၀င်း၀င်း WIN-WIN
လူနာတစ်ယောက်က အသည်းရောင် C ပိုးရှိပြီး အသည်းခြောက်တဲ့ ရောဂါကိုလာပြတယ် အသည်းရောင် C ပိုးရောဂါအတွက် စားဆေးအသစ် DAA ပေါ်လာတယ်ဆိုလို့ လာပြတာပါလို့ပြောတယ်။ သူစစ်ထားတဲ့ စစ်ဆေးချက်က (Anti-HCV) ဆိုတဲ့ သွေးစစ်ချက်ကို လုပ်ထားတာဖြစ်တယ်။ ဒီတော့ ဒုတိယအဆင့် HCV RNA PCR စမ်းသပ်မှု လုပ်ရမယ်။ ဒါမှတိတိကျကျ သိရမယ်။ အသည်းစစ်ဆေးချက်တွေလည်းလုပ်ရမယ်။ အသည်းပုံရိပ်ဖော်တဲ့ Ultrasound ကိုလည်းလုပ်ရမယ်လို့ ပြောတော့ စစ်ဆေးတယ်။ အဖြေတွေရလာတဲ့အခါ အသည်းရောင် C ပိုးရှိတာ သေချာတယ်။ အသည်းနည်းနည်းခြောက်တယ်။ အသည်းမှာ အလုံးလေတစ်လုံးတွေ့နေတယ် Alpha-feto-protein ခေါ်တဲ့ အသည်းကင်ဆာမှာတက်တဲ့ ဓာတ်တစ်မျိုးက တက်နေတယ်။ အသည်းရောင် C ပိုးကုရင်းနဲ့ အသည်းခြောက်တာက ပြန်ကောင်းလာမယ် သို့မဟုတ် ပိုဆိုးမသွားဘူး။ အသည်းထဲက အလုံးကိုတော့ ပုံရိပ်ပေါ်ဆေး (Contrast) ထိုးပြီး CT ဓာတ်မှန်ရိုက်ရမယ်ဆိုတော့ ရိုက်တယ်။ အဖြေက အသည်းကင်ဆာပဲလို့ထွက်တယ်။ ဒီတော့ သူကငိုတယ်။ အရင်က ကင်ဆာဆိုတာ သုံးလ၊ လေးလကြာရင် သေတာပဲ။ အခုတော့ ဒီလိုမဟုတ်ဘူး။ စောစောသိ၊ စောစောကု၊ စောစောပျောက်ဖြစ်တယ်။ Win-Win အခြေအနေ တစ်ခုပဲလို့ပြောတယ်။ အသည်းကင်ဆာကို ပေါင်ခြံ သွေးလွှတ်ကြောကနေတစ်ဆင့် အသည်းအလုံးဆီပိုက်သေးသေးနဲ့ ရောက်အောင်သွား၊ ဖျက်တဲ့ဆေးဖျန်း၊ ကင်ဆာ သွေးကြောကို လေမြှုပ်သေးသေးလေးတွေနဲ့ ပိတ်၊ ဒီလိုလုပ်ရင် ကင်ဆာပျောက်သွားနိုင်တယ်၊ ပြီးတော့ C ပိုးကို ကု၊ C ပိုးကို ကုတာက စားဆေးနဲ့ချည်းပဲကုရမယ်။ သုံးလ၊ ခြောက်လပဲကြာတယ်။ ငိုစရာမရှိဘူး။ Win-Win အခြေအနေ ပဲ၊ အားလုံးကောင်းနိုင်တဲ့ အခြေအနေပဲလို့ ရှင်းပြတယ်။ အသည်းခြောက်တာ သက်သာသွားရင် အသည်းကင်ဆာပြန် ဖြစ်နိုင်တဲ့အခြေအနေလည်း မရှိတော့ဘူးလို့ပြောတဲ့အခါ မျက်ရည်မကျတော့ဘူး။
သူကပေါင်ခြံသွေးလွှတ်ကြောကနေတစ်ဆင့် ဆေးဖျန်းတဲ့ TACE ကို မလုပ်ချင်သေးဘူး။ အသည်းရောင် C ပိုး ကို အရင်ကုပြီးမှ TACE ကို လုပ်မယ်လို့ဆိုတယ်။ ကျွန်တော်က မရဘူး သုံးလဆိုရင် အလုံးက တားကြီးသွားပြီး သွေးကြောထဲကို ပျံ့ရင်၊ အခြားနေရာတွေပျံ့ရင်၊ ကုဖို့ခက်တယ်။ Win-Win အခြေအနေကနေ Dark-Dark အခြေအနေ ဖြစ်သွားလိမ့်မယ်။ သူက နိုင်ငံရေးလိုပဲနော်လို့ပြောတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ ရွေးကောက်ပွဲအပြိုင်အဆိုင် မဲဆွယ်တာ မမြင်ဘူးတာကြာပြီ။ လူကြီးလုပ်သူက တစ်နေရာမှာ အတင်းခေါ်ထိုင်ခိုင်းပြီး လမ်း၊ တံတား၊ ဆည်၊ ဆေးရုံ၊ ကျောင်းတွေအကြောင်းပြောတယ်။ လူထုက အလွတ်ရနေပြီ၊ အခုဒီလိုမဟုတ်ဘူး၊ သူတို့ကြိုက်တဲ့ ဟောပြောပွဲကို အလုံးအရင်းနဲ့တက်ပြီး အားပေးကြတယ်။ တောခြုံအုံကြား၊ လူနေလှည်းဇောင်း၊ မြင်းဇောင်းထိသွားကြတယ်။ ပြင်းထန်စွာ အပြစ်မတင်မပုတ်ခတ်ဘဲ ပြောကြဟောကြတယ်။ အမျိုးမျိုးသော နှောင့်ယှက်မှုတန်ပြန်မှုတွေကိုတွေ့ရတယ်။ အဘက်ဘက်က သည်းခံကြတယ်။ အပြောအဟောတတ်သူရှိသလို၊ အပြောအဟောမတတ်ဘဲ နှုတ်စလျှာစမတတ်ဘဲ၊ မလျှော်တဲ့ဥပမာတွေနဲ့ မှတ်ချက်တွေကြားရတယ်။ ဒါ Win မဟုတ်ဘူးလားလို့ပြောတယ်။
အာဏာမရှိသူက အနိုင်ရရင် သူ့အတွက် အခက်အခဲနှင့် ရယူရတဲ့ Win ပဲ၊ အာဏာမရှိသူက မလိမ်မကျစ် အနိုင်မရခဲ့ရင် ပြိုင်ရတာက Win ပဲ၊ အာဏာရှိသူ မလိမ်မကျစ်အနိုင်ရခဲ့ရင် အမှတ်မထင်တဲ့ Win ပဲ၊ အာဏာရပါတီက အနိုင်မရဘဲ အာဏာကို စနစ်တကျ လွှဲပြောင်းပေးရင် ကမ်ဘာမှာသိက္ခာ အလွန်ရှိမယ့် Win ပဲ၊ ဒီလိုမဟုတ်ဘဲ ညစ်ကျယ်လှည့်စားနေရင် Dark-Dark ထဲကို ရောက်သွားမယ်မတူဘူးလားလို့ မေးတယ်။ သစ်တောတွေပြောင်၊ ရေ တွေဖောင်နေတဲ့တိုင်းပြည်ကို ပြန်လည်ထူထောင်ရမယ်၊ ငြိမ်းချမ်းရေးရမှ ဖြစ်နိုင်တယ်။ အလိမ်အကောက်ညစ်ကျယ် ခဲ့ရင် ယုံကြည်ရန် ခက်တယ်။ အချင်းချင်း အဆင့်တူဖယ်ပြီး၊ တစ်ဦးတည်း ဆုပ်အာဏာထူထောင်ဖို့ကြိုးစားနေရင်လည်း မကောင်းဘူးမဟုတ်လား၊ Dark-Dark မရောက်ရအောင်သိဖို့ အရေးကြီးလှပါတယ်။
Credit; ပါမောက္ခဒေါက်တာသံစစ်
Health Digest Journal (Vol. 13, No. 6)






























