ဘိုးဘိုး၊ ဘွားဘွားတို့အတွက် လိုအပ်သော ဗီတာမင်များ
♦ ကယ်ဆီယမ်
ကယ်ဆီယမ်ဓာတ်က အရိုးတွေ သန်မာစေဖို့ အဓိကအရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး နို့၊ ဒိန်ချဉ်စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။ အသက်ကြီးတဲ့အမျိုးသမီးတွေမှာ အရိုးပွရောဂါ ဖြစ်နိုင်ခြေ ပိုများတဲ့အတွက် ကယ်ဆိီယမ်ဓာတ် ပိုလိုပါတယ်။ ကယ်ဆီယမ်ဆေးသောက်ဖို့ လို၊ မလို ဆိုတာတော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
♦ ဗီတာမင် D
နေရောင်နဲ့ ထိတွေ့တဲ့အခါမှာ ခန္ဓာကိုယ်ကနေ ဗီတာမင် D ကို ထုတ်လုပ်ပေးပြီး ဒီဗီတာမင်က အရိုးနဲ့သွားတွေ ကျန်းမာသန်စွမ်းစေဖို့ မရှိမဖြစ် အရေးပါ,ပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ခန္ဓာကိုယ်က ဗီတာမင် D ကောင်းစွာ မထုတ်ပေးနိုင်တော့တဲ့အတွက် အရိုးဆုံးရှုံးခြင်းနဲ့ အရိုးကျိုးခြင်းမှ ကာကွယ်ပေးနိုင်ဖို့ ဗီတာမင် D ဆေးပြား၊ ဖြည့်စွက်စာတွေ စားပေးဖို့ လိုပါတယ်။
♦ ဗီတာမင် B12
ဗီတာမင် B12 က သွေးဆဲလ်တွေနဲ့ အာရုံကြောဆဲလ်တွေ ကျန်းမာအောင် ထိန်းထားပေးပါတယ်။ အသက်ကြီးလာတဲ့အခါမှာ အစားအစာတွေက ရရှိတဲ့ ဗီတာမင် B12 ကို ခန္ဓာကိုယ်က ရယူသုံးစွဲနိုင်စွမ်း လျော့ကျလာပါတယ်။ ဒါ့ကြောင့် အသက် 50 ကျော်လာပြီဆိုရင် ဗီတာမင် B12 ဖြည့်စွက်ဆေးပြားတွေ၊ ဗီတာမင် B12 ထည့်ပြီးလုပ်ထားတဲ့ ကောက်ပဲသီးနှံတွေ၊ ဗီတာမင် B12 ကြွယ်ဝတဲ့ အသား၊ အဆီ ပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ငါးတွေ စားပေးဖို့ လိုအပ်ပါတယ်။
♦ ဖောလိတ်
သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ လိမေ္မာ်သီး၊ ဖောလိတ် ထည့်သွင်းပြုလုပ်ထားသော ကောက်ပဲသီးနှံ အစားအစာများ၊ ပေါင်မုန့်များမှာ ဖောလိတ် ကြွယ်ဝပါတယ်။
♦ B6
B6 က ကိုယ်ခံအားစနစ်နဲ့ ဇီဝကမ္မစနစ်ကို ကောင်းမွန်စေပါတယ်။ B6 ကို ကောက်ပဲသီးနှံများ၊ ပဲပိစပ်နှင့် ပဲပိစပ်ထွက်ကုန်များ၊ ကလီစာများမှ ရရှိနိုင်ပါတယ်။
♦ ဗီတာမင် C
လိမေ္မာ်သီး၊ ငရုတ်ပွသီး အစိမ်း၊ အနီနဲ့ အခြားသောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များမှာ ကြွယ်ဝစွာ ပါဝင်တဲ့ ဗီတာမင် C က မျက်စိ အတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး အနာကျက်မြန်စေခြင်း၊ ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးနိုင်ခြင်းစတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။
♦ မဂ္ဂနီဆီယမ်
သွေးဖိအားနဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းနိုင်ဖို့ အထောက်အကူ ဖြစ်စေသလို အရိုးအတွက်လည်း ကောင်းပါတယ်။ မဂ္ဂနီဆီယမ်ကို အခွံမာသီးများ၊ ဟင်းနုနွယ်နဲ့ နို့ထွက်ပစ္စည်းတွေကနေ ရရှိနိုင်တဲ့အပြင် အချို့သော ကောက်ပဲသီးနှံနဲ့ လုပ်ထားတဲ့ အစားအစာတွေမှာလည်း ထည့်သွင်းပြုလုပ်ထားပါတယ်။
အောက်ပါ ဖြည့်စွက်စာတွေမှာ ပါဝင်တဲ့ဓာတ်တွေလည်း ရှိပါသေးတယ်။
♦ Probiotics
ဒိန်ချဉ်မှာ တွေ့ရတဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ probiotics လို့ခေါ်တဲ့ ပိုးတွေက ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပေးပြီး အူလမ်းကြောင်း ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။
♦ Coenzyme Q10
CoQ10 လို့ လူသိများပြီး ခန္ဓာကိုယ်တွင်းမှာ သဘာဝအတိုင်း ထုတ်လုပ်ကာ ခန္ဓာကိုယ် တစ်သျှူးတော်တော်များများမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေပါတယ်။
♦ Melatonin
အများအားဖြင့် ညဘက်မှ ထွက်တတ်တဲ့ ဟော်မုန်းဖြစ်ပြီး အိပ်ပျော်စေဖို့အတွက် အထောက်အကူ ပေးပါတယ်။
♦ ငါးကြီးဆီ
ဆယ်မွန်ငါးနဲ့ အခြားငါးအချို့မှာ တွေ့ရတဲ့ Omega-3 Fatty Acids က နှလုံးသွေးကြောအတွက် ကောင်းပါတယ်။ ဒီငါးမျိုးတွေကို တစ်ပတ်ကို 2 ခါလောက် စားသုံးပေးသင့်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























