/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဦးခေါင်းက-သန်းအကြောင်း-အမေးအဖြေ

ဦးခေါင်းက သန်းအကြောင်း (အမေးအဖြေ)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

ကျွန်မကလေးရဲ့ ဦးခေါင်းမှာ ဖြူဖြူအစက်တွေနဲ့ အကောင်ငယ်လေးတွေ တွေ့နေရပါတယ်။ စိတ်ပူလို့ ရှင်းပြပေးပါ။

        ကလေးငယ်ရဲ့ ခေါင်းက ဆံပင်မှာ ဖြူဖြူအစက်အပြောက်လေးတွေ တွေ့ရရင် စိတ်ပျက်စရာပါ။ သန်းစွဲတာ ဖြစ်နိုင်တယ်။ ဦးခေါင်းကသန်းဟာ အဖြစ်များတယ်။ ဒါပေမဲ့ ဒုက္ခတော့ မပေးတတ်ဘူး။

          လူ့အရေပြားမှာ ကပ်ပါးကောင်များ စွဲကပ်တတ်ပါတယ်။ ဥပမာအနေနဲ့ အရေပြား၀ဲရောဂါပေါ့။ အဲဒီလိုပဲ သန်းစွဲကပ်တာဟာလည်း အရေပြားကပ်ပါးကောင်ရောဂါဖြစ်တယ်။ အဖြစ်များပြီးပေါလည်းပေါတယ်။ မိသားစုအတွင်းမှာ ကူးစက်လွယ်ကူးစက်မြန်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။

 

ဦးခေါင်းသန်းဆိုတာ ဘာလဲ။

        ဦးခေါင်းသန်းဆိုတာ ကပ်ပါးကောင်ပါ။ ခြေထောက် ခြေချောင်းရှိတယ်။ လူရဲ့ ဦးခေါင်းနဲ့ဆံပင်မှာ တွယ်ကပ်နေပြီး အရေပြားကို ဖောက်ကာ သွေးစုပ်ယူတယ်။ အရွယ်က နှမ်းစေ့လောက်ပဲရှိတာမို့ အလွယ်တကူ မမြင်ရဘူး။ ဆံပင်တွေမှာ ဥထားတဲ့ဥတွေ တန်းစီကပ်နေပြီး သူတို့ကိုလည်း လွယ်လွယ် မတွေ့မြင်ရဘူး။

 

ဘယ်သူတွေ ဖြစ်တတ်သလဲ။

        ကလေးထိန်းကျောင်း၊ မူကြို၊ မူလတန်းအရွယ် ကလေးငယ်တွေမှာ အများဆုံးဖြစ်ကြတာပါ။ ဒီအရွယ်က စုေ၀းပူးကပ်ပြီး ဆော့ကစားကြတာ၊ ဦးထုပ်၊ ဆံညှပ်၊ ဘရပ်ရှ်တွေကို ယူသုံးမိကြတာတွေကနေ ကူးစက်ကြတာပါ။ ဖြစ်တဲ့ကလေးတွေရဲ့ မိဘတွေလည်း ကူးစက်ခံနိုင်ရခြေများပါတယ်။

 

ဘယ်လိုကူးစက်ပျံ့နှံ့တာလဲ။

        ဦးခေါင်းချင်း တိုက်ရိုက်ထိတွေ့မှုကနေ အဓိက ကူးစက်တာဖြစ်တယ်။ ဦးခေါင်းချင်းထိ၊ ဆံပင်ချင်းထိရာ ကနေ သန်းက တစ်နေရာက နောက်တစ်နေရာကို ကူးစက်သွားတာပါ။

          အ၀တ်အစားနဲ့ အခြားအသုံးအဆောင်တွေပေါ်မှာ သန်းဟာ အချိန်ကြာကြာ မရှင်နိုင်ဘူး။ ခုန်လည်း မခုန်နိုင်၊ ပျံလည်း မပျံနိုင်ဘူး။ ခေါင်းဖြီးတဲ့ဘီးနဲ့ ဘရပ်ရှ်ကနေလည်း တစ်ဆင့်ခံကူးစက်နိုင်ပါသေးတယ်။

 

‘သန်း’ ကို ဘယ်လိုကြည့်ရင် တွေ့နိုင်မလဲ။

        သေချာကြည့်ရင် ဥရော၊ သန်းအကောင်ကိုပါ သာမန်မျက်စိနဲ့ မြင်နိုင်တယ်။ ကုပ်ပေါ်က ဆံပင်၊ နားနောက် ဘက်တွေမှာ အဖြူ၊ အညို၊ မီးခိုးရောင်အစက်အနေနဲ့ တွေ့နိုင်တယ်။ ဥတွေကတော့ အလုံး၊ ဘဲဥပုံရှိပြီး ဦးရေပြားနားက ဆံပင်သားမှာ ကပ်နေတတ်တယ်။ လက်နဲ့ ဆွဲကြည့်လည်း ပါမလာတတ်ဘူး။ လေ့လာချက်အရ ဆံပင်သားစိုနေတုန်းမှာ ဘီးနဲ့ဖြီးချ၊ တိုက်ချတာဟာ သန်းကို ဖယ်ရှားဖို့ အကောင်းဆုံးပဲတဲ့။

 

ဘယ်လိုလက္ခဏာတွေ ခံစားရတတ်သလဲ။

        ကလေးငယ်အများစုမှာ ဘာခံစားမှုလက္ခဏာမှ မရှိဘူး။ ဒါကြောင့် သန်းကိုတွေ့မြင်နေရပြီးကလေးက ဘာမှမဖြစ်ဘူး။ တစ်ခါတစ်ရံမှာတော့ ယားတာ၊ ကုတ်ချင်တာမျိုးလောက်တော့ရှိတယ်။

 

‘သန်း’ ကြောင့်ဖြစ်တဲ့ အလာဂျီအကြောင်း ပြောပြပါ။

        ဦးခေါင်းသန်းကြောင့် ယားတာဟာ သန်းကိုက်ရာမှာ အလာဂျီဖြစ်တာကြောင့်မို့ပါ။ ယားတော့ ကုတ်ဖဲ့မိတယ်။ အသားပွန်းတာ၊ ဦးရေပြား အနာဖြစ်တာမျိုးထပ်ဖြစ်တတ်တယ်။ ဒီထက်ဆိုးရင် ဗက်တီးရီးယားပိုးထပ်၀င်ပြီး အနာပိုဆိုးတတ်တယ်။ ဦးရေပြားနီရဲတာ၊ ရောင်တာ၊ နာကျင်တာ၊ အကျိတ်ပေါ်တာ၊ လည်ပင်း၊ အကျိတ်နာတာတွေဖြစ်ရင် ဆရာ၀န်နဲ့ပြသပါ။ ဒါတွေဟာ အရေပြားပိုး၀င်တဲ့လက္ခဏာတွေပါ။

 

ဦးခေါင်းမှာ ‘သန်း’ ရှိလား၊ မရှိလား သံသယဆိုရင် ဘယ်လိုလုပ်မလဲ။

        ဦးခေါင်းက သန်းဟာ သူ့ဟာသူတော့ ပျောက်သွားမှာမဟုတ်ဘူး။ သင့်ကလေးမှာ သန်းရှိတယ်လို့ထင်ရင် သူ့ခေါင်းကို သေချာကြည့်ရှုစစ်ဆေးပါ။ လိုအပ်ရင် ဆရာ၀န်နဲ့ပြပါ။ ကျောင်းက ဆရာ၊ ဆရာမကို အကြောင်းကြားပါ။ ဒါမှ အခြားကလေးတွေကိုလည်း စစ်ဆေးနိုင်မှာပါ။ အိမ်က မိသားစုအားလုံးလည်း သန်းစွဲလက္ခဏာ ရှိ၊ မရှိ စစ်ဆေးပါ။ ဖြစ်တဲ့သူအားလုံး တစ်ပြိုင်နက် ကုသမှုခံယူပါ။

 

အဲဒီခေါင်းက ‘သန်း’ တွေကို ဘယ်လိုဖယ်ရှားပစ်ရမလဲ။

        သန်းသတ်ဆေး သုံးပါ။ သန်းသတ်ဆေးတွေကို ၀ယ်ယူရရှိနိုင်ပါတယ်။ ဓာတုဆေးများ၊ အပြင်ကနေထုတ် လုပ်ထားတာရောရှိတယ်။ နှစ်မျိုးစလုံးကိုစိတ်ချလက်ချ သုံးနိုင်တယ်။ ဒီဆေးတွေက သန်းအကောင်ကိုပဲ သေစေပြီး သန်းဥတွေကိုတော့ မသေစေဘူး။ ဆေးအညွှန်းအတိုင်း သေချာဖတ်ပြီး ဦးခေါင်းမှာ ဘယ်လောက်ကြာကြာလိမ်း ထားရမယ်။ ဘယ်လောက်ကြာရင် ခေါင်းပြန်လျှော်ရမယ်ဆိုတာ လုပ်ဆောင်ပါ။ ပြီးရင် 1-2 ရက် ခေါင်းထပ်မလျှော် ရတော့ပါ။ 4 ရက်ကနေ 10 ရက်ခန့်ကြာရင် နောက်တစ်ခါ ထပ်လိမ်းပေးပါ။ နှစ်ခါ၊ သုံးခါ ကုသပြီးမှ မပျောက်ရင် ဆရာ၀န်နဲ့ ပြသပါ။

 

အိမ်ကနေ အမြစ်ပြတ်သွားအောင် ဘယ်လိုလုပ်ပေးရင် ရမလဲ။

        အ၀တ်အစားနဲ့ အိပ်ရာခင်းတွေမှာ သန်းက အချိန်ကြာ မရှင်သန်းဘူးပြောခဲ့ပေမဲ့ ဒါတွေကို သေချာလျှော်ပေးဖို့ လိုအပ်တယ်။ ကုသမှုမစတင်မီ 2 ရက်ကစပြီး အ၀တ်တွေကို ရေနွေးနဲ့ ပြန်လျှော်ပါ။ ကလေးဆော့တဲ့ အရုပ်တွေကိုတော့ ဒီအတိုင်း ဆက်လက်ပေးဆော့ ကစားနိုင်တယ်။ ဒါပေမဲ့ ကလေးဟာ အရုပ်နဲ့ဖက်ပြီး အိပ်တတ်ရင်တော့ အဲဒီအရုပ်ကို လေပူမှုတ်စက် (Dryer) နဲ့ မိနစ် 20 ကြာအောင် မှုတ်ပေးဖို့လိုတယ်။

 

ဦးခေါင်း ‘သန်း’ အတွက် အိမ်မှာ ကုသနိုင်တာတွေကို ရှင်းပြပေးပါဦး။

        ပင်တိုင်ကုသမှာ မဟုတ်ပေမဲ့ ဦးခေါင်းသန်းအတွက် သင့်အိမ်မှာ ရှိတာတွေနဲ့ လုပ်ဆောင်နိုင်တာတွေ ရှိတယ်။ ပေါင်မုန့်သုတ်စားတဲ့ မေယိုနေ့စ် (Mayonnaise)၊ ရှလကာရည်နဲ့ လက်ဖက်ဆီတွေပါ။ မေယိုနေ့စ်ကို ဦးခေါင်းမှာ ထူထူသုတ်ပြီး ခေါင်းစွပ် (Shower Caps) စွပ်ပြီး တစ်ညသိပ်ထားရင် သန်းကို အနည်းနဲ့အများ ရှင်းနိုင်တယ်။ ရှလကာရှည်ကတော့ ဆံပင်မျှင်မှာကပ်နေတဲ့ သန်းဥတွေကို ဖယ်ရှားပေးတယ်လို့ဆိုတယ်။

 

ဘီးစိပ်လဲ သုံးလို့ကောင်းတယ် မဟုတ်လား။

        ဦးခေါင်းသန်းအတွက် နောက်ထပ်ကောင်းတာတစ်ခုက ဘီးစိပ်ပါ။ ဘီးစိပ်နဲ့ တိုက်ချရင် သန်းကောင်တွေရော၊ သန်းဥတွေပါ ရှင်းကုန်တယ်။ ခက်တာတွေက ဘီးစိပ်တိုက်ဖို့ အချိန်အကြာကြီး လိုတယ်။ ခဏခဏ ပြန်လုပ်ပေးရတယ်။ သန်းဥတစ်ဥတောင် မကျန်အောင် တိုက်ပေးဖို့လိုတယ်လို့ ဆိုလိုတာပါ။ ဒါပေမဲ့ စိတ်ရှည်ရှည်နဲ့သေချာလုပ်ရင် ဘီးစိပ်ဟာ သန်းသေဆေးနဲ့ ရှန်ပူတွေမလိုဘဲ သန်းပျောက်နိုင်တယ်။ သန်းသေရှန်ပူနဲ့ ကုသအပြီးမှာ ဘီးစိပ်နဲ့တိုက်ချတာက အကောင်းဆုံးပေါ့။

 

ဦးခေါင်းသန်းအတွက် အယူအဆအမှားတွေရှိရင်လည်း ဗဟုသုတရအောင် ရှင်းပြပေးပါဦး။

        ဦးခေါင်းသန်းဟာ ညစ်ပတ်လို့ဖြစ်တာ မဟုတ်ဘူး။ ဆင်းရဲသားတွေပဲဖြစ်တာလည်း မဟုတ်ပြန်ဘူး။ ၀င်ငွေ အဆင့်မျိုးစုံ၊ လူနေမှုအဆင့်မျိုးစုံ၊ တစ်ကိုယ်ရေသန့်ရှင်းမှုအခြေအနေမျိုးစုံ ဘယ်သူမဆို ကူးစက်ခံရနိုင်တယ်။ သန်းဟာ ရေထဲမှာ ခြောက်နာရီလောက်တောင် အသက်ရှင်နေနိုင်တယ်။ ဒါကြောင့် ရေမှန်မှန်ချိုးလည်း ကူးစက်နိုင်တယ်။ ကောင်းတာတစ်ခုက သန်းဟာကပ်ပါးကောင်ဆိုပေမဲ့ နောက်ထပ် တစ်ခြားရောဂါပိုးတွေကို သယ်ဆောင်ကူးစက်စေတာ မရှိဘူး။

 

ကလေးခေါင်းမှာ သန်းရှိနေတုန်းမှာ ကျောင်းဆက်တက်ရမလား၊ အိမ်မှာ နားနေရမလား။

        လေ့လာမှုအရ ကလေးကျန်းမာနေရင် ကျောင်းဆက်တက်သင့်တယ်။ တစ်ခုပဲ၊ အခြားကလေးတွေနဲ့ ခေါင်းချင်းထိတွေ့မှုကိုတော့ ရှောင်ကြဉ်ရမယ်တဲ့။ ကုသမှုအပြီးမှာ သန်းဥအသေတွေ ဦးခေါင်းမှာ ဆက်ရှိနေနိုင်ပေမဲ့ ကျောင်းက ခွင့်ယူစရာမလိုဘူး။ ကုသမှုပြီးရင် သန်းဥတွေ သေသွားပြီမို့ ကူးစက်မှာ စိတ်မပူရတော့ဘူး။

 

ဦးခေါင်းသန်းအတွက် နောက်ဆုံးပြောချင်တာရှိရင် ပြောပြပေးပါ။

        သင့်မှာ ကလေးငယ်ရှိရင် သန်းစွဲမှာ ခေါင်းထဲသိပ်မထည့်ပါနဲ့။ ကလေးဆိုတာ ကလေးပဲ၊ ဆော့မှာပဲ၊ စားမှာပဲ။ ဆော့တဲ့အခါ၊ ကစားတဲ့အခါ ခေါင်းချင်းထိတဲ့အခါ သန်းဟာ တစ်ဦးကနေ နောက်တစ်ဦးဆီကူးစက်ဖို့ လွယ်ကူသွားပြီပေါ့။

          ဒါကြောင့် သင်လုပ်ဆောင်နိုင်ဖို့က ကလေးငယ်နဲ့ ဦးခေါင်းနဲ့ဆံပင်တွေကို မှန်မှန်စစ်ဆေးပေးဖို့ပါ။ ဒါမှ သန်းရှိရင် စောစောသိပြီး မြန်မြန်ကုသနိုင်မှာပါ။ မြန်မြန်ကုရင် မြန်မြန်ပျောက်ပြီး ကျန်တဲ့မိသားစုဆီ ထပ်မံ မကူးစက် တော့မှာပါ။

 

 

 

Credit; ဒေါက်တာစိုး၀င်ဦး (အရေပြားအထူးကု)

ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း

No. 240, January 2015