အုန်းဆီစစ်စစ်ရဲ့ အသုံး၀င်ပုံများ
အုန်းဆီဆိုတာ အရင်တုန်းကတည်းက ခေါင်းလိမ်းစရာဆီအဖြစ် မြန်မာတွေ အိမ်တိုင်းနီးပါးဆောင်ထားတတ်ကြတဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ တချို့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဟင်းချက်ဆီအဖြစ်တောင် တွင်ကျယ်စွာ အသုံးပြုကြပါသေးတယ်။ မြန်မာတွေကတော့ ဟင်းချက်ဆီအဖြစ် မသုံးရဲကြဘဲ အုန်းနို့ခေါက်ဆွဲ၊ အုန်းထမင်းတွေ စားရင်တောင် သွေးတက်တယ် ယူဆကြလို့၊ အဲဒါတွေ စားဖို့ ဆင်ခြင်တတ်ကြပါတယ်။ တကယ်တော့ အုန်းဆီဟာ အာဟာရတန်ဖိုးများပြီး လူကို အကျိုးပြုတာကြောင့် တခြားနိုင်ငံတွေမှာတော့ စူပါအစားအစာ အဖြစ်တောင် လက်ခံစားသုံးနေကြပါပြီ။ အာဟာရသာမက၊ ဆေးဝါးအဖြစ်ပါ သုံးစွဲနေကြပါတယ်။ အုန်းဆီရဲ့ လူကို ကျန်းမာရေးအထောက်အကူပြုတာတွေ လေ့လာရင် အောက်ပါအတိုင်းတွေ့ရတယ် -
1) အစားအများကြီး စားချင်စိတ်ကို လျှော့ချပေးနိုင်တယ်
အ၀လွန်သူတွေနဲ့ ၀ိတ်လျှော့ချင်နေသူတွေအတွက် သတင်းကောင်းကတော့ အစားမစားခင်မှာ အုန်းဆီကို စားပွဲတင်ဇွန်း တစ်ဇွန်းစာ အရင်သောက်ထားလိုက်ရင် ပါတဲ့အဆီဓာတ်တွေက ကိုယ်ထဲမှာ ဓာတ်ပြုပြီး ထွက်လာတဲ့ ကီတုန်းဘော်ဒီတွေကြောင့် အစားအများကြီးစားချင်စိတ်ကို လျော့ကျစေပါတယ်။ မစားခင် နာရီ၀က်၊ တစ်နာရီလောက် ကြိုတင်သောက်သုံးသင့်ပါတယ်။ အစားသိပ်မစားဖြစ်တော့ အ၀မလွန်တော့ဘူးပေါ့။
2) 2010 ပြည့်နှစ်က ထုတ်ေ၀ခဲ့တဲ့ အိန္ဒိယဆေးဝါးဂျာနယ်
၎င်းမှာ ဖော်ပြထားတာက အုန်းဆီနဲ့ ဖြည့်စွက်ပြုလုပ်ထားတဲ့ အစားအစာတွေဟာ Glucose Tolerance Level ကို ပိုမိုကောင်းမွန်စေပြီး၊ စုပေါင်းကိုလက်စထရောလ် ပမာဏကိုလည်း ကျဆင်းစေတယ်။ အုန်းဆီမှာပါတဲ့ အကျိုးပြုအဆီတွေက အခုလို ရလဒ်ကောင်းရရှိစေတာပါ။ ဆီးချိုသမားတွေ၊ ကိုလက်စထရောလ် တက်နေတဲ့ သူတွေအနေနဲ့ အုန်းဆီတစ်နေ့ ထမင်းစားဇွန်းနဲ့ တစ်ကြိမ်စီလောက် သုံးဆောင်ပေးရင် အကျိုးရှိပါတယ်။ မြန်မာ အယူအဆနဲ့ ပြောင်းပြန်ဖြစ်နေပေမယ့် သုတေသနရလဒ်တွေအရ ကျန်းမာရေးအထောက် အကူပြုတာတွေ့ရတယ်။ အုန်းဆီသက်သက် မသောက်ချင်ရင် ဟင်းတစ်မျိုးမျိုးကို အုန်းဆီပါ ထည့်သုံးပြီး ချက်ပြုတ်စားသောက်ရင် အလားတူအကျိုးရှိစေပါတယ်။
3) အအေးနာတွေ ပျောက်ကင်းစေတယ်
အုန်းဆီမှာ ဗိုင်းရပ်စ်ပိုးတွေ နှိမ်နင်းနိုင်တဲ့ သတ္တိရှိတာကြောင့် နှင်းကိုက်နာလို Cold Sore တွေကို နာကျင်မှုလည်း သက်သာစေပြီး၊ အနာပျောက်ကင်းမှုလည်း မြန်ဆန်စေပါတယ်။ အနာတွေပေါ် တစ်နေ့ 3-4 ကြိမ် လိမ်းကျံပေးရုံပါပဲ။
4) ကင်ဒီဒါ မှိုစွဲရောဂါကို ပျောက်ကင်းစေနိုင်တယ်
အုန်းဆီထဲပါတဲ့ လောရစ်အက်စစ် (Lauric Acid) က ကင်ဒီဒါ မှိုပိုးတွေကို သေကျေစေပါတယ်။ ကင်ဒီဒါ (Candida) လို့ခေါ်တဲ့ ယိစ်ရောဂါပိုး စွဲကပ်နေရင် အုန်းဆီလိမ်းပေးခြင်း၊ အုန်းဆီသောက်ပေးခြင်း ပြုလုပ်နိုင်ပါတယ်။
5) အပူလောင်နာတွေ အမြန်ပျောက်စေတယ်
အပူလောင်နာတွေ၊ ရေနွေးပူလောင်နာတွေကို အုန်းဆီမှန်မှန် လိမ်းပေးရင် အနာကျက်မြန်စေတာ တွေ့ရတယ်။
6) ခါးတောင်းကျိုက် (Diaper Rash)တွေ အပျောက်မြန်စေတယ်
မှိုစွဲရောဂါတွေကိုနိုင်တဲ့ အုန်းဆီကို ဆီပူလောင်တာတွေ၊ ခါးတောင်းကျိုက် အပူလောင် ဒဏ်ရာတွေပေါ်လိမ်းကျံပေးရင် နာကျင်ညပြီး အနေရခက်တာတွေ သက်သာပြီး အပျောက်မြန်စေတယ်။ ကလေးမိခင် တိုင်း အသုံးပြုသင့်တယ်။ အကုန်အကျလည်း သက်သာ၊ အနာအဆာလည်း အမြန်ပျောက်ကင်းစေတယ်။
7) ကြွက်နို့ရောဂါ ပျောက်ကင်းစေတယ်
ကြွက်နို့ရှိတဲ့နေရာပေါ် အုန်းဆီရွှဲရွှဲလိမ်းပြီး နေ့စဉ်ပတ်တီးစည်းပေးထားရင် တစ်လလောက် ကြာတော့ ကြွက်နို့သက်သာပျောက်ကင်းသွားစေပါတယ်။ ဆက်တိုက်ပြုလုပ်ပေးဖို့သာလိုပါတယ်။
8) နေရောင်ကာလိမ်းဆေးအဖြစ် အသုံးပြုနိုင်တယ်
အပြင်ထွက် အလုပ်လုပ်ကြရတဲ့ အလုပ်ကြမ်းသမားတွေအတွက် ဈေးကြီးတဲ့ နေရောင်ကာ လိမ်းဆေးမသုံးနိုင်ရင် အဲဒီအစား အုန်းဆီကို နေရောင်ထိနိုင်တဲ့ နေရာအားလုံး လိမ်းပေးထားရင် နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်ကို 30 ရာခိုင်နှုန်းအထိ ကာကွယ်ပေါ်နိုင်စွမ်းရှိပါတယ်။ ဗီတာမင် D ရရှိဖို့ နေစာလှုံတဲ့သူတွေ အနေနဲ့လည်း နေရောင်ထဲ မသွားခင် အုန်းဆီလိမ်းပေးထားနိုင်ပါတယ်။
9) လိပ်ခေါင်းရောဂါ ပျောက်ကင်းစေတယ်
လိပ်ခေါင်းဖြစ်တဲ့နေရာပေါ်ကို အုန်းဆီနေ့စဉ် တိုက်ရိုက်လိမ်းပေးရင် နာကျင်မှုတွေ၊ ရောင်ရမ်းမှုတွေ သက်သာပျောက်ကင်းစေတယ်။ ၀မ်းသွားရလည်း လွယ်ကူစေပါတယ်။
10) အင်းဆက်ပိုးတွေ၊ ခြင်တွေ ကိုက်ရင်လည်း လိမ်းပေးနိုင်တယ်
အင်းဆက်ပိုးတွေ၊ ခြင်တွေကိုက်ရင် အဖုထပြီးယားယံနာကျင်ပါတယ်။ အဲဒီနေရာကို မကုတ်ဖဲ့ဘဲ အုန်းဆီကို လိမ်းပေးရင် ယားယံမှုလည်း ပျောက်ကင်းစေပြီး၊ ရောင်ရမ်းမှုလည်း ကျစေပါတယ်။
11) ၀က်ခြံပျောက်စေတယ်
အုန်းဆီကို ဟင်းချက်ဆီအဖြစ် သုံးစွဲရင် ၀က်ခြံဖြစ်စေတဲ့ ဟော်မုန်းမညီမျှမှုကိုလည်း ထိန်းညှိပေးတယ်။ အုန်းဆီ အသင့်အတင့် ထည့်ချက်တဲ့ဟင်းဟာ အနံ့လေးသင်းသင်းနဲ့ စားမြိန်စေပါတယ်။ ဥပမာပြောရရင် ချဉ်ငန်စပ် အရသာရှိတဲ့ ထိုင်းတုံယမ်းဟင်းရည်စားကြည့်ရင် အုန်းဆီနံ့သင်းသလို၊ စားသုံးရတာ အရသာလည်းကောင်း၊ ခံတွင်းလည်း လိုက်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးထိခိုက်စေတဲ့ စားအုန်းဆီစားသုံးမယ့်အစား ကျန်းမာရေးကို အမျိုးမျိုး အထောက်အကူပေးတဲ့ အုန်းဆီစစ်စစ်ကိုသာ ဟင်းချက်ဆီအဖြစ် သုံးစွဲဖို့ အကြံပြုချင် ပါတယ်။ အဲဒီနည်းနဲ့ အုန်းဆီကိုသာ ဟင်းချက်ဆီအဖြစ်သုံးရင် ၀က်ခြံမပေါက်အောင် ကာကွယ်ပေးသလို၊ ၀က်ခြံရှိနေရင်လည်း သက်သာပျောက်ကင်းစေတယ်။ ဒါ့အပြင် ၀က်ခြံနေရာပေါ်အုန်းဆီလိမ်းပေးရင်လည်း အရောင်ကျစေပြီး ဗက်တီးရီးယားတွေကို တိုက်ခိုက်နိုင်စွမ်းရှိလို့ အနာမရင်းတော့ဘဲ ပျောက်ကင်းလွယ်စေတယ်။ အမာရွတ်လည်း ထင်ကျန်မှုသက်သာစေတယ်။ အရေးကြီးတာက ၀က်ခြံကို မညှစ်မိ မဆိတ်ဆွမိဖို့လည်း လိုအပ်ပါတယ်။
12) မီးဖို မီးစတင်ရှို့ဖို့ ဓာတ်ဆီအစား သုံးနိုင်တယ်
ခရီးသွားလို့၊ ပျော်ပွဲစားသွားလို့ မီးပုံပွဲကျင်းပချင်တယ်ဆိုရင် ဓာတ်ဆီပုံး ပါမသွားလို့ စိတ်ပူစရာ မလိုပါဘူး။ ဂွမ်းစအလုံးတစ်ခုကို အုန်းဆီထဲထည့်စိမ်ပြီး မီးညှပ်နဲ့ကိုင်ကာ မီးကူးဖို့၊ မီးစတင်ပျိုးဖို့ မီးလောင်လွယ် ပစ္စည်းအဖြစ်သုံးနိုင်ပါတယ်။
13) အနာစိမ်းတွေ ပေါက်ရင်သုံးနိုင်တယ်
ခြေထောက်၊ လက်နဲ့ ပါးစပ်တွေမှာ အနာတွေပေါက်ရင် တင်းကျပ်ကြီးဖြစ်ပြီး အနေရခက်ကာ နာကျင်ယားယံတတ်ပါတယ်။ အဲဒီအနာတွေပေါ်ကို အုန်းဆီမကြာခဏ လိမ်းပေးရင် ယားယံနာကျင်တာတွေ သက်သာပြီး၊ အနာလည်း အမြန်ကျက်စေပါတယ်။
14) ဆံပင်အကျွတ်သက်သာစေပြီး သန်စွမ်းစေတယ်
အရင်ခေတ်ကတည်းက အုန်းဆီကို သူ့ချည်းသီးသန့်ဖြစ်စေ၊ ဒေါနပန်းခက်၊ စကားဝါပန်း စိမ်ပြီး ဖြစ်စေ၊ ခေါင်းလိမ်းဆီအဖြစ် ခေါင်းလျှော်ပြီးတာနဲ့ ကျားရော၊ မပါ အသုံးများခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း စာရေးသူတို့အမေ အဘွားတွေလက်ထက်မှာ “ဆံထုံးတော်ကြီး တမာသီး” မက ဆံပင်တွေအတော်ကျန်ကာ ဆံပင်ကျွတ်တာ၊ ထိပ်ပြောင် နောက်ပါးတာနည်းပါးခဲ့ကြတယ်။ အခုခေတ်မှာတော့ ဆံပင်ဖြောင့်တာ၊ ကောက်တာ၊ ဆိုးဆေး အမျိုးမျိုး၊ ချွတ်ဆေးအမျိုးမျိုးဒဏ်တွေကြောင့် ဆံပင်တွေပျက်စီးကာ ဆံပင်ဖြူလွယ်၊ ကျိုးပြတ်လွယ်ကာ ထပ်ပြောင်တွေ၊ ခေါင်းနောက်စေ့ ဆံပင်ပါးလွှာတာတွေဖြစ်ပေါ်လာတယ်။ အဲဒါမျိုးတွေ မဖြစ်စေရအောင်နေ့စဉ် မဟုတ်တောင် တစ်ပတ်တစ်ကြိမ်၊ နှစ်ကြိမ်လောက်ခေါင်းမလျှော်ခင်၊ အုန်းဆီကို ဆံပင်တွေအနှံ့နဲ့ ဦးရေပြားပေါ်အန့ှံ လိမ်းပေးရင် ဆံပင်ကျွတ်သက်သာတဲ့အပြင်၊ ဆံပင်သန်စွမ်းကျန်းမာစေပါတယ်။ စာရေးသူကိုယ်တိုင်တောင် ဦးရေပြားတွေ စေးကပ်နေတာမကြိုက်လို့ အုန်းဆီမလိမ်းဖြစ်တာအတော်ကြာတော့ ဆံပင်တွေ တအားကျွတ်လာတာ သတိထားမိတယ်။ မကြာခင် “ထိပ်ပြောင်ခြင်းသည်းခံပါ” အဆင့် ရောက်မှာတောင်စိုးရိမ်လာရတယ်။ ဒါ့ကြောင့် အခုတော့ ခေါင်းမလျှော်ခင် တစ်ရက်ခပ်ဖွဖွ အုန်းဆီလိ်မ်းတယ်။ မနက်လျှော်မယ်ဆိုရင် ညအိပ်ရာ၀င် အုန်းဆီများများ အနှံ့လိမ်းအိပ်တယ်။ မနက် ရေခပ်နွေးနွေးနဲ့ ဓာတုပစ္စည်းအပါနည်းတဲ့ ခေါင်းလျှော်ရည်နဲ့ ခပ်ဖွဖွ ပွတ်သပ်လျှော်ပစ် လိုက်တယ်။ ဆိုင်တွေမှာ ခေါင်းလျှော်ရင် ဇိမ်ကျပေမယ့် ခေါင်းလျှော်ရည် စိတ်တိုင်းကျဖြစ်ချင်မှ ဖြစ်တာ ရယ်၊ ခေါင်းတွေ တအားကုတ်ပေး၊ ဘီးကျဲနဲ့ခြစ်ပေး၊ လေမှုတ်စက်အပူကြီးနဲ့ အခြောက်ခံပေးတာတွေက ဆံပင်ပျက်စီးစေ၊ ကျွတ်စေတယ်လို့ ယူဆတာကြောင့် အိမ်မှာပဲ အထက်ပါအတိုင်း ပြုလုပ်တယ်။ တစ်ပတ်၊ နှစ်ပတ်လောက် အုန်းဆီလိမ်းလိုက်တာနဲ့ ဆံပင်ကျွတ်တာ သိသိသာသာ နည်းပါးသွားတာတွေ့ရတာမို့ ဆံပင်ကျွတ်ကာ ထိပ်ပါးစပြုနေသူများ အုန်းဆီမှန်မှန် လိမ်းကျံကြဖို့ တိုက်တွန်းပါရစေ။
အသုံးပြုရတာလည်း လွယ်ကူ၊ ကရိကထလည်းမများ၊ ဈေးလည်းမကြီး၊ အာနိသင် လည်း ပြည့်၀ပြီးမွှေးကြိုင်တဲ့ ရနံ့လည်းပေးတဲ့ လူ့အကျိုးပြု အုန်းဆီကို အထက်ပါအတိုင်း လိုအပ်သလို သုံးစွဲနိုင်ပါကြောင်း ပျိုမေအပေါင်းကို သတင်းကောင်းပါးလိုက်ရပါတယ်။
Credit; ဒေါက်တာအေးမြချယ်
Health Digest Journal, No. 21






























