/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/နုပျိုလှပစေဖို့အတွက်-အသားအရေထိန်းသိမ်းနည်းများ

နုပျိုလှပစေဖို့အတွက် အသားအရေထိန်းသိမ်းနည်းများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        နုပျိုလှပတဲ့ အသားအရေဟာ ပျိုမေတိုင်းတောင့်တတဲ့အရာပါ။ အသက်နှစ်ဆယ်ကျော်လာချိန်မှာ အသားအရေမှာ မသိမသာ စတင်ပြောင်းလဲလာပြီဖြစ်ပါတယ်။ ဒါကြောင့်ပုံမှန်သုံးနေကြ အလှကုန်တွေအပြင် အသားအရေထိန်းသိမ်းဖို့ပါ လိုအပ်လာပြီဖြစ်တဲ့အတွက် အသားအရေထိန်းသိမ်းဖို့ နည်းလမ်းတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

 

(1)  နူးညံ့တဲ့မျက်နှာသစ်ဆေးသုံးပါ။

        ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်များအနေနဲ့ ဖြူ၀င်းစေတဲ့မျက်နှာသစ်ဆေး (Cream type) အသုံးပြုသင့်ပြီး အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေကတော့ အဆီမပါ၀င်တဲ့ မျက်နှာသစ်ဆေးကို အသုံးပြုသင့်ပါတယ်။ နုနယ်လွန်းတဲ့ အသားအရေပိုင်ဆိုင်သူတွေ အနေနဲ့ကတော့ အရေပြားအထူးကုဆရာ၀န်နဲ့ တိုင်ပင်ပြီးမှသာ အလှကုန်ပစ္စည်းတွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ မျက်နှာသန့်စင်တဲ့အခါ ရေအေး (သို့) ရေနွေးနွေးလေးနဲ့ ညင်သာစွာသန့်စင်ပေးပါ။

 

(2)  အစိုဓာတ်ထိန်းပါ။ 

        အကယ်၍ သင့်မျက်နှာက အဆီပြန်တတ်ပါက အစိုဓာတ်များများပါတဲ့ မျက်နှာလိမ်းခရင်မ်ကို နေ့စဉ် အသုံးပြုပေးသင့်ပြီး၊ မျက်နှာအသားအရေ ခြောက်သွေ့သူဖြစ်ပါက အစိုဓာတ်ထိန်း ခရင်မ်ကို တစ်နေ့တစ်ကြိမ်ထက်ပိုပြီးအသုံးပြုပေးဖို့ လိုအပ်ပါတယ်။ ရေချိုးပြီးခါစမျက်နှာမှာ အစိုဓာတ်ရှိနေချိန်မှာ လိမ်းပေးဖို့လိုအပ်ပါတယ်။

 

(3)  နေရောင်ခံလိ်မ်းဆေးနေ့စဉ်သုံးပါ။

        နေ့ဘက်မှာ SPF 30 ပါတဲ့ နေရောင်ခံလိမ်းဆေးကိုလိမ်းပြီးမှ အပြင်ထွက်ပါ။ တကယ်လို့သင်က ချေွးထွက်သူ (သို့) အပြင်ကိုသာတချိန်လုံး သွားနေရသူဖြစ်ပါက နေရောင်ခံလိမ်းဆေးကို တစ်နေ့တစ်ကြိမ်ထက်မနည်း လိမ်းပေးဖို့လိုအပ်ပါတယ်။ နှုတ်ခမ်းသားကိုလည်း နေရောင်မှကာကွယ်ဖို့ လိုအပ်ပါတယ်။

 

(4)  ဆဲလ်သေတွေကိုဖယ်ရှားပါ။

         တစ်နေ့လုံးအပြင်ထွက် (သို့) အလုပ်သွားတဲ့အခါမှာ ခန္ဓာကိုယ်မှာဖုန်မှုန့်တွေ၊ ပိုးမွှားတွေ များစွာကပ်တွယ်ကြပါတယ်။ ဒါကြောင့် ရေချိုးတဲ့အခါ ခန္ဓာကိုယ်ကို ကိုယ်တိုက်အ၀တ်စနဲ့ ပွတ်တိုက်ပြီး ဖုန်မှုန့်တွေဆဲလ်သေတွေကိုဖယ်ရှားပါ။

 

(5)  Skin Care နေ့စဉ်သုံးပါ။ 

        Skin Care တွေကဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် စိုပြည်၀င်းလက်တဲ့အသားအရေကို ပိုင်ဆိုင်စေပါတယ်။ Acne ဆေးတွေနဲ့ anti-aging ထုတ်ကုန်တွေမှာ ဆယ်လီစလစ်အက်ဆစ်နဲ့ ရက်တီနော ပါရှိတာကြောင့် ဆဲလ်သေတွေဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

 

(6)  Sensitive ဖြစ်တဲ့အသားအရေကို ကာကွယ်ပါ။

        သင့်အသားအရေဟာ sensitive ဖြစ်ရင် (သို့) အလှကုန်ပစ္စည်းများစွာနဲ့ မတည့်သူဆိုရင်တော့ နူးညံ့ပျော့ပျောင်းတဲ့ skin care ကိုသာ အသုံးပြုရမှာဖြစ်ပြီး အစိုဓာတ်ထိန်းခရင်မ် (သို့) နေရောင်ခံလိမ်းဆေးတွေကို မလိမ်းဘဲအပြင်မထွက်ပါနဲ့။ နေရောင်ခံလိမ်းဆေးကို နေပူထဲ မထွက်ရရင်တောင် အသုံးပြုပေးသင့်ပြီး၊ အရေပြားကင်ဆာ၊ အရေပြားတွန့်ခြင်း၊ အမည်းစက်များဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးပါတယ်။

 

(7)  ဗီတာမင်ကြွယ်၀တဲ့ cream ကိုလိမ်းပါ။

        အသားအရေဖြူ၀င်းစေတဲ့ cream တွေ၊ serum  တွေမှာ ဗီတာမင် C (သို့) ဗီတာမင် E တို့ ပါ၀င်တာကြောင့် နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။

 

(8)  ဓာတ်မတည့်ခြင်းမှ ကာကွယ်ပါ။ 

        အလှကုန်ပစ္စည်းတွေဟာ လူတိုင်းနဲ့မတည့်တတ်ပါဘူး။ ဒါကြောင့် အသားအရေထိန်းသိမ်းတဲ့ မည်သည့်ပစ္စည်းကိုမဆို လက်မောင်းအတွင်းသားမှာ အရင်စမ်းလိမ်းကြည့်ပြီးမှ မျက်နှာပေါ်မှာလိမ်းကြည့်သင့်ပါတယ်။

 

(9)  အလှကုန်ပစ္စည်းများကို ရွေးချယ်အသုံးပြုပါ။

         Beauty salon မှာမျက်နှာသန့်စင်တာဟာ ခဏတာတော့ မျက်နှာကိုကြည်လင်၀င်းပသွားစေပေမယ့် မိမိနဲ့ဓာတ်မတည့်ခြင်းဖြစ်နိုင်ပါတယ်။ သဘာ၀အလှကုန်ပစ္စည်းဆိုပေမဲ့လည်း မျက်နှာနီမြန်းခြင်း၊ အနီကွက်၊ အဖုအပိမ့်ထခြင်း စတဲ့ဓာတ်မတည့်တဲ့ လက္ခဏာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မိမိအသားရေနဲ့လိုက်ဖက်တဲ့ အမျိုးအစားကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

 

(10) ၀က်ခြံ၊ ဆား၀က်ခြံတို့ ကင်း​​​ဝေးစေရန် ဂရုစိုက်ပါ။

        ဟော်မုန်းပြောင်းလဲခြင်း၊ စိတ်ဖိစီးမှုများခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့ကြောင့် ၀က်ခြံ၊ ဆား၀က်ခြံတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ၀က်ခြံ၊ ဆား၀က်ခြံတို့ကို ကင်းစေမယ့်အလှကုန်ပစ္စည်းကို အသုံးပြုခြင်း (သို့) အရေပြားရောဂါ အထူးကုနဲ့ပြခြင်းဖြင့် သက်သာအောင်ပြုလုပ်နိုင််ပါတယ်။ မျက်နှာပေါင်းတင်ကပ်ခွာကို အသုံးပြုပြီးလည်း ဆား၀က်ခြံတွေကို လျော့ချနိုင်ပါတယ်။

 

CMS (www.drmyanmar.com)