သက်ကြီးရွယ်အိုများနှင့် နားမကြားခြင်း
အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ခန္ဓာကိုယ်၏လုပ်ငန်းဆောင်တာများပြောင်းလဲလာသည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ သက်ကြီးရွယ်အိုအများစုတွင် နားလေးခြင်းမှာဖြစ်လေ့ဖြစ်ထရှိသော အခြေအနေတစ်ခုဖြစ်ပြီး အသက် 65 နှစ်အထက် လူကြီး 2 ဦးတွင် 1 ဦးမှာနားလေးသူဖြစ်နိုင်သည်။
အသက်အရွယ်ကြောင့်ဖြစ်သော နားမကြားခြင်း (presbycusis) သည် စိုးရိမ်စရာလိုသော အနေအထားမဟုတ်သော်ငြားလည်း မကုသဘဲထားပါက လူနေမှုဘ၀ကိုအနည်းနှင့်အမျှထိခိုက်နိုင်ပါသည်။
ဖြစ်ပွားရခြင်းအကြောင်းအရင်းများ
သက်ကြီးရွယ်အိုများ၏ အတွင်းပိုင်းနားတွင် ပြောင်လဲခြင်းများစွာဖြစ်ပေါ်ခြင်းကြောင့် နားလေးခြင်းကိုခံစားရခြင်းဖြစ်သည်။ ၎င်းတို့တွင် -
- အတွင်းနား၏ တည်ဆောက်မှုပုံသဏ္႑ာန်ပြောင်းလဲလာခြင်း
- နားသို့သွေးစီးဆင်းမှုပြောင်းလဲခြင်း
- အကြားအာရုံနှင့်ဆိုင်သော အာရုံကြောများပျက်စီးလာခြင်း
- အသံနှင့်ပတ်သက်၍ ဦးနှောက်၏လုပ်ငန်းဆောင်တာများ ပြောင်းလဲလာခြင်း
- အသံလှိုင်းကိုသယ်ဆောင်ပေးသော နားရွက်အတွင်းရှိ မွေးညှင်းနုများပျက်စီခြင်းတို့ ပါ၀င်ပါသည်။
အခြားအကြောင်းအရင်းများမှာ -
- ဆီးချိုရောဂါ
- သွေးလည်ပတ်မှုမကောင်းခြင်း
- အလွန်ကျယ်လောင်သောအသံများနှင့်ထိတွေ့မှုများခြင်း
- ဆေးဝါးများ
- မိသားစုမျိုးရိုးရှိခြင်း
- ဆေးလိပ်သောက်ခြင်းတို့ဖြစ်ကြသည်။
သက်ကြီးရွယ်အိုများတွင် နားလေးခြင်းကို စတင်သတိပြုမိခြင်း
ရောဂါလက္ခဏာအစမှာ အသံစူးစူးများကို မကြားနိုင်တော့ခြင်းဖြစ်ပြီး ကလေး(သို့)အမျိုးသမီးသံများကို ကောင်းစွာမကြားနိုင်တော့ကြောင်း သတိပြုမိလာပေလိမ့်မည်။ ထို့ပြင် ဆူညံသံများနှင့် ပြတ်သားစွာပြောနေသောအသံများကိုလည်း ကောင်းစွာမကြားနိုင်တော့ပေ။ အခြားရောဂါလက္ခဏာများမှာ -
- အချို့အသံများကို ပိုမိုကျယ်လောင်သည်ဟုခံစားရခြင်း
- ဆူညံသံများကို ကောင်းစွာမကြားရခြင်း
- နားအူခြင်း
- တီဗွီ(သို့) ရေဒီယိုကိုပုံမှန်ထက်ပိုမိုကျယ်လောင်စွာဖွင့်ခြင်း
- အခြားသူများကို စကားထပ်တလဲလဲပြန်ပြောစေခြင်း
- ဖုန်းမှတဆင့်ပြောကြားသောစကားများကို နားမလည်ခြင်း
အခြားရောဂါများကြောင့်လည်း အထက်ပါရောဂါလက္ခဏာများ ခံစားရနိုင်ခြင်းကြောင့် ဆရာ၀န်နှင့်သေချာဆွေးနွေးသင့်ပါသည်။
ရောဂါရှာဖွေခြင်း
သင်၏ဆရာ၀န်သည် တစ်ကိုယ်လုံးကို စမ်းသပ်စစ်ဆေး၍အခြားအကြောင်းအရင်းများကြောင့် နားလေးခြင်း ဟုတ်/မဟုတ်ကို ရှာဖွေရုံမျှမက နားစစ်ဆေးကိရိယာဖြင့်လည်း နားအတွင်းသို့ကြည့်ရှုပေးလိမ့်မည်။
အခြားအကြောင်းအရင်းများကို ရှာဖွေမတွေ့ရှိပါက အသက်အရွယ်ကြောင့် နားလေးခြင်းဟုခေါင်းစဉ်တပ်နိုင်ပြီး နားအထူးကုဆရာ၀န်နှင့် ပြသနိုင်ရန်လမ်းညွှန်ပေးပေလိမ့်မည်။
ကုသခြင်း
ကုသရန်နည်းလမ်းမရှိသော်ငြားလည်း အကြားအာရုံနှင့် လူနေမှုဘ၀ကိုမြင့်တင်နိုင်ရန်ကိုမူ ဆရာ၀န်မှလမ်းညွှန်ပေးပါလိမ့်မည်။
- နားကြားကိရိယာတပ်ဆင်ခြင်း
- အခြားအထောက်အကူပစ္စည်းများအသုံးပြုခြင်း (ဥပမာ - တယ်လီဖုန်း၊ အသံချဲ့စက်များ)
- အလွန်ဆိုးရွားသောအခြေအနေတွင် ကိုယ်အမူအရာဖြင့်စကားပြောခြင်း သင်ခန်းစာများကိုသင်ကြားပေးခြင်း
အချို့သူများတွင်မူ နားကိုခွဲစိတ်၍ သေးငယ်သောစက်ပစ္စည်းတစ်ခုထည့်ပေးခြင်းဖြင့် အသံကိုပိုမိုကျယ်လောင်စွာ ကြားရစေရန်ကူညီပေးနိုင်ပါသည်။ ဤကဲ့သို့ခွဲစိတ်ခြင်းများကို အလွန်ဆိုးရွားသောနားမကြားခြင်းများ၌သာ အသုံးပြုလေ့ရှိသည်။
ကာကွယ်ခြင်း
အသက်အရွယ်ကြောင့်ဖြစ်သော နာမကြားခြင်းကို ကာကွယ်ရန်နည်းလမ်းမရှိသော်လည်း အခြေအနေပိုမိုမဆိုးရွားစေရန်မှု လုပ်ဆောင်နိုင်ပါသည်။
- ကျယ်လောင်သော အသံများနှင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
- ဆူညံသံများရှိသောနေရာတွင် နားအကာအကွယ်များကို တပ်ဆင်ပါ။
- ဆီးချိုရောဂါရှိပါက သွေးတွင်းသကြားဓာတ်ကိုပုံမှန်ဖြစ်စေရန် ထိန်းသိမ်းပါ။
ရောဂါလက္ခဏာများစတင်ခံစားရသည်နှင့် တပြိုင်နက်ဆရာ၀န်ထံမှ အကူအညီကိုရယူခြင်းဖြင့် နားမကြားခြင်းပိုမိုမဆိုးရွားစေရန် ကာကွယ်နိုင်ပါသည်။
Dr. Thinzar Wynn (www.drmyanmar.com)