/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဦးနှောက်ခွဲစိတ်ဆရာ၀န်၏-ဆေးလက်တွေ့သုတေသန-အပိုင်း-4

ဦးနှောက်ခွဲစိတ်ဆရာ၀န်၏ ဆေးလက်တွေ့သုတေသန (အပိုင်း 4)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ဆေးသိပ္ပံပညာရပ်ကြီး တစ်ခုလုံးအတွက် ပညာဗဟုသုတအသစ် တစ်ခုရရှိဖို့ ရည်ရွယ်မှသာလျှင် ဆေးသုတေသနဟု သုံးနှုန်းပြီး လူနာတစ်ယောက်တည်းအတွက် ရည်စူးပြီး ပြုလုပ်ခြင်းကိုတော့ စမ်းသပ်တီထွင်မှုဟုသာ ခေါ်ဆိုဖို့ဖြစ်ပါသည်။ 2008 ခုနှစ်၊ ဇွန်လ 11 ရက်နေ့မှာ အမေရိကန် FDA မှ ဒေါက်တာရှရွတ်ထံ အီးမေးလ်လှမ်းပို့သည်။ မွိုင်ဇီလာနှင့် ရှရွတ်တို့ ပြုလုပ်ကြမည့် ဦးခေါင်းခွံဖွင့်ပြီး ခွဲစိတ်မည့် ကိစ္စကိုတိရိစၧာန်များမှာ မစမ်းသပ်ရသေးဘဲ စမ်းသပ်ခွဲစိတ်ခွင့်မပြုဟု အကြောင်း ပြန်လိုက်တာပါ။ FDA မှ ခွင့်မပြုသည့်အတွက် မွိုင်ဇီလာတို့ နှစ်ယောက် GBM ဦးနှောက်အကျိတ်ကောင်လေးကို ခွဲစိတ်ဖို့ အစီအစဉ်အား နောက်ပြန် ဆုတ်လိုက်သည်။ နောက်လအနည်းငယ်ကြာတော့ ကောင်လေးကွယ်လွန်သွားခဲ့သည်။

           ဒေါက်တာရှရွတ်က သူတို့ပြုလုပ်မည့် ဦးခေါင်းခွဲစိတ်မှုအတွက် လိုအပ်သော တိရိစၧာန်များမှာ စမ်းသပ်မှုကိုစတင်ပြုလုပ် ဖို့ကြိုးစားသည်။ သူတို့ဆေးရုံ၏ ကိုယ်ပိုင်အဏုဇီ၀ဗေဒဓာတ်ခွဲခန်းထဲမှာ မွေးမြူထား သည့် ကြွက်တွေထဲ Enterobacter ဗက်တီးရီးယားပိုးကို ထိုးထည့်ပြီး စမ်းသပ်ကြည့်ဖို့ဖြစ်သည်။ အဲသလို မထိုးထည့်ခင်မှာ ကြွက်များ၏ဦးနှောက်မှာ GBM ဦးနှောက်အကျိတ်ကင်ဆာဖြစ်သွားအောင် အရင်ပြုလုပ်ရဦးမည်။ ဓာတ်ခွဲခန်းသုတေသနများ ပြုလုပ်ဖို့ဆိုတာ ရန်ပုံငွေအလုံအလောက် ရှိဖို့လိုအပ်တာပါ။ 2009 ခုနှစ် အစောပိုင်းမှာ ဒေါက်တာရှရွတ်က အမေရိကန်ပြည်ထောင်စု၊ အမျိုးသားကျန်းမာရေးဌာနကို သူ့ သုတေသနအတွက် ရန်ပုံငွေတောင်းသည်။ အမေရိကန်ဒေါ်လာသိန်းနှင့်ချီပြီး ကုန်ကျမည့်သုတေသနပါ။ အမျိုးသားကျန်းမာရေး ဌာနက ရန်ပုံငွေပေးဖို့ ငြင်းဆိုသည်။ အကြောင်းပြချက်ကတော့ ရေရှည် အကျိုးဖြစ်ထွန်းဖွယ် ရှိ/မရှိ အငြင်းပွားရမည့် သုတေသန ဟူသည့်သုံးသပ်ချက်ဖြင့်ပါ။

           သည်လိုနှင့် 2010 ပြည့်နှစ်အောက်တိုဘာလမှာ လူနာအီဂန့် ဦးနှောက် GBM အကျိတ်ကို စခွဲတော့ဒေါက်တာမွိုင်ဇီလာ တို့ဆီမှာ တိရိစၧာန်ဖြင့် စမ်းသပ်ထားသည့် အဖြေမရှိခဲ့ပေ။ ကြွက်များ၏ ဦးနှောက်ထဲကို GBM အကျိတ်ကင်ဆာဖြစ်သွားအောင် ပြုလုပ်ဖို့ပင်လျှင် ရန်ပုံငွေမရှိသေးသဖြင့် မအောင်မြင်နိုင်သေးသည့် အခြေအနေပါ။ ဒါပေမယ့် အီဂန့်အတွက် ကောက်ရိုးတစ်မျှင် လိုဖြစ်နေသည့် နောက်ဆုံးခွဲစိတ်မှုကို ပြုလုပ်ရန် လူနာရော၊ မိသားစု၀င်များကပါ လိုလိုလားလားဖြင့် ခွင့်ပြုပေးခဲ့ကြသည်။ 2010 ပြည့်နှစ်၊ အောက်တိုဘာလ 11 ရက်နေ့မှာ လူနာ၏ခွဲစိတ်ကုသမှုအတွက် ခွင့်ပြုချက်စာကို ဆေးရုံ၏ ဌာနဆိုင်ရာလေ့လာရေး ဘုတ်အဖွဲ့ (IRB) ဆီ တင်လိုက်ကြသည်။ နောက်ဆုံးအဆင့် သေလုမျောပါး ကင်ဆာလူနာအတွက် ဆေးရုံ၏ကိုယ်ပိုင် ဓာတ်ခွဲခန်းထဲမှာ မွေးမြူထားသည့် ဗက်တီးရီးယားပိုးထည့်သွင်းစမ်းသပ်ပြီး ကုသမည့် အစီအစဉ်ဟု ဒေါက်တာမွိုင်ဇီလာ၏ တပည့် ဒေါက်တာရှရွတ်က ခေါင်းစဉ်ပေးထားသည်။ လူနာတစ်ယောက်တည်းအတွက် စမ်းသပ်ကုသမည့် အစီအစဉ် ဖြစ်သောကြောင့် ဆေးသုတေသနအရာ မမြောက်ဘဲ တီထွင်စမ်းသပ်မှုအဆင့်သာဖြစ်သဖြင့် အကြမ်းဖျင်းသဘောတူကြောင်း ဆေးရုံဘုတ်အဖွဲ့မှ ခွင့်ပြုချက်ရလိုက်သည်။

           နောက်တစ်လအကြာ လူနာသစ်ဒေါ်တယ်ရီကို သည်အတိုင်း ထပ်ခွဲစိတ်ဦးမည်ဆိုတော့ ဆေးရုံ ဘုတ်အဖွဲ့က အင်တင်တင်ဖြစ်လာပြီ။ လူနာတွေများလာပြီဆိုရင် သုတေသနလုပ်ငန်းဖြစ်လာပြီ။ သည်လိုဆိုရင် ဆေးသုတေသနလုပ်ငန်း အစီအစဉ်များအတိုင်းသွားရမည် စသဖြင့် အကြံပြုသည်။ ဒေါက်တာမွိုင်ဇီလာက ဂရုမစိုက်ဘဲ 2010 ပြည့်နှစ်၊ နို၀င်ဘာလ 19 ရက်နေ့မှာ ဒေါ်တယ်ရီကို ခွဲခဲ့ပါသည်။

           ဒေါ်တယ်ရီကို ခွဲစိတ်အပြီး နောက်လေးရက်အကြာမှာ ပထမဆုံးခွဲစိတ်ခဲ့သည့် အီဂန်ဆုံးသည်။ ခွဲစိတ်ပြီးကတည်းက သတိပြန်လည်မလာတော့တာပါ။ မိသားစုကလည်း အသက်ရှူကူစက်ဖြင့် အသက်ဆက်ထားတာမျိုးမလိုလားသဖြင့် မြန်မြန် ကွယ်လွန်သွားခဲ့ခြင်းပါ။ အလောင်းကို ရင်ခွဲစစ်ဆေးကြည့်တော့ ဦးနှောက်ထဲမှာ ကင်ဆာကျိတ်ရော၊ ပိုး၀င်နေတာကိုရောတွေ့သည်။ အကျိတ်က သိသိသာသာသေးသွားသည်။ ဗက်တီးရီးယားပိုး၀င်ပြီး ပေါ်ပေါက်လာသည့် ပြည်တည်နာက ပိုကြီးနေသည်။ ထိုအချိန်မှာ ခွဲစိတ်ပြီးဖြစ်သည့် ဒေါ်တယ်ရီ့ အခြေအနေက တိုးတက်လာသည်။ သူ့ညာဘက် ဦးနှောက်ခြမ်းမှ အကျိတ်ကြီးကို ဒေါက်တာမွိုင်ဇီလာက ရသလောက် ထုတ်ပေးခဲ့သည်။ ဘယ်ဘက်မှာရှိနေသည့် အသစ်ဖြစ်လာသော ကင်ဆာကျိတ်များ နေရာကို မထိခဲ့။ ဗက်တီးရီးယားပိုးကိုသာ ထည့်သွင်းပေးခဲ့သည်။

           သုံး၊ လေးပတ်လောက်အကြာမှာ ဒေါ်တယ်ရီ သိသိသာသာ ပြန်ကောင်းလာသည်။ ဘယ်ဘက်ခြမ်းစကားပြော ဧရိယာကို ဖိထားသည့်အကျိတ်ကျုံ့သွားသဖြင့် စကားပြန်ပြောလာနိုင် သည်။ နောက်ထပ်လအနည်းငယ် ကြာပြီးနောက် ဒေါ်တယ်ရီ့ ဦးနှောက်ထဲက အကျိတ်မှာ အတော်သိသိသာသာ သေးသွားပြီး။ ခေါင်းထဲက အလုံးနှစ်လုံးနေရာမှာ တစ်လုံးတည်း သာ ကျန်တော့သည်။

           2011 ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းမှာ ဒေါက်တာမွိုင်ဇီလာသည် အရေးပေါ်အခန်းထဲမှာ ခေါင်းကိုက်ပြီး တက်နေသော အသက် 61 နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို ကြည့်ရသည်။ ကွန်ပျူတာဓာတ်မှန်မှာတော့ ဦးနှောက်ညာဘက်ခြမ်းမှာ အကျိတ်တစ်လုံးတွေ့နေရသည်။ GBM ပဲဖြစ်ဖို့များသည်။ ဒေါက်တာမွိုင်ဇီလာက လူနာကို GBM ကုသမှုများအကြောင်း ရှင်းပြသည်။ ခွဲစိတ်မည်၊ ဆေးသွင်းမည်၊ ဓာတ်ရောင်ခြည်ပေးမည်။ ကုသမှုများအကြောင်း ရှင်းပြရာမှာ သူ၏စမ်းသပ်ကုသမှု Enterobacter အကြောင်းကိုပါထည့်ရှင်းပြလိုက်သည်။ ယခုလူနာ၏ အကျိတ်က ဦးနှောက်အတွင်းပိုင်းမှာ ရောက်နေသဖြင့် အကုန်အစင်ခွဲထုတ်ဖို့မလွယ်။ ဒေါ်တယ်ရီ၏ အခြေအနေကလည်း ကောင်းနေသဖြင့် Enterobacter အကြောင်းကိုပါပြောလိုက်တာပါ။

           FDA ၏ ခွင့်ပြုချက်၊ ဆေးရုံအုပ်ချုပ်မှုကော်မတီ၏ ခွင့်ပြုချက်များမရှိသေးပါပဲလျက် အထက်ပါ တတိယမြောက် စမ်းသပ်ခံလူနာကို 2011 ခုနှစ်၊ မတ်လ 3 ရက်နေ့မှာ ဒေါက်တာမွိုင်ဇီလာခွဲခဲ့သည်။ ခွဲစိတ်ပြီး တစ်ပတ်အကြာမှာ လူနာသတိလုံး၀မေ့မြောသွားသည်။ ဒါပေမယ့်တဖြည်းဖြည်းနှင့်တော့ သတိပြန်လည်လာပြီး အခြေအနေတိုးတက်လာခဲ့သည်။ ထိုတတိယမြောက်လူနာ၏ နာမည်ကိုယနေ့အချိန်ထိ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့ပါ။

ဆက်ရန်

 

 

 

Credit: ဒေါက်တာလွှမ်းမိုးဟန်

Health Digest Journal

Vol: 13, No: 31, 11-5-2016