/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/လူကြီးများတွင်-အသက်ရှူခက်ခဲခြင်းဖြစ်စေသည့်-အကြောင်းအရင်းများ

လူကြီးများတွင် အသက်ရှူခက်ခဲခြင်းဖြစ်စေသည့် အကြောင်းအရင်းများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

         အသက်ရှူခက်ခဲခြင်းကိုသေချာမသိဘဲ အသက်ကြီးလာလို့အသက်ရှူရတာခက်တယ်လို့ပဲထင်ပြီး ဆေးကုသမှုခံယူဖို့နောက်ကျခဲ့မယ်ဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ ဆေးလိပ်နှင့် အရက်သောက်သုံးခြင်း၊ အချို့သောအနာသက်သာဆေးတွေသောက်ခြင်းတို့ကြောင့် အသက်ရှူခက်ခြင်းဖြစ်နိုင်ချေများပါတယ်။ အသက်ရှူခက်ခဲမှုကိုဖြစ်စေတဲ့ အကြောင်းရင်းကိုကုသနိုင်မှ ရောဂါသက်သာပြီး ကျန်းမာစေပါမယ်။

COPD ( နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သောရောဂါ)

        ဒါတွေကတော့ နာတာရှည် လေပြွန်ရောင်ခြင်းနဲ့ လေအိတ်ရောင်ခြင်း (Emphysema) တို့ ဖြစ်ကြပါတယ်။ Emphysema ဆိုသည်မှာ အသက်ကြီးလာခြင်း၊ ဆေးလိပ်ငွေ့နဲ့ လေထုညစ်ညမ်းမှုတွေကြောင့် အဆုတ်တစ်သျှူးတွေ ကျုံ့ခြင်း၊ ဆန့်ခြင်း မပြုလုပ်နိုင်တော့ရာကနေ အောက်ဆီဂျင်ကိုအလဲအလှယ်လုပ်ပေးတဲ့ လေအိတ်သေးသေးလေးတွေ ပျက်စီးသွားခြင်းဖြစ်ပါတယ်။ နာတာရှည်လေပြွန်ရောင်ခြင်းကတော့ လေပြွန်သေးသေးလေးတွေမှတစ်ဆင့် နောက်ဆုံးမှာလေပြွန်အကြီးကြီးတွေအထိ တဖြည်းဖြည်းနဲ့ရောင်ပြီး ပိုဆိုးလာခြင်းကိုခေါ်ပါတယ်။ ဒါတွေကြောင့် ချွဲတွေထွက်လာပြီး ရောဂါပိုးများဝင်ရောက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းပိတ်သွားပါတယ်။

       COPD ကို စောစောကုသမယ်ဆိုရင် ရောဂါဆိုးခြင်းကိုနှေးစေသော်လည်း ပျက်စီးသွားတဲ့အဆုတ်ကတော့ ပြန်မကောင်းနိုင်ပါဘူး။ ဆေးလိပ် 10 နှစ်နဲ့ အထက်သောက်သူတွေမှာ စပြီးဖြစ်တတ်ပါတယ်။ အစပိုင်းမှာ ရောဂါလက္ခဏာတွေကမသိသာပေမယ့် အချိန်ကြာလာတာနဲ့အမျှ အသက်ရှူရခက်တာပိုဆိုးလာပြီး တောင်ကုန်းတက်ခြင်းလိုမျိုး အတော်အသင့်အားစိုက်လိုက်တာနဲ့ မောလာပါမယ်။ တဖြည်းဖြည်းနဲ့ပိုဆိုးလာပြီး နည်းနည်းလှုပ်ရှားရင်တောင် အသက်ရှူရခက်လာတတ်ပါတယ်။ အစားစားချိန်နဲ့ လမ်းလျှောက်ချိန်တွေမှာ အောက်ဆီဂျင်ရှူဖို့လိုလာပါတယ်။ လှဲအိပ်ခြင်းက အသက်ရှူပိုခက်စေလို့ ခုတင်ခေါင်းရင်းကို အနည်းငယ်မြှင့်ပြီးအိပ်စက်ခြင်းဖြင့် သက်တောင့်သက်သာပိုရှိစေပါတယ်။

နှလုံးအလုပ်မလုပ်နိုင်ခြင်း (congestive heart failure)

       နှလုံးအလုပ်မလုပ်နိုင်တဲ့အကြောင်းအများစုက အသက်ကြီးချိန်မှာပိုဖြစ်လေ့ရှိကြပါတယ်။ အရင်က နှလုံးရပ်ဖူးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုးခြင်း၊ ကာလကြာမြင့်စွာအရက်သောက်ခြင်းကြောင့် နှလုံးကြွက်သားအားနည်းခြင်းတွေက နှလုံးအလုပ်မလုပ်ခြင်းဖြစ်စေတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ Congestive heart failure (CHF) တွင် နှလုံးကြွက်သားတွေအားနည်းပြီး မညှစ်နိုင်တော့လို့ အောက်ဆီဂျင်ပါဝင်တဲ့သွေးတွေကို ခန္ဓာကိုယ်အနှံ့ရောက်အောင် မပို့နိုင်တော့တာပဲဖြစ်ပါတယ်။ ခြေထောက်မှာသွေးတွေပုံလာတဲ့အခါ သွေးတွေက အနီးကတစ်သျှူးတွေထဲကိုစိမ့်ဝင်ပြီး ခြေကျင်းဝတ်တွေရောင်လာစေပါတယ်။ အဆုတ်မှာသွေးတွေစုပုံနေရင်တော့ လေပြွန်တွေထဲကိုစိမ့်ဝင်လာပါတယ်။ အသက်ရှူရခက်ခဲခြင်းက လျှင်မြန်စွာပြင်းထန်လာနိုင်ပြီး အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

       နှလုံးအလုပ်မလုပ်ခြင်းကြောင့် ကျောက်ကပ်ကနေ ဆိုဒီယမ်နဲ့ ပိုနေတဲ့အရည်တွေကို ခန္ဓာကိုယ်အပြင်ဘက်သို့ စွန့်ထုတ်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီအခြေအနေမှာ ရေနဲ့ ဆား စားသုံးမှုကို ကန့်သတ်ထားပါတယ်။ Congestive heart failure (CHF)  န့ဲ COPD ကဆက်စပ်မှုရှိသော်လည်း အသက်ကြီးသူတွေမှာ နှစ်မျိုးလုံးတော့တွဲဖြစ်ခဲပါတယ်။

သွေးအားနည်းခြင်း

       သွေးအားနည်းရောဂါရှိသူတွေမှာ သွေးနီဥတွေနည်းလို့ ခန္ဓာကိုယ်ကလိုအပ်တဲ့အောက်ဆီဂျင်ကို အပြည့်အဝမရနိုင်ပါဘူး။ ရောဂါလက္ခဏာတွေကတော့ အသက်ရှူခက်ခဲခြင်း၊ အသားအရည်ဖြူဖျော့ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်ကြပါတယ်။ လူကြီးတွေမှာ ရောဂါပိုးဝင်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါနဲ့ ကင်ဆာ စတဲ့နာတာရှည်ရောဂါတွေကြောင့် သွေးအားနည်းခြင်းအဖြစ်များပါတယ်။ အာဟာရဓာတ်ချို့တဲ့ခြင်း (သို့) အာဟာရတွေကို ကောင်းမွန်စွာမစုပ်ယူနိုင်ခြင်းကြောင့် သံဓာတ်ချို့တဲ့ခြင်းကတော့ သွေးအားနည်းရောဂါ ဒုတိယအများဆုံးဖြစ်စေတဲ့အကြောင်းဖြစ်ပါတယ်။ အဆစ်အမြစ်ရောင်ရောဂါတွေမှာသုံးတဲ့ စတီးရွိုက်မဟုတ်တဲ့ အရောင်ကျဆေးတွေရဲ့ဆိုးကျိုးဖြစ်တဲ့ အစာအိမ်နှင့် အူလမ်းကြောင်းမှ သွေးယိုစီးခြင်းကြောင့်လည်း သွေးအားနည်းစေနိုင်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com