/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဦးနှောက်ခွဲစိတ်ဆရာ၀န်၏-ဆေးလက်တွေ့သုတေသန-အပိုင်း-5

ဦးနှောက်ခွဲစိတ်ဆရာ၀န်၏ ဆေးလက်တွေ့သုတေသန (အပိုင်း - 5)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ဒေါက်တာမွိုင်ဇီလာထံ GBM ဦးနှောက်အကျိတ်လူနာများကို လွှဲပေးလိုက်သူတွေ ရှိလာသည်။ အဓိကက Enterobacter ထိုးသွင်း ကုသမှုအကြောင်းကြားမိကြသူတွေဆီကပါ။ လူနာတွေ များလာပြီဆိုရင်တော့ တရား၀င်ခွင့်ပြုချက် လိုမည်ဟု သဘောပေါက်သည့် အလျောက် ဒေါက်တာ မွိုင်ဇီလာက တပည့် ဒေါက်တာရှရွတ်ကို ခွဲစိတ်မှုစီမံချက်အကြမ်းရေး ဆွဲစေပြီး ဆေးရုံအုပ်ချုပ်မှုအဖွဲ့ထံ တင်စေပြန်သည်။

          2011 ခုနှစ်၊ မတ်လ 16 ရက်နေ့မှာ ဆေးရုံအုပ်ချုပ်မှုကော်မတီအဖွဲ့၀င်များနှင့် ဒေါက်တာမွိုင်ဇီလာတို့အဖွဲ့ အစည်းအေ၀းခန်းထဲမှာ တွေ့ကြသည်။ အခြေအနေက တင်းမာပါသည်။ ဒေါက်တာမွိုင်ဇီလာ၏ တတိယမြောက် လူနာအကြောင်းကို ဆေးရုံဘုတ်အဖွဲ့က လုံး၀မသိသေး။ ထိုနေ့မှာပဲ ထိုတတိယလူနာ ဆုံးသွားသည်။ ဆုံးရသည့် အကြောင်း ရင်းက ဦးနှောက်တွင်း ထည့်လိုက်သည့် ဗက်တီးရီးယားပိုး လက်ဆများသွားပြီး ဦးနှောက်တစ်ခုလုံး ရောင်ရမ်းသွားလို့ပါ။ ဆေးရုံအုပ်ချုပ်မှုကော်မတီက အလားတူခွဲစိတ်မှုမျိုးကို မည်သည့်လူနာမျိုးတွင်မှ မပြုလုပ်ရဟု အမိန့်ချမှတ်လိုက်သည်။

          2011 ခုနှစ်၊ နို၀င်ဘာလမှာတော့ ဒုတိယမြောက်လူနာ ဒေါ်တယ်ရီကွယ်လွန်သွားခဲ့သည်။ မကွယ်လွန်မီမှာလည်း မလှုပ်မရှားနိုင်ဘ၀ဖြင့် ဦးနှောက်တွင်း ပြည်တည်နာရောဂါကို ခံစားခဲ့ရတာပါ။ မကွယ်လွန်မီ တစ်လအလိုမှာ ဒေါ်တယ်ရီ၏ ဦးခေါင်းခွံကိုဖွင့်ပြီး ထည့်ထားသည့် ဗက်တီးရီးယားပိုးတွေကို ဆေးကြောခဲ့သေးသည်။ ဒါပေမယ့် အခြေအနေပြန်တိုးတက် မလာတော့ပြီ။

          ဒေါက်တာမွိုင်ဇီလာတို့ ပြဿနာက ထိုမှာတင်ရပ်မသွား။ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဗဟိုအစိုးရမှ ဖွဲ့စည်းပြီး စေလွှတ်လိုက်သည်။ ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆေးရုံအုပ်ချုပ်မှုကော်မတီမှာပါ တာ၀န်ရှိသည်ဟုပြောလာသည်။ ဆေးရုံအုပ်ချုပ်မှုကော်မတီမှ ပြန်ကြားရာတွင် “ဒေါက်တာမွိုင်ဇီလာနှင့် ဒေါက်တာရှရွတ်တို့နှင့် နှစ်ယောက်မှာ ယနေ့လက်ခံထား ကြသည့် ကုသမှုနှင့် မတူသည့် ခွဲစိတ်ကုသမှုတစ်ခုကို တီထွင်ကြိုးစားခဲ့ကြခြင်းဖြစ်ပါသည်။ လူနာ၏ ကောင်းရာကောင်းကျိုးကို အကောင်းဆုံးမျှော်မှန်းပြီး ပြုလုပ်ခဲ့ကြတာဖြစ်ပါသည်။ ယခုတီထွင်ကုသမှုသည် လူနာကို စမ်းသပ်ခြင်းမဟုတ်ပါ” ဟု ချေပခဲ့ ပါသည်။

          အဓိကပြဿနာမှာ တတိယလူနာဖြစ်သည်။ အရင်လူနာနှစ်ဦးက ဆက်လက်ကုသစရာနည်းလမ်း မရှိတော့သဖြင့် နည်းလမ်းအသစ်ကို သုံးခဲ့တာပါ။ တတိယလူနာကျတော့ ကုသစရာ standard နည်းလမ်းတွေရှိနေလျက်က မသုံးဘဲ ကျော်လွှား ပြီး စမ်းသပ်ဆဲ ကုထုံးကို သုံးစေခဲ့တာပါ။ ဒေါက်တာမွိုင်ဇီလာတို့ ကုသခွဲစိတ်မှုသည် Experimantal စမ်းသပ်မှုမဟုတ်ကြောင်း၊ Innovative တီထွင်ကြိုးစား ခွဲစိတ်မှုသာဖြစ်ကြောင်းလျှောက်လဲရသည်။ 2013 ခုနှစ်၊ သြဂုတ်လမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ ထွက်လာခဲ့သည်။ ထိုတွေ့ရှိချက်အရ ဒေါက်တာမွိုင်ဇီလာသည် ဆေးရုံဘုတ်အဖွဲ့၏ သဘောမတူညီကြောင်း သိလျက်နှင့် တတိယလူနာအတွက် စမ်းသပ်ခွဲစိတ်မှုကို ပြုလုပ်ခဲ့ကြောင်း ထင်ရှားသည်။ ဒေါက်တာ ရှရွတ်အား စစ်မေးချက်များတွင် တိရစၧာန်များဖြင့် သုတေသနပြုလုပ်ရန် မစောင့်ဆိုင်းနိုင်သည့်အတွက် တီထွင်ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့ကြောင်းဖြေကြားထားသည်။

          နောက်ဆုံးမှာတော့ ဒေါက်တာမွိုင်ဇီလာ အလုပ်မှ အငြိမ်းစားယူသွားရသည်။ ဒေါက်တာရှရွတ်က အလုပ်ထုတ်ခံရသည်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က ဒေါ်တယ်ရီ့မိသားစုကို ဒေါ်လာ တစ်သိန်းခွဲပေးလျော်ရသည်။ တတိယမြောက်လူနာ မိသားစုကို ဒေါ်လာ 675000 ဖိုး ပေးလျော်ခဲ့ရသည်။ ပထမဆုံးလူနာ အီဂန့်၏ မိသားစုကမူ ဘယ်သောအခါမှ လျော်ကြေးငွေ ပြန်မတောင်းခဲ့ပေ။

          ဆေးပညာရပ်မှာ သုတေသန (Research) နှင့် တီထွင်ကုသမှု (Innovative) သဘောတရားနှစ်ရပ်ကို ဘယ်သူမှ အတိအကျ မရှင်းပြနိုင်ကြသေး။ ဆေးသုတေသန ဆိုတာမျိုးမှာပဲ ဆေးပညာကျင့်၀တ်၊ ဇီ၀ကျင့်၀တ်များက အရေးပါသည်။ အကြောင်းရင်းက သုတေသနပြုလုပ်သူ ဆရာ၀န်သည် အသိပညာ ဗဟုသုတကိုပဲ အဓိက ရှာမှီးတာမို့လို့ပါ။ ဗဟုသုတကို ရှာမှီးရင်း လူနာအတွက် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေနိုင်ရန် ဆေးပညာကျင့်၀တ်များဖြင့် ထိန်းကျောင်းရသည်။ တီထွင်ကုသမှု (Innovative) မှာတော့ လူနာ၏ အကျိုးတစ်ခုတည်းကိုပဲ မျှော်မှန်းပြီး ကုသကြခြင်းဖြစ်၍ စည်းမျဉ်းစည်းကမ်း အများအပြားမလိုအပ်ဟု လက်ခံထားခဲ့ကြတာပါ။

          GBM ဦးနှောက်အကျိတ်နှင့် ပတ်သက်ပြီး သုတေသန နည်းစနစ်ကျကျ ပြုလုပ်ထားသည့် ကုထုံးတစ်ခု 2012 ခုနှစ် အတွင်း ပေါ်ပေါက်လာခဲ့သည်။ ပိုလီယိုဗိုင်းရပ်စ်မှ ဖော်ထုတ်ထား သည့် ဆေးတစ်မျိုးပါ။ Immunotherapy ဟုခေါ်သည်။ တိရစၧာန်များမှာ စမ်းသပ်ပြီးစီး၍ FDA မှ အသိအမှတ်ပြုပြီး လူနာ စတင်စမ်းသပ်နိုင်ခဲ့ပါပြီ။ 2012 ခုနှစ်အတွင်း 21 နှစ်အရွယ် သူနာပြုသင်တန်းသားတစ်ဦးမှာ ပထမဆုံး စမ်းသပ်ခဲ့သည်။ ဒုတိယလူနာကတော့ အသက် 70 အရွယ် နှလုံးအထူးကု ဆရာ၀န်ကြီးပါ။ နှစ်ဦးစလုံးမှာ GBM ဦးနှောက်အကျိတ်တွေ လုံး၀ပျောက်ကင်းသွားတာကိုတွေ့ရသည်။ ယနေ့အချိန်ထိ လူနာစုစုပေါင်း 22 ဦးကို စမ်းသပ်သုံးစွဲကြည့်ရာမှာ လူနာ 11 ဦးမှာ ဦးနှောက်အကျိတ်တွေ သေးငယ် သို့မဟုတ် ပျောက်ဆုံးသွားတာ ကို တွေ့ကြရသည်။ ကျန်လူနာ 11 ဦးကတော့ ကွယ်လွန်သွားခဲ့ပါသည်။

          ပိုလီယိုဗိုင်းရပ်စ်က လူ့ဦးနှောက်နှင့် အာရုံကြောဆဲလ်တွေကို အလွန်ကြိုက်သည့် ဗိုင်းရပ်စ်ပိုးဖြစ်ပါသည်။ ထိုဗိုင်းရပ်စ်ပိုးကို လက်ခံနိုင်မည့် ပဋိပစ္စည်းတွေက ကင်ဆာအကျိတ်ပေါ်မှာ အများကြီးရှိနေတတ်သည်။ ပိုလီယိုဗိုင်းရပ်စ်က ဦးနှောက်အကျိတ်ပေါ် ရောက်သွားသည့်အခါ ခန္ဓာကိုယ်က ဗိုင်းရပ်စ်ပိုးကို တိုက်ခိုက်နိုင်ဖို့ ကိုယ်ခံစွမ်းအားစနစ်ကို တပ်လှန့်သည်။ ထိုကိုယ်ခံစွမ်းအားစနစ်ကပင် ကင်ဆာဆဲလ်များကို သတ်ပစ်သည်။ ၎င်းကိုပင် Immunotherapy ဟု ခေါ်သည်။ ထိုသို့သော နောက်ခံအကြောင်းရင်းဖြင့် GBM ဦးနှောက်အကျိတ်ကိုကုသဖို့ ကြိုးပမ်းလာကြတာပါ။ ထိုနည်းလမ်းကို စတင် ဖော်ထုတ်ခဲ့သူက ဂရိုမီယာ (Gromeier) အမည်ရ ပါရဂူဘွဲ့ရ ဆေးပညာရှင်တစ်ဦးဖြစ်ပါသည်။ သူ၏ သုတေသနကို မျောက်တွေမှာ အရင်စမ်းသပ်ခဲ့ပြီး ဆယ်နှစ်အကြာတွင်မှ FDA က လူများမှာ စမ်းသပ်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ ထိုဆေးသစ်၏ ရလဒ်ကိုတော့ အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းကြရပါဦးမည်။

          GBM ဦးနှောက်ကင်ဆာအကျိတ်ကုသမှု သမိုင်းကြောင်းမှ စိတ်၀င်စားဖွယ်ဖြစ်ရပ်များကို တင်ပြလိုက်ခြင်းဖြစ်ပါသည်။

Ref: Was it innovation or overreach by Emily Eakin

 

 

Credit: ဒေါက်တာလွှမ်းမိုးဟန်

Health Digest Journal

Vol: 13, No: 33, 25-5-2016