီး ၀မ်းအလွန်သွားလို့ ရပ်ရတာတွေလည်းရှိတယ်။ နောက်တစ်ခုလာပြန်ရော။ ပါးစပ်နာ၊ လျှာနာ၊ စားရခက်နေတယ်။ ထမင်းပျော့ပျော့ ချက်ကျေွးပေမယ့် လက်သီးဆုပ်လောက်ကလေးကို မနည်းအချိန်ယူစားရတယ်။ အဖတ်ပါလာရင် လျှာရဲ့ သဘာ၀က ဘယ်၊ ညာ၊ အထက်သွား၊ အောက်သွားတွေကို ပို့တယ်။ လျှာနာနေတဲ့အခါကျတော့ ထိတာနဲ့ မခံနိုင်တော့ဘူး။ အဖတ်ကို မပါစေချင်ဘူး။ ဆန်ပြုတ်ဆိုရင်လည်း အသား၊ ငါးအဖတ်တွေ ကြေနေအောင် ချေပေး စေချင်တယ်။ ပဲဟင်းရည်နှင့် ရောလိုက်တဲ့အခါ တစ်ခါတည်း ခွက်စောင်းသောက်လို့ ရသွားတယ်။ 3 ရက်၊ 4 ရက် အစာပြတ်လို့ အားယူတက်ရတဲ့လှေကားကိုလည်း အတက်မခက်တော့ဘူး။ ရှိသမျှ အသီးအရွက်တွေကိုလည်း Juicer ဆိုတာနှင့် ကြိတ်လိုက်ရင်အရည်ဖြစ်သွားရော။ လျှာအစပ်ခံပြီး သောက်လိုက်ရင် ဟင်းသီးဟင်းရွက် မစားဘူးလို့ ပြောနေတဲ့ကိစ္စက ရှင်းသွားရော။ အသီးတွေလည်းအရည်ဖျော်တော့ အသီးအနှံမစားဘူးဆိုတဲ့ ကိစ္စလည်းရှင်းသွား တယ်။ ပါးစပ်ကို ဓာတ်မီးလေးနှင့်ကြည့်ပြီး ဆရာ၀န်လေးတွေက အနာရှိရာ ဆေးထည့်ပေးကြတယ်။ စကားပြောရင် အသံမပီဘူး။ သွားရည်ကလည်း ယိုကျတယ်။ သူတို့က အလျဉ်းသင့်သလို တစ်သျှူးလေးတွေနှင့် သုတ်ပေးရှာမှ လူလူသူသူနည်းနည်း ဖြစ်သွားတယ်။ ပါးစပ်ပျောက်တော့၊ လက်နာတာ လာပြန်ရော။ အင်မတန် နူးညံ့တဲ့အထိအတွေ့တွေကိုသိတဲ့ လက်ဖျားတွေဟာ အလွန်အမွေးထူတဲ့ တဘက်စလိုထူနေတယ်။ ဘာနှင့်ထိထိ နာတယ်။ ကိုယ့်လက်ချင်း ထိမိရင်လည်း နာတယ်။ ဘာလေးလုပ်လုပ်၊ ဟိုနားအဖျားခတ်ထိ၊ ဒီနားအဖျားခတ်ထိတာဟာ ဟိုး အရင်အခါက မသိခဲ့ပေမယ့် အခုတော့ ထိတိုင်းလည်းသိနေပြီ။ တစ်ခါတလေ အော်တောင်အော်ရတယ်။ လက်အနာ ကိုလည်း ဆေးထည့်ရသေးတယ်။ လက်ရဲ့အထိအတွေ့က အရှိန်ကိုသတ်တာဖြစ်တယ်။ အထိအတွေ့ အားနည်းရင် ကိုင်တွယ်တဲ့အရှိန်ဟာ မထိန်းနိုင်ဘူး။ လက်ကလေး စားပွဲပေါ် ချတာနဲ့ နာတော့တာပဲ။ လက်နာတာကတော့ တဖြည်းဖြည်း ပျောက်နေပါပြီ။ ဒါပေမယ့် ဖနောင့်တော့ နည်းနည်းနာတယ် ထင်တာပဲ။ ကျောကုန်းတွေ၊ ပေါင်တွေ၊ လက်မောင်းတွေက ခြောက်၊ အနီဖုတွေက ထွက်၊ ယားတယ်၊ နေပူမထွက်ဝံ့ဘူး၊ Lotion လေးတွေလိမ်းနေရတယ်။ ခါတိုင်း အမြဲနှာရည်ယိုတဲ့လူမှာ နှာရည်မယိုတော့ဘဲ နှာခေါင်းဖေးတွေပဲ လာထပ်နေတယ်။ ဒါလည်း Forcep လေးတွေနှင့် ချူရ၊ ဖယ်ရ လုပ်နေရတော့တယ်။ မြန်မြန်နေကောင်းပါစေ။ မိတ်ဆွေ သမ္မတ၊ ဒုတိယသမ္မတ ရွေးပွဲတွေကို စိတ်အေးအေးလေးနှင့် ကြည့်ချင်လို့ပါ။
Credit; ပါမောက္ခဒေါက်တာသံစစ်
Health Digest Journal
Vol; 13, No; 26, 23- 3- 2016





























