/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဦးနှောက်ကင်ဆာအမျိုးမျိုးအကြောင်း

ဦးနှောက်ကင်ဆာအမျိုးမျိုးအကြောင်း

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

ဆရာခင်ဗျား

ကျွန်တော့်အမည် ဦးခင်၀င်းပါ။ အခုအသက် 57 နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ ခြောက်လက လေဖြတ်သလိုဖြစ်သွားတော့ ကွန်ပျူတာဓာတ်မှန်ရိုက်ကြည့်တဲ့အခါ ဦးနှောက်ထဲမှာ မသင်္ကာစရာအကျိတ်တစ်လုံးတွေ့ပါတယ်။ ဦးနှောက်ထဲမှာ စဖြစ်တဲ့ကင်ဆာကျိတ်လို့ယူဆကြတဲ့အတွက် ဦးခေါင်းခွံကိုဖွင့်ပြီး အသားစယူပါတယ်။ အသားစအဖြေ ထွက်လာတော့မှ အဲသည်အကျိတ်ဟာ တစ်ခြားတစ်နေရာက ပျံ့နှံ့လာတဲ့ အကျိတ်ဖြစ်နေမှန်း သိခဲ့ရပါတယ်။ နောက်မှ တစ်ကိုယ်လုံးကို ဒုတိယအကြိမ်ကွန်ပျူတာ ဓာတ်မှန်ပြန်ရိုက်ရာက အဆုတ်ထဲမှာရှိနေတဲ့ ကင်ဆာကျိတ်သေးသေးလေးကို ရှာဖွေတွေ့ရှိပြီး အဆုတ်ကင်ဆာစဖြစ်ရာကနေ ဦးနှောက်ထဲပျံ့နှံ့နေတဲ့ရောဂါမှန်း သိခဲ့ရပါတယ်ဆရာ။ ပထမကွန်ပျူတာဓာတ်မှန်ရိုက်ခဲ့တုန်းက မတွေ့ခဲ့ရပါဘူးဆရာ။ ကျွန်တော့်ဦးခေါင်းကိုခွဲပြီး အသားစယူပေးတဲ့ ဆရာ၀န်ကြီးကတော့ အရင်ကသာ အဆုတ်ကင်ဆာမှန်းသိရင် ဦးခေါင်းခွဲစရာ မလိုဘူးလို့ ပြောပါတယ်။ ဒီနေရာမှာ ကျွန်တော်သိချင်တာက ဦးနှောက်ထဲမှာ ဖြစ်တတ်တဲ့ကင်ဆာများရဲ့ အထွေထွေအချက်အလက်တွေကိုပါ။ သီးနှောက်ထဲကနေစဖြစ်တဲ့အကျိတ်များနဲ့ တခြားနေရာက ပျံ့နှံ့လာတဲ့အကျိတ်များကုသမှုနဲ့ ရောဂါဖြစ်ပွားမှုတွေ ဘယ်လိုကွာခြားလေ့ရှိကြသလဲဆိုတာကို ဦးနှောက်အကျိတ်လူနာတွေအတွက် ရှင်းပြပေးပါခင်ဗျား။

        ဦးခင်၀င်းရဲ့အဆုတ်ထဲကနေ ဦးနှောက်ထဲရောက်လာတဲ့ အကျိတ်တွေကို ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသပြီးပြီလို့မျှော်လင့်ပါတယ်။ အကြမ်းဖျင်းပြောရရင်တော့ ဦးနှောက်အာရုံကြောဆဲလ်တွေက ဖြစ်လာတဲ့ ကင်ဆာတွေကို Primary Brain Tumour လို့ခေါ်ပြီးတော့ တခြားနေရာက ပျံ့နှံ့လာတဲ့ကင်ဆာကျိတ်တွေ ကိုတော့ Secondary Metastasis လို့ သုံးနှုံးကြပါတယ်။  ဦးနှောက်ထဲမှာ အကျိတ်ရယ်လို့ဖြစ်လာရင် တခြားနေရာက ပျံ့နှံ့ လာတဲ့ကင်ဆာကျိတ်များက Primary Brain Tumour များထက် ဆယ်ဆ ပိုများပါတယ်။ ဒါကြောင့်လည်း ဦးခင်၀င်းရဲ့ဦးခေါင်းကို မခွဲစိတ်ခင်မှာ တစ်ကိုယ်လုံးကို ကွန်ပျူတာဓာတ်မှန်ရိုက်ခဲ့တာပေါ့။ ပထမအကြိမ်မှာမတွေ့ဘဲ ဒုတိယအကြိမ်ပြန်ရိုက်မှ အဆုတ်ကင်ဆာကို ရှာဖွေတွေ့ရှိတာကတော့ ဦးခင်၀င်းရဲ့ ကံကောင်းတယ်လို့ ပြောရမလား၊ ကံမကောင်းဘူးပဲလို့ပြောရမလားပဲ။

           ဘာဖြစ်လို့လဲဆိုတော့ ဘယ်အင်္ဂါအစိတ်အပိုင်းက ပျံ့နှံ့ရောက်ရှိလာမှန်းမသိနိုင်တဲ့ ဦးနှောက်ကင်ဆာ အမျိုးအစားတွေလည်းရှိနေလို့ပါ။ ခန္ဓာကိုယ်အနှံ့အပြား ပုံသဏ္႑ာန်မျိုးစုံနဲ့ ဖြစ်ကြတဲ့ ကင်ဆာများရဲ့ 20 မှ 40 ရာခိုင်နှုန်းအထိဟာ ဦးနှောက်ထဲထိရောက်ရှိပျံ့နှံ့နိုင်ပါတယ်။ အဲဒီမူလရင်းမြစ်ကင်ဆာတွေကို တစ်ခါတစ်ရံမှာ ရှာတွေ့ချင်မှလည်း ရှာတွေ့ပါလိမ့်မယ်။ မူလရင်းမြစ်ကင်ဆာ (Primary)ကို ရှာမတွေ့လို့ ဆေးမကု ဘူးရယ်လို့ ပြောမရတာကြောင့် Unknown Primary ဆိုတဲ့အမည်နဲ့ပဲ ကင်ဆာကုထုံးတွေကို တီထွင်ထားကြရတာပေါ့။

           ဦးနှောက်ကင်ဆာများမှာ ဦးနှောက်ထဲသူ့အလိုလိုဖြစ်တာ (Primary) နဲ့ တခြားကင်ဆာနေရာက ပျံ့နှံ့လာတာ Secondary ရယ်လို့ရှိတယ်။ Secondary ဦးနှောက်ကင်ဆာတွေက ဆယ်ဆပိုများတယ်ဆိုတာတော့ သိခဲ့ကြပြီ။ အဲဒီဦးနှောက်ကင်ဆာကျိတ်တစ်မျိုးချင်စီရဲ့ ကုသမှုတွေကလည်း မတူညီတတ်ကြပါဘူး။ အကြမ်းဖျင်းပြောရရင်တော့ Secondary ဦးနှောက်အကျိတ်ကင်ဆာတွေက ဦးနှောက်ထဲနေရာ အနှံ့အပြားမှာ ဖြစ်တတ်တယ်။ ကုထုံးကတော့ ဦးခေါင်းတစ်ခုလုံးကို ဓာတ်ရောင်ခြည်ပေးရတာပဲပေါ့။ မူလနောက်ခံကင်ဆာကို ကုသတဲ့တခြားကုထုံးတွေနဲ့လည်း ပေါင်းစပ်ကုသရတာတွေရှိပါဦးမယ်။

           အခု ဦးခင်၀င်းရဲ့ အဆုတ်ကင်ဆာကနေပျံ့နှံ့သွားတဲ့ဦးနှောက်အကျိတ်ကို ကြည့်မယ်ဆိုရင် အဆုတ် ကင်ဆာက Primary ကင်ဆာဖြစ်ပြီး ဦးနှောက်အကျိတ်ကတော့ Secondary ဖြစ်ပါတယ်။ တစ်ခုပဲထူးခြားချက်က ဦးခင်၀င်းရဲ့ဦးနှောက်အကျိတ်ဟာ တခြား Secondary အကျိတ်တွေနဲ့မတူဘဲ တစ်လုံးတည်းထီးထီးကြီး ရှိနေတဲ့အတွက် Primary ဦးနှောက်ကင်ဆာကျိတ်များနဲ့မှားပြီး အသားစယူခံလိုက်ရတာပါ။ အဆုတ်ကင်ဆာရှိနေမှန်း အရင်ကတည်းကသာကြိုသိခဲ့ရင်၊ ဦးနှောက်အကျိတ်က ဖြစ်ရိုးဖြစ်စဉ် Secondary ဦးနှောက်ကင်ဆာများလို ပျံ့ကျဲပြီးတည်ရှိနေမယ်ဆိုရင် အသားစယူဖို့ ဘယ်လိုပါတော့မလဲ။

        ဒီနေရာမှာ ကြုံကြိုက်လို့ Primary ဦးနှောက်ကျိတ်များရဲ့ သဘောသဘာ၀လေးတွေကို ပြောပြချင် တယ်။ Primary ဦးနှောက်အကျိတ်များမှာ ဦးနှောက်ပြင်ပကို ပျံ့နှံ့သွားလေ့မရှိကြဘူး။ တချို့ဆို ကင်ဆာလို့ မခေါ်နိုင်တဲ့ ရိုးရိုးအသားအဖုလုံးတွေဖြစ်ပါတယ်။ ဦးနှောက်ဆိုတာမျိုးက မာကျောပြီးချုံ့ချဲ့လို့မရတဲ့ ဦးခေါင်းခွံအတွင်း တည်ရှိနေတာမို့ ဦးနှောက်ထဲမှာ နေရာလွတ်မရှိပါဘူး။ ရိုးရိုးအကျိတ်ကလေးဖြစ်ရုံနဲ့တင် လူနာဟာ အသက်အန္တရာယ်ရှိနိုင်တယ်၊ လေဖြတ်သွားနိုင်တယ်၊ မျက်စိအမြင်ဆုံးရှုံးသွားနိုင်တယ်။ အတက်ရောဂါတွေဖြစ်နိုင်တယ်။

         Primary ဦးနှောက်အကျိတ်များကို အမျိုးအစားခွဲကြည့်ရင် Low grade Astrocytoma ခေါ်တဲ့ ခွဲစိတ်ကုသရုံနဲ့ လုံး၀ပျောက်ကင်းသွားတဲ့အကျိတ်များကနေ Glioblastoma Multiforme ခေါ်တဲ့ ခွဲပြီးပြန်ကြီးလာတဲ့ ကြီးထွားနှုန်းမြန်တဲ့ အကျိတ်များအထိရှိပါတယ်။ တစ်ခုတော့ရှိတယ်။ ခွဲစိတ်ထုတ်ပစ်နိုင်ရင် လုံး၀ပျောက်ကင်းမယ်လို့ အသားစအဖြေမှာထွက်ပေမယ့် အကျိတ်ရှိတဲ့နေရာဟာ ဦးနှောက်ထဲက ခွဲစိတ်ရခက်ခဲတဲ့ နေရာမျိုးရောက်နေရင်တော့ ခွဲစိတ်တဲ့နေရာမှာ အသက်အန္တရာယ်ရှိတာပေါ့။ မခွဲရင်လည်း အကျိတ်က ဖြည်းဖြည်းချင်းကြီးလာမယ်။ ခွဲစိတ်ပြန်ရင်လည်း ဦးနှောက်သားတွေ ၊ ဦးနှောက်သွေးကြောတွေကို ထိခိုက်သွားနိုင်တယ်။ ဒီလို ပြဿနာလေးတွေတော့ရှိနိုင်ပါတယ်။

         ဦးနှောက်ကျိတ်ကင်ဆာများကို စမ်းသပ်စစ်ဆေးဖို့ MRI ခေါ်တဲ့သံလိုက်စက်ကွင်းဓာတ်မှန်လိုပါတယ်။ MRI နဲ့ဆိုရင် ရိုးရိုးကွန်ပျူတာဓာတ်မှန်နဲ့မမြင်ရတာတွေပိုမြင်ရလာတယ်။ Glioblastoma ခေါ်တဲ့ ပြင်းထန်တဲ့ ဦးနှောက်အကျိတ် (အဆင့် 4)ဟာ Primary ဦးနှောက်အကျိတ်တွေထဲမှာ အဖြစ်များဆုံးပါပဲ။ အသက်ရှင်နိုင်ဖို့ လည်း အလားအလာအလွန်နည်းပါတယ်။ Primary ဦးနှောက်အကျိတ်တွေကို အဆင့် 4 ဆင့်ခွဲခြားထားပြီးတော့ အဆင့် (3)နဲ့ အဆင့် (4) ဦးနှောက်အကျိတ်များဟာ ကုရခက်ပြီး လျင်မြန်စွာကြီးထွားလွယ်တယ်။ ဆေးကု ပြီးရင်လည်း ပြန်ကြွနိုင်ပါတယ်လို့ ဖြေကြားလိုက်ပါတယ်။

 

 

 

Credit; ဒေါက်တာ လွှမ်းမိုးဟန်

Health Digest Journal

Vol; 12, No; 18, 28-1-2015