ရယ်ပါ…တတ်နိုင်သမျှ စိတ်ရောကိုယ်ပါလွတ်လွတ်လပ်လပ် ရယ်လိုက်ပါ…
ရယ်မောခြင်းက ကျန်းမာရေးအတွက် အကောင်းဆုံးဆေးတစ်ခွက်ဖြစ်ပါတယ်။ ရယ်မောခြင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းတွေကြောင့် သက်ကြီးပိုင်းတွေရဲ့စိတ်ကျန်းမာရေးကိုကောင်းမွန်စေပြီး စိတ်တက်ကြွပြီး ကိုယ်လက်လှုပ်ရှားမှုပိုမိုပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။
ဘယ်အသက်အရွယ်မှာမဆို ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက ကျန်းမာစေပါတယ်။ သက်ကြီးပိုင်းတွေအတွက်တော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နှလုံးကျန်းမာခြင်း၊ ကိုယ်အလေးချိန်ကိုထိန်းချုပ်နိုင်ခြင်း၊ ဆီးချိုရောဂါဖြစ်နိုင်ချေကိုလျော့ကျစေခြင်း၊ အရိုးကျန်းမာစေခြင်း၊ ကြွက်သားများသန်စွမ်းခြင်း စတဲ့အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါတယ်။
Centers for Disease Control (CDC) ရဲ့အဆိုအရ အသက် 65 နှစ်အရွယ်လူကြီးတွေက တစ်ပတ်လျှင် အသင့်အတင့်ကိုယ်လက်လှုပ်ရှားမှှု အနည်းဆုံး 150 မိနစ် (သို့) ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး 75 မိနစ်လုပ်သင့်တယ်လို့ဆိုပါတယ်။
ဒါတွေအပြင် လူကြီးတွေကကြွက်သားတွေကိုသန်စွမ်းစေတဲ့ ထိုင်-ထ လေ့ကျင့်ခန်း၊ အလေးအိတ်သယ်ခြင်းတွေကို တစ်ပတ်ကို 2 ကြိမ်ပြုလုပ်သင့်ပါတယ်။
လူကြီးတွေအတွက် ကျန်းမာရေးလေ့ကျင့်တဲ့နေရာတွေမှာ ပျော်ရွှင်စရာတွေထည့်ပေးပါ။
အများအားဖြင့် လေ့ကျင့်ခန်းပုံမှန်မလုပ်တဲ့အကြောင်းအရင်းကတော့ ပျော်ရွှင်မှုမရှိတဲ့အတွက် လေ့ကျင့်ခန်းလုပ်ချင်စိတ်မရှိခြင်းပဲဖြစ်ပါတယ်။ သက်ကြီးပိုင်းတွေ လေ့ကျင့်ခန်းပိုလုပ်ချင်စိတ်ရှိလာအောင် ရယ်မောခြင်းလေ့ကျင့်ခန်းကို ထည့်သွင်းဖို့စီမံချက်တစ်ခုကို ရေးဆွဲထားပါတယ်။
ရယ်မောခြင်းက နှစ်သက်ဖွယ်ကောင်းပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိစေပါတယ်။ ဒါကြောင့် တမင်သက်သက်ရယ်ရအောင်ပြုလုပ်ခြင်းဖြင့် လေ့ကျင့်ခန်းလုပ်တဲ့နေရာတွေမှာပျော်ရွှင်မှုပိုရစေပါတယ်။
ဒီစီမံချက်ကို Laugh Active လို့ခေါ်ပါတယ်။ ဒီထဲမှာတော့ အတော်အသင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေနဲ့အတူ ရယ်မောခြင်းကိုလှု့ံဆော်ပေးတဲ့နည်းလမ်းတွေကိုထည့်သွင်းထားခြင်းဖြင့် ဟာသတွေပြောစရာမလိုဘဲ လေ့ကျင့်ခန်းလုပ်ရင်း ရယ်မောစေနိုင်မှာဖြစ်ပါတယ်။ ရယ်နေတဲ့သူကိုကြည့်ခြင်းဖြင့် အခြားကစားနေတဲ့သူတွေကိုပါ အမှန်တကယ်ရယ်မောစေမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်က လှုံ့ဆော်မှုကြောင့် ရီတာနဲ့ အမှန်တကယ်ရီတာကို မခွဲခြားနိုင်ပါဘူး။ ဒါကြောင့် ကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေမှာဖြစ်ပါတယ်။
ရယ်မောခြင်းက လေ့ကျင့်ခန်းလုပ်ချင်စိတ်ကို ပိုမိုအားပေးစေသည်။
စီမံချက်မှာ ခန္ဓာကိုယ်သန်မာစေတဲ့၊ ဟန်ချက်ညီမှျှစေတဲ့၊ ကွေးနိုင်ဆန့်နိုင်ခြင်းကိုကောင်းစေတဲ့ လေ့ကျင့်ခန်းတွေအပြင် ရယ်မောခြင်းလေ့ကျင့်ခန်း 8-10 ခုလောက်ကို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း 3-4 ခုပြီးတိုင်း 3-6 စက္ကန့်ကြာကြာ နေ့စဉ်ပုံမှန်ပြုလုပ်စေပြီး စိတ်ကျန်းမာရေး၊ မပျင်းမရိဘဲနဲ့ လေ့ကျင့်ခန်းကို အချိန်အတော်ကြာပြုလုပ်နိုင်စွမ်းကို လေ့လာခဲ့ပါတယ်။ 6 ပတ်အကြာမှာ 96.2% က ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေအပြင် ရယ်မောခြင်းပြုလုပ်ရတာကိုနှစ်သက်ပြီး 88.9% ကတော့ ရယ်မောခြင်းလေ့ကျင့်ခန်းတွေထည့်သွင်းထားခြင်းဖြင့် လေ့ကျင့်ခန်းတွေဆက်ပြီးလုပ်ချင်စိတ်ဖြစ်လာစေတယ်လို့ခံစားရပါတယ်။
ရယ်မောခြင်းနဲ့ လေ့ကျင့်ခန်းတွဲလုပ်ခြင်းက လူကြီးတွေကိုလေ့ကျင့်ခန်းစလုပ်စေပြီး လေ့ကျင့်ခန်းကိုလည်း အချိန်အတော်ကြာစွဲစွဲမြဲမြဲလုပ်ဖြစ်အောင် အားပေးပါတယ်။
Dr. Mya Myo Myo Swe






























