/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဦးနှောက်ခွဲစိတ်ဆရာ၀န်၏-ဆေးလက်တွေ့-သုတေသန-အပိုင်း-2

ဦးနှောက်ခွဲစိတ်ဆရာ၀န်၏ ဆေးလက်တွေ့ သုတေသန (အပိုင်း - 2)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ဒေါက်တာ မွိုင်ဇီလာက အရပ်ခြောက်ပေသုံးလက်မရှိသည်။ ဦးနှောက်အာရုံကြောခွဲစိတ် ဆရာ၀န်မှာ နူးညံ့သည့်လက်ချောင်း သွယ်သွယ်လေးတွေရှိရမည်ဟု ဘယ်သူပြောခဲ့သလဲတော့မသိ။ သူ့လက်ချောင်းတွေ ကတော့ ၀က်အူချောင်းတွေလို ကြီးကြီးတုတ်တုတ်တွေ။ ဆေးပညာဘွဲ့သာမက အာရုံကြောဇီ၀ကမ္မဘာသာရပ်ဖြင့် ပီအိတ်ချ်ဒီပါရဂူဘွဲ့ရခဲ့သူပါ။ အာရုံကြောခွဲစိတ် (Neurosurgery) အမည်ရ ဆေးပညာဂျာနယ်တစ်ခု၏ စစ်တမ်းအရ လူစိတ်အ၀င်စားဆုံး ပညာရပ်ဆိုင်ရာ ဆောင်းပါး 100 မှာ သူ့ဆောင်းပါး သုံးပုဒ်ပါသည်။ ဒေါက်တာမွိုင်ဇီလာက သူ့ ခွန်အားတွေကို သီအိုရီပိုင်းဆိုင်ရာမှာ အသုံးပြုခြင်းထက် လက်တွေ့ကျကျ လူနာအတွက် အသုံးချလိုသူပါ။

 

          GBM ဟု အတိုကောက်ခေါ်ကြသည့် ဦးနှောက်အကျိတ်ကင်ဆာဖြစ်ပြီဆိုရင် ဘယ်လောက်နေရမလဲ ဆိုသည်က  မသေချာမရေရာလှပါ။ လက်ရှိအကောင်းဆုံးကုသမှုများဖြစ်သည့် ခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည် ကုသမှုနှင့် ကင်ဆာဆေးသွင်းကုသမှုများဖြင့် ပြည့်ပြည့်စုံစုံကုသမည်ဆိုရင်တောင် ပျမ်းမျှအသက်ရှည်နှုန်းက 14 လမျှသာရှိသည်။ GBM လူနာများနှင့် ပတ်သက်လာလျှင် ခွဲစိတ်ခန်းအတွင်းမှာ ဦးခေါင်းခွံကိုဖွင့်ပြီး ဗက်တီးရီးယားပိုးတွေ ထည့်လိုက်ရင် ဘာဖြစ်လာမလဲဟူသည့် ပြောကြားဆွေးနွေးမှုတွေက ရှိနေခဲ့တာ ကြာပြီ။ 1999 ခုနှစ် Neurosurgery ဂျာနယ်မှာ ဦးခေါင်းအကိျတ်ထုတ်ခွဲစိတ်မှုအပြီး မတော်တဆ ဦးနှောက်တွင်း ပိုး၀င်ပြီး ရောဂါပိုးရသွားကြသည့် လူနာ လေးယောက်မှာ ကင်ဆာပျောက်ကင်းသလိုဖြစ်ပြီး နှစ်ပေါင်း များစွာ နေသွားကြရကြောင်းသက်သေသက္ကာယ အထောက်အထားဖြင့် ဖော်ပြခဲ့ဖူးသည်။

 

          ထိုသို့ ဦးနှောက်ပိုး၀င်သွားကြသည့် လူနာလေးဦးအနက် သုံးဦးက Enterobacter ပိုးတွေ ၀င်ရောက်ခဲ့ကြရ တာဖြစ်သည်။ Enterobacter ဗက်တီးရီးယားပိုးက မစင်ထဲမှာ အများကြီးတွေ့ရသည်။ သုတေသနကျကျနနပြုလုပ် ထားခြင်းမရှိခဲ့သလို ဗက်တီးရီးယားနှင့် GBM လူနာအသက်ရှင်နှုန်း ဘယ်လို ဆက်စပ်နေသလဲဆိုတာကိုလည်း သက်သေပြနိုင်ခြင်းမရှိခဲ့ပါ။ ဦးနှောက်ခွဲစိတ်ဆရာ၀န်တွေ နောက်ပြောင် ကြသည့် စကားတွေထဲမှာ “ငါ့မှာများ GBM ဖြစ်လို့ကတော့ ငါ့ခေါင်းထဲနှိုက်လိုက်စမ်းကွာ” ဟူသည့် ဟာသတစ်ခုတောင်တွင်ကျယ်ခဲ့ဖူးသည်။

 

          2009 ခုနှစ်မှာ ကိုလံဘီယာတက္ကသိုလ်မှ ဦးနှောက်အာရုံကြောခွဲစိတ်ဆရာ၀န်များစုစည်းပြီး GBM လူနာလေးရာနီးပါး ပါ၀င်သည့် သုတေသနတစ်ခုပြုလုပ်သည်။ ထိုသုတေသနအရတော့ ဦးနှောက်ထဲ ပိုး၀င်ခြင်း၊ မ၀င်ခြင်းနှင့်  အသက်ရှည်နှုန်း သက်ဆိုင်မှုမရှိဟုတွေ့ကြရသည်။ 2011 ခုနှစ် ရောမမြို့၊ ကတ်သိုလစ်ဆေးတက္ကသိုလ်မှာ ပြုလုပ်သော GBM လူနာ 200 နီးပါးပါ၀င်သည့် သုတေသနမှာတော့ ဦးနှောက်ပိုး၀င်သူများက တခြား GBM လူနာများထက် နှစ်ဆပိုအသက်ရှည်ကြကြောင်း တွေ့ရှိရပြန်သည်။

 

          ဒေါက်တာမွိုင်ဇီလာက 1981 ခုနှစ်မှာမှ အမေရိကန်ပြည်ထောင်စုသို့ ရောက်လာခဲ့သည်။ ဦးနှောက်အာရုံ ကြောခွဲစိတ်ဆရာ၀န်အဖြစ် အလုပ်ရခဲ့တာပါ။ ဗာဂျီးနီးယားဓနသဟာယ ဆေးတက္ကသိုလ်ဟု အမည်ရသည့် နေရာမှာ ပါ။ ထိုဌာနမှာနေစဉ် ဆယ်နှစ်ကျော်နေသွားသည့် ဦးနှောက်တွင်းပိုး၀င် ပြည်တည်နေသော GBM အမျိုးသမီးလူနာတစ်ဦး ရှိနေသည်။  ဒေါက်တာမွိုင်ဇီလာ ရောက်လာတော့ ဆက်ကြည့်ပေးရသည်။ သူအတော်စိတ်၀င်စားသွားသည်။ ကင်ဆာသည် ကိုယ်ခံအားစနစ်နှင့်အများကြီးဆိုင်သည်။ အမျိုးသမီးကြီး၏ ဦးနှောက်တွင်း ၀င်ရောက်လာသည့် ဗက်တီးရီးယားပိုးက ကိုယ်ခံအားစနစ်ကို နှိုးဆွပေးလိုက်သည်။ နိုးကြွလာသည့် ကိုယ်ခံအားစနစ်က ကင်ဆာကို ထိန်းချုပ်လိုက်သည်။ ဘာကြောင့် သည်လိုဖြစ်လာသလဲ အသေးစိတ်အကြောင်းအရာ ကို ဒေါက်တာမွိုင်ဇီလာ စိတ်မ၀င်စားဘူး။ သူက လက်တွေ့ဆန်သူဖြစ်သည်။ သီအိုရီတွေကို ဖွင့်ဆိုရှင်းပြဖို့ အချိန်မရှိ။

 

          ဇာတ်လမ်းကို ပြန်ဆက်ရရင် ဒေါက်တာမွိုင်ဇီလာက ဒေါ်တယ်ရီ၏ သမီးဂျဲနက်ကို ထိုဗက်တီးရီးယားပိုးထည့် သွင်းခွဲစိတ်မှုအကြောင်းရှင်းပြသည်။ ဂျဲနက်က ဒေါက်တာမွိုင်ဇီလာကို တစ်ခွန်းသာပြန်မေးသည်။ ဆရာကိုယ်တိုင် လူနာဖြစ်နေရင်ရော ဘာဆက်လုပ်မလဲတဲ့။ ဒီနည်းကိုပဲ ရွေးမှာပေါ့ဟု မွိုင်ဇီလာက ပြန်ဖြေခဲ့သည်။ ဒေါ်တယ်ရီမှ အလွန်ယုံကြည်စိတ်ချသည့် ဓာတ်မှန်ဆရာ၀န်တစ်ဦးထံသွားပြီး အကျိုးအကြောင်းပြောပြစုံစမ်းတော့ သုံးလမျှသာ အသက်ရှင်တော့မည် အနေအထားဖြစ်၍ ခွဲလိုက်ရင် မမှားနိုင်ကြောင်း ပြောလိုက်သည်။

 

          နိုင်ငံအတော်များများမှာ ရှိသည့် FDA ဥပဒေများက ခပ်ဆင်ဆင်ပါ။ ကုထုံးတစ်ခု၊ ဆေးတစ်မည်ကို စမ်းမည် ဆိုရင် တိရစၧာန်များဖြင့် ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်ပြီးမှ FDA ကို တင်ရမှာပါ။ ဒါပေမယ့် ဆေးပညာ တိုးတက်မှုကိစ္စ များမှာတော့ ရုံးကိစ္စ၊ လုပ်ထုံးလုပ်နည်းတွေကို မစောင့်ဆိုင်းဘဲ ကျော်လွှားခဲ့သည့် ဖြစ်စဉ်တွေ ရှိခဲ့ဖူးသည်။ 1796 ခုနှစ် အက်၀ဒ်ဂျဲနာတို့ ပထမဆုံး ရေကျောက်ကာကွယ်ဆေး ဖော်စပ်စဉ်ကလည်း ကလေးငယ်တစ်ယောက်ကို နွားမှထုတ် ယူထားသည့် သွေးကို ဒီအတိုင်းထိုးပေးခဲ့ခြင်းဖြစ်သည်။ နောက်နှစ် တစ်ရာခန့်အကြာမှာ နယူးယောက်မြို့မှ ခွဲစိတ် ဆရာ၀န်၀ီလီယံကိုလေ (William Coley) က ကင်ဆာလူနာ များကို Streptococcus ဗက်တီးရီးယားပိုးတွေ ထိုးနှံ ပေးခဲ့ဖူးသေးသည်။ တချို့လူနာတွေမှာ ရလဒ်ကောင်းတွေတွေ့ လာရသည်။ ကိုယ်ခံစွမ်းအားကုထုံး (Immunotherapy) ၏ မူလရှေးဦး ဆောင်ရွက်ချက်တစ်ခုပါ။ သို့သော် ထိုစဉ်အခါ ပိုးမွှားဗေဒကိုနားလည်တတ် ကျွမ်းခြင်း မရှိသေးသဖြင့် ဘာကြောင့်ဖြစ်ရသလဲဆိုသည်ကိုတော့ ရှင်းပြနိုင်ခြင်းမရှိခဲ့ကြ။

 

          ဆေးဝါးတစ်ခုဖော်စပ်ဖို့အတွက် အချိန်ကာအတိုင်းအတာတစ်ခုထိ ယူကြရမယ်ဆိုပေမယ့် နောက်ဆုံး အဆင့် ကင်ဆာလူနာများအတွက်ကတော့ အချိန်မရပါ။ သုတေသနဓာတ်ခွဲခန်းထဲက ခုချက်ချင်း ထွက်လာသည့် ဆေးသစ် တစ်ဖုံကို ခွင့်ပြုချက်တွေရဖို့ မစောင့်ဆိုင်းတော့ဘဲ လူနာ၏ ကောင်းရာကောင်းကျိုးအတွက် ထိုးနှံပေး လိုက်ကြသည့် ဖြစ်ရပ်တွေက ဆေးပညာသမိုင်းမှာရှိခဲ့သည်။ ကလေးသူငယ်တွေမှာ သွေးကင်ဆာရောဂါ ကုသနိုင်ဖို့အတွက် ပထမဆုံးပေါ်ပေါက်လာခဲ့သည့် ကင်ဆာဆေးများကို စမ်းသပ်ထိုးနှံပေးခဲ့သည့် ဆစ်ဒနီဖာဘာ အမည်ရ ဆရာ၀န်ကြီးက 1971 ခုနှစ် အမေရိကန်အထက်လွှတ်တော် အစည်းအေ၀းမှာ သည်လိုပြောခဲ့ဖူးသည်။

 

          “ဒီကင်ဆာဆေးတွေကို ခွင့်ပြုချက်ကျလာသည်အထိ မစောင့်နိုင်ဘူး။ အထူးသဖြင့် သွေးကင်ဆာ ခံစားရပြီး ဒီနှစ်ထဲမှာပဲ သေဖို့ စောင့်နေကြရတဲ့ လူနာသုံးသိန်းနှစ်သောင်းငါးထောင်က စောင့်မနေနိုင်တော့ဘူး။ ဆေးပညာ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဆေးရဲ့ဆောင်ရွက်ပုံ၊ သဘောသဘာ၀ကို မသိဘဲနဲ့ သုံးကြရာက ဆယ်စုနှစ်၊ ရာစုနှစ် နဲ့ချီပြီး ပျောက်ကင်းသွားတဲ့ရောဂါတွေ အများကြီးရှိခဲ့တယ်ဆိုတာ သတိပြုနိုင်ကြဖို့လိုတယ်။”

 

 

 

Credit; ဒေါက်တာလွှမ်းမိုးဟန်

Health Digest Journal

Vol: 13, No: 28, 6-4-2016