သက်ကြီးရွယ်အိုများကို ဆောင်းတွင်းရဲ့အအေးဒဏ်ကနေ ဘယ်လိုကာကွယ်မလဲ
ဒီဇင်ဘာလအစကတည်းက တဖြည်းဖြည်း ရာသီဥတု ပိုမိုအေးလာတာနဲ့အမျှ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးကိုလည်း အလေးထားဂရုပြုဖို့ လိုအပ်လာပါပြီ။ အခုလို အေးတဲ့ရာသီဟာ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ရမယ့်အချိန်ပါ။ ယခုဆောင်းပါးလေးမှာတော့ သက်ကြီးရွယ်အိုတွေကို အအေးဒဏ်ကနေ ဘယ်လိုကာကွယ်မလဲဆိုတဲ့ နည်းလမ်းလေးများကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်တွင်းအပူချိန် သာမန်ထက်လျော့ကျခြင်းကို ကာကွယ်ပါ၊ လူကြီးတွေဟာ အအေးဒဏ်ကို ပိုခံစားပြီး ကိုယ်အပူချိန် ကျဆင်းကာ အသက်အန္တရာယ် ဖြစ်တတ်ပါတယ်။
● အေးနေချိန်တွင် ဦးထုပ်၊ ဆွယ်တာ၊ ခြေအိတ်၊ လက်အိတ်များ ဝတ်ဆင်ခြင်း၊ အခန်းတံခါးများ လုံအောင်ပိတ်ခြင်း၊ စောင်ခြုံခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ပါ။
● အိပ်နေစဉ်တွင် စောင်ထူထူခြုံပေးခြင်း၊ ထိုင်နေချိန်တွင်လည်း ခြေထောက်များကို စောင်ခြုံပေးခြင်း ပြုလုပ်ပါ။
● ကိုယ်လက်လှုပ်ရှားမှုှရှိပါစေ။ ခြံဝင်းထဲ လမ်းလျှောက်ခြင်း၊ ဈေးသို့လမ်းလျှောက်သွားခြင်းတို့ကို ပြုလုပ်စေသင့်ပါတယ်။ လေဖြတ်နေသူများအတွက်လည်း လေ့ကျင့်ခန်းများကို ပြုလုပ်ပေးသင့်ပါတယ်။
>> အပြင်ထွက်သောအခါ အအေးဒဏ်ကို ကာကွယ်ပါ။
● အနွေးထည် အထပ်ထပ် ဝတ်ပေးပါ။ သို့သော် တင်းကြပ်လွန်းသော အဝတ်အစားများဝတ်ခြင်းကို ရှောင်ကြဉ်ပါ။
● နှင်းကျနေသောအခါ မိုးကာ ဝတ်ဆင်ပေးပါ။
● လေအရမ်းတိုက်သောအချိန်မျိုးတွင် အပြင်ထွက်ခြင်းရှောင်ပါ။
● ဦးထုပ်နဲ့ခေါင်းပတ်ပဝါများ မဖြစ်မနေ ဝတ်ဆင်ပါ။
● အပြင်တွင် အချိန်ကြာကြာနေခြင်းမျိုးကို တတ်နိုင်သမျှ ရှောင်ပါ။
>> သက်ကြီးရွယ်အိုများတွင် ကိုယ်အပူချိန်လျော့ကျခြင်း လက္ခဏာများ
● အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုများ (စိတ်တိုခြင်း၊ စိတ်ရှုပ်ခြင်း၊ စကားလေးခြင်း၊ စကားဗလုံးဗထွေးပြောခြင်း၊ အိပ်ငိုက်ခြင်း)
● အသားအရေ ဖြူဖပ်ဖြူလျော်ဖြစ်ခြင်း
● မျက်လုံးများ ဖောင်းအစ်ခြင်း
● ခြေဖျားလက်ဖျားများ အေးစက်ခြင်း
● မူးဝေခြင်း၊ ကြက်သီးထခြင်း
>> သက်ကြီးရွယ်အိုများတွင် ပြင်းထန် ကိုယ်အပူချိန်လျော့ကျခြင်း လက္ခဏာများ
● နှလုံးခုန်နှေးခြင်း
● နှလုံးခုန်မမှန်ခြင်း
● မထနိုင်ခြင်း
● အသက်ကို ဖြည်းဖြည်းသာ ရှူခြင်း
● ခြေလက်များ တောင့်တင်းခြင်း
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























