သက်ကြီးရွယ်အိုများတွင် အစားအသောက်ပျက်စေတဲ့ အကြောင်းရင်းများ
အစားအသောက်ပျက်ခြင်းသည် သက်ကြီးရွယ်အိုများတွင် အဖြစ်အများဆုံးဖြစ်သည်။ အသက်အရွယ်ကြီးရင့်သော ဘိုးဘွားအများစုမှာ အစားစာချင်စိတ်မရှိသောကြောင့် အစာ စားရန်ငြင်းဆန်လေ့ရှိကြသည်။
I. ပထမဦးစွာ ပြင်းထန်သောရောဂါအခြေအနေများ (သို့) ဆေး၏ဆိုးကျိုးများရှိ/မရှိကို စစ်ဆေးပါ။
အကယ်၍ သင်၏ဘိုးဘွားတစ်ဦးဦးသည် ရုတ်တရက်အစားအသောက်ပျက်ပါက အထက်ပါအခြေအနေများရှိ/မရှိကို ဆရာ၀န်နှင့်တိုင်ပင်ရန်မှာ အရေးကြီးလှပါသည်။
အချို့သောပြင်းထန်သည့်ရောဂါများသည် အစာစားချင်စိတ်ကိုပြောင်းလဲစေနိုင်ပါသည်။
- မှတ်ဉာဏ်ချို့တဲ့ခြင်း (Alzheimer’s disease) နှင့် အာရုံကြောများပျက်စီးခြင်းကြောင့် လှုပ်ရှားမှုနှေးကွေးခြင်း (Parkinson’s disease)
- သိုင်းရွိုက်ရောဂါများ (လည်ပင်ကြီးရောဂါ)
- ကင်ဆာ
- ပါးစပ်နှင့် လည်ချောင်းတွင်ပိုး၀င်ခြင်း (သို့) သွားဖုံးရောဂါ
- တံတွေးထွက်ဂလင်းပြဿနာများ
ဆေးဝါးများ၏ဆိုးကျိုးများဖြစ်သော ပါးစပ်ခြောက်ခြင်း၊ အစားအစာနှင့် ရေတို့၏ အရသာပြောင်းလဲခြင်းများကြောင့်လည်း အစားအသောက်ပျက်စေနိုင်ပါသည်။
II. အစားအသောက်ပျက်ရခြင်း၏ အကြောင်းအရင်း 10 ချက်
အစားအသောက်ပျက်ခြင်းသည် ရောဂါေ၀ဒနာများနှင့် ဆေးဝါးများကြောင့်မဟုတ်ပါက အောက်ပါအချက် 10 ချက်သည် အစားစာချင်စိတ်မရှိရခြင်း၏ အကြောင်းအရင်းများဖြစ်နိုင်ပေသည်။
1. လေ့ကျင့်ခန်း မပြုလုပ်ခြင်း
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဖြင့် အစာအစားချင်စိတ်ကို မြှင့်တင်နိုင်ပါသည်။
2. ရေငတ်ခြင်း
သက်ကြီးရွယ်အိုအများစုသည် အသက်အရွယ်အရသော်လည်းကောင်း၊ ဆေးဝါးများကြောင့်သော်လည်းကောင်း ရေဓာတ် မလုံလောက်ခြင်းကြောင့် ရေငတ်ခြင်းကိုပိုမိုခံစားရနိုင်ပြီး အစာစားချင်စိတ်ကိုဆုံးရှုံးစေနိုင်ပါသည်။
3. အစာစားချိန်မမှန်ခြင်း
နေ့စဉ်နေ့တိုင်း အချိန်မှန်မှန်စားသောက်ခြင်းသည် ထိုအချိန်ရောက်တိုင်း အစာစားရန်ခန္ဓာကိုယ်ကိုအမြဲအဆင်သင့်ဖြစ်စေနိုင်ပါသည်။
4. အစားအစာများကို မပြင်ဆင်နိုင်ခြင်း
တစ်ယောက်တည်းနေထိုင်ကြသော သက်ကြီးရွယ်အိုများတွင် အစာမစားကြခြင်းမှာ မိမိတို့ဘာသာ မချက်ပြုတ်မပြင်ဆင် နိုင်ခြင်းကြောင့်ဖြစ်သည်။
5. အရသာအာရုံခံဖုများ ပျက်စီးခြင်း
အသက်ကြီးလာသည်နှင့်အမျှ အရသာအာရုံခံဖုများပျက်စီးလာပြီး အစားအစာများကို အရသာမရှိဟု အထင်ရှိစေပါသည်။
6. အစာဝါးရန်၊ မြိုချရန်ခက်ခဲခြင်း
အစာစားရန်ခက်ခဲလာခြင်းကြောင့် ဘိုးဘွားများသည် အစာစားချင်စိတ်နည်းပါးလာခြင်းဖြစ်သည်။ အကြောင်းအရင်းများမှာ-
- အသက်ကြီးလာခြင်း (ခန္ဓာကိုယ်ပျက်စီးယိုယွင်းခြင်း)
- သွားနှင့်သွားဖုံးဆိုင်ရာပြဿနာများ
- ဆေးဝါးများ
- ခွဲစိတ်ခြင်း
- လေဖြတ်ခြင်း၊ မှတ်ဉာဏ်ချို့တဲ့ခြင်း၊ အာရုံခံကြောများပျက်စီးခြင်းကြောင့် လှုပ်ရှားမှုနှေးကွေးခြင်းနှင့် အခြားကျန်းမာရေးပြဿနာများ
7. အနံ့များကိုမခံနိုင်ခြင်း
အချို့သူများတွင် အစားအစာများ၏အနံ့ကို မခံနိုင်ခြင်းကြောင့် ပျို့ခြင်း(သို့) မစားမသောက်နိုင်ခြင်းများဖြစ်စေနိုင်ပါသည်။
8. စိတ်ဓာတ်ကျခြင်း (သို့) အထီးကျန်ခြင်း
အသက်အရွယ်ကြီးရင့်သော ဘိုးဘွား 10 ယောက်လျှင် တစ်ယောက်နှုန်းစိတ်ကျရောဂါခံစားရလေ့ရှိပြီး အစားအသောက်ပျက်ခြင်းကိုဖြစ်စေပါသည်။ ဘိုးဘွားအများစုသည် သူတို့နှင့်အတူအစာစားရန် အဖော်မရှိသောကြောင့် ထမင်းစားချိန်ကိုမုန်းတီးစေပါသည်။
9. မိမိဘ၀ကို မိမိကိုယ်တိုင်စီမံခွင့်မရခြင်း
အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အခြားသူများအပေါ်တွင် အလုံးစုံမှီခိုအားထားနေရသောကြောင့် သူတို့၏ဘ၀ကို သူတို့ကိုယ်တိုင် မစီမံမခန့်ခွဲနိုင်တော့ပေ။ တခါတရံတွင်မူ မိမိစားလိုသောအစားအသောက်ကို ရွေးချယ်ခွင့်မရသောကြောင့် အစာမစားကြခြင်းဖြစ်ပါသည်။
10. အစာစားချိန်များသည် ပျော်ရွှင်ဖွယ်မကောင်းခြင်း
အကယ်၍ ထမင်းစားချိန်သည် သဘောမတူညီမှုများ (သို့) ငြင်းခုံမှုများဖြင့်သာပြည့်နှက်နေပါက သက်ကြီးရွယ်အိုများအတွက် အစာစားခြင်းသည် စိတ်ကျေနပ်ဖွယ် မပြနိုင်တော့ပေ။
Dr. Thinzar Wynn (www.drmyanmar.com)