ASO, လေးဖက်နာနှင့် နှလုံးရောဂါ
လူနာတစ်ယောက် အဆစ်နာ၊ အဆစ်ရောင်၊ အထူးသဖြင့် ကလေး၊ လူငယ်၊ လူရွယ်၊ ASO ကတက်ဆိုလျှင်တော့ လေးဖက်နာဟုဆရာ၀န်က ဆုံးဖြတ်လေ့ရှိသည်။ နှလုံးရောင်၊ မရောင် ESR မြင့်၊ သွေးဖြူဥမြင့်၊ ECG အပြောင်းအလဲ စသည်တို့ကိုလည်း ကြည့်သုံးသပ်ကြသည်။ အဆစ်နာ၊ အဆစ်ရောင် သက်သာစေသည့် ဆေးပေး၊ လက်ကျန် Streptococcus ပိုးကို အမြတ်ပြတ် သတ်နိုင်အောင် Penicillin ဆေးပမာဏ ခပ်များများ တစ်ပတ်ခန့် ပေးလေ့ရှိသည်။
လေးဖက်နာက နှလုံးထိ၊ နှလုံးရောင်၊ နောက်ပိုင်း နာတာရှည်လေးဖက်နာ နှလုံးရောဂါဖြစ် တတ်လေတော့ လေးဖက်နာဖြစ်ပြီး၊ လူနာကို Penicillin နှစ်ရှည်ပေးရန် ဆရာ၀န်ကညွှန်း သည်။ နောက်တစ်ကြိမ် လေးဖက်နာ အဖျားထပ်မဖြစ်အောင် ကာကွယ်သည့်သဘော။ Pencillin ပမာဏ နည်းနည်းပေးသည်။ ဒါလည်းမှန်သည်။ လေးဖက်နာ ပိုးထပ်၀င်၊ လေးဖက်နာ အဖျားထပ်ဖြစ်၊ နှလုံးထပ်ရောင်၊ နာတာရှည်နှလုံးရောဂါဖြစ်ဖို့ ပိုများလာလေတော့ ကာကွယ်သင့်သည်ဟုဆိုနိုင်သည်။ များသောအားဖြင့် Penicillin ကို လေးဖက်နာဖြစ်ပြီး ငါးနှစ်လောက် သို့မဟုတ် အသက် 25-30 သောက်ရန် ညွှန်းလေ့ရှိ သည်။ နှစ်ရှည်သောက်ရန် လိုသည်ဖြစ်သဖြင့် ဆေးသောက်မေ့တတ်သူများကို တစ်လ တစ်ကြိမ်၊ သုံးပတ် တစ်ကြိမ် Penicillin ထိုးဆေးကို ညွှန်းလေ့ရှိသည်။
နာတာရှည်လေးဖက်နာ နှလုံးရောဂါဖြစ်ပြီးသူကိုလည်း လေးဖက်နာပိုး ထပ်၀င်၊ ထပ်ဖျား၊ နှလုံးထပ်ရောင်၊ အခံနှလုံးရောဂါကို ပိုပျက်စီးစေ၊ ပိုဆိုးစေဆိုတော့ Penicillin ကာကွယ်ဆေးကို ပေးလေ့ရှိသည်။ သူတို့ကျတော့ တစ်သက်စာ စိတ်ချရလေအောင် တစ်သက်လုံး ညွှန်းလေ့ရှိသည်။
နာတာရှည်လေးဖက်နာ နှလုံးရောဂါဆိုသည်မှာ ကလေးအရွယ်၊ ဆယ်ကျော်သက်အရွယ် လေးဖက်နာ အဖျားဖြစ်ချိန်တွင် တချို့နှလုံးထိ၊ နှလုံးရောင်၊ နှလုံးအခန်းတွေ၏ ၀င်ပေါက်၊ ထွက်ပေါက်တို့တွင်ရှိ တံခါးရွက်သဖွယ် လျှာခင်များ ပျက်စီး၊ နောက်ပိုင်း အပေါက်တွေကျဉ်း၊ မလုံစသည်ဖြင့် မျိုးစုံဖြစ်လာသည်။
ဒီနောက်နှလုံးကြီးလာ၊ နှလုံးအခန်းများကျယ်လာ၊ ညှစ်အားကျ ဖြစ်လာသည်။ လူနာက မောလာ၊ ခြေထောက်ရောင်၊ ပုံမှန်လှုပ်ရှားလို့မရ၊ နည်းနည်းလှုပ်သည်နှင့် မောလာ၊ ည ကောင်းကောင်းအိပ်မရ၊ အမောဖောက်သဖြင့် ညတိုင် ထထိုင်ရသည်။ ဒါတင်မက ပျက်နေသည့် နှလုံးအပေါက် လျှာခင်များမှာ ရောဂါပိုး၀င်၊ ရောဂါပိုးခဲကပ်တွ၊ ယင်းပိုးခဲ ပြုတ်ထွက်၊ သွေးမှတစ်ဆင့် တခြားအင်္ဂါများသို့ရောက်၊ ယင်းအင်္ဂါများတွင် ပြည်တည်နာဖြစ်။ နှလုံးခုန်စည်းချက်မမှန်၊ နရီကျကျမခုန်နိုင်၊ နှလုံးညှစ်အားက မရှိသလောက်ဖြစ်၊ နှလုံးက တဖျတ်ဖျတ်နှင့် ညှစ်အားမရှိ၊ ညှစ်အား မရှိသည့် နှလုံးခန်းမများ အတွင်း သွေးအိုင်၊ သွေးခဲတည်၊ ယင်းသွေးခဲ ပြုတ်ထွက်၊ သွေးနှင့်အတူ ခန္ဓာကိုယ်အနှံ့ ရောက်ပိတ်ဆို့။ ဦးနှောက်သွေးကြောမှာ သွားပိတ်တော့ လေဖြတ်၊ အဆုတ်သွေးကြောမှာ သွားပိတ်တော့ အပြင်းအထန် အမောဖောက်၊ အူနှင့်အစာအိမ်သွေးကြောမှာသွားပိတ်တော့ အူပုပ်စသည်ဖြင့် မျိုးစုံဖြစ်သည်။
ရောဂါက ပြင်းထန်၊ မကြာခဏဖောက်တော့ ဆေးပြတ်ရသည်မရှိရသည့်အထဲ ဆေးရုံမကြာခဏ တက်ရသည်။ ကျောင်းသားဆိုလျှင် ကျောင်းပျက်၊ အလုပ်လုပ်သည့်အရွယ်ဆိုလျှင် အလုပ်ပျက်၊ အလုပ်အင်နှင့် အားနှင့် မလုပ်နိုင်၊ ပညာဆုံးခန်းတိုင် မသင်ရ၊ အလုပ်ပျက်တော့ ၀င်ငွေထိခိုက်၊ ကျန်းမာရေးအတွက် ကုန်ကျစရိတ်ကများ၊ အဖက်ဖက်က ထိခိုက်လေတော့ နှလုံးလေးဖက်နာဆိုလျှင် တော်တော် များများ ကြောက်ကြသည်။ ကြောက်မည်ဆိုလည်း ကြောက်လောက်သည်။ သို့ပေမယ့် ယင်းနာတာရှည် လေးဖက်နာ နှလုံးရောဂါလူများ ယခုနှစ်ပိုင်း၊ လွန်ခဲ့သည့် လေး၊ ငါး၊ ဆယ်နှစ်ကစပြီး သိပ်မတွေ့ရတော့။
စာရေးသူ လွန်ခဲ့သည့် နှစ် 30-40 ၀န်းကျင် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတက်စဉ်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ ဖျားနာဆောင် 3 ရုံလုံးတွင် နာတာရှည် လေးဖက်နာ နှလုံးရောဂါလူနာများလည်း အမြဲရှိသည်။ ပြင်ပလူနာခန်းတွင် နေ့စဉ် လေး၊ ငါး၊ ဆယ်ယောက်လာသလို၊ ဖျားနာဆောင်တစ်ရုံချင်းတွင်လည်း အတွင်းလူနာအမြဲ အနည်းဆုံးနှစ်ယောက်၊ သုံးယောက်ရှိသည်။ ကြည့်လိုက်သည်နှင့် သိသာသည်။ ဆေးရုံတက်လိုက်၊ ဆင်းလိုက်နှင့် ဆေးရုံ၏ ဖောက်သည်များဖြစ်ကြ သည်။ လူနာက ခပ်ပိန်ပိန်၊ အာဟာရချို့တဲ့သည့်ပုံ၊ ချို့ချို့ငဲ့ငဲ့၊ လူက မလန်းဆန်း၊ အမြဲမောလို့နေသည်။ ပတ်လက်လှန်အိပ်လို့မရ၊ နောက်မှီနှင့်၊ တချို့ ခေါင်းအုံးသုံးလေးလုံဆင့်လို့၊ ခြေထောက်နှစ်ဖက်လုံးက ဖောင်းကားနေအောင်ရောင်၊ တချို့ခြေထောက်သာမက ဗိုက်ကလည်း ရေဖျဉ်းနှင့် တင်းလို့နေသည်။ တချို့က ကိုယ်တစ်ခြမ်း လေထိလို့ထားသည်။ တချို့က ဖျားလို့၊ အဖျားကပြင်းရုံမက အဖျားဆိပ်တက်လို့နေသည်။
နှလုံးအပေါက်နှင့် လျှာခင်ပျက်စီးပုံကလည်း မျိုးစုံသည်။ တချို့က အပေါက်တစ်ခုတည်း ထိ၊ တချို့က နှစ်ပေါက်၊ တချို့က ရှိသမျှ လေးပေါက်လုံးထိသည်။ တချို့က အပေါက်ကျဉ်း၊ တချို့က အပေါက်မလုံ၊ တချို့က ကျဉ်းလည်းကျဉ်း၊ လုံလည်း မလုံ၊ နှလုံးအပေါက်နှင့် လျှင်ခင်ပျက်စီးပုံက မျိုးစုံဆိုတော့ နှလုံးကို နားကြပ်နှင့်နားထောင်တော့ အသံမျိုးစုံ ကြားရသည်။ တချို့လူနာ သံစုံတီး၀ိုင်လို အသံစုံ၊ ပုံစံစုံ၊ တိုးတိုးရော၊ ကျယ်ကျယ်ပါ၊ စူးစူးရှရှရော၊ ခပ်သြသြအသံပါ။ လူနာတစ်ယောက်နှင့် တစ်ယောက်အသံမျိုးစုံ၊ မတူကြ။ မရိုးနိုင်အောင် ကြားရသည်။ ဒီတော့ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားဘ၀ ဖျားနာဆောင် သုံးရုံလှည့်ပြီး နားထောင်ကြသည်။ တစ်ဆောင်နှင့်တစ်ဆောင် ကျောင်းသားချင်းလက်တို့ပြီး ဒီလိုလူနာရှိသည့် အကြောင်း ပြောကြသည်။ ဆရာတွေကလည်း ဒီနှလုံးအပေါက်ကျဉ်းတာက ဒီလိုအသံ၊ ဒီလို နှလုံးပေါက်မလုံတာက ဒီလိုအသံဆိုပြီး စိတ်ရှည်လက်ရှည်ရှင်းပြ၊ မကြားကြားအောင် ဒီလို နားထောင်ရတယ် စသဖြင့် လက်တွေ့ပြသည်။ ကျောင်းသားအချင်းချင်းလည်း သူကြားတာနှင့် ကိုယ်ကြားတာ အပြန် အလှန်ပြောကြ၊ ရှင်းကြ၊ ငြင်းကြနှင့် စာသင်၊ လူနာစမ်းရတာကိုပဲ အရသာတွေ့လို့နေကြသည်။ ဆေးပညာဘာသာရပ် ဘွဲ့ကြိုနောက်ဆုံးနှစ်ရော၊ ဘွဲ့လွန်သင်တန်းများတွင်ပါ လက်တွေ့လူနာစမ်းသပ်ရာတွင် လေးဖက်နာ နှလုံးရောဂါ လူနာများ၏ နှလုံးပေါက်ကျဉ်း၊ မလုံခြင်းတို့၏ ရောဂါလက္ခဏာများမှာ အဓိကအပိုင်း ဖြစ်လို့နေသည်။ စမ်းတတ် မဖြစ်စေရ၊ မကြား မရှိစေရ၊ ရောဂါသုံးသပ်မှုအား မနည်းစေရသဘောမျိုး ဖြစ်လို့နေသည်။ ဒီတော့လည်း ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသားတိုင်း လေးဖက်နာ နှလုံးရောဂါလူနာများကို ထပ်ခါထပ်ခါစမ်း၊ အကျွမ်း၀င်လို့နေကြသည်။
ဆက်ရန်
Credit; ပါမောက္ခနေ၀င်း (ဆေးပညာ)
Health Digest Journal (Vol: 12, No: 31)





























