/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/သင့်ကို-အရိုးပွရောဂါရစေမယ့်-အမူအကျင့်ရှစ်ချက်

သင့်ကို အရိုးပွရောဂါရစေမယ့် အမူအကျင့်ရှစ်ချက်

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

အသက်လေး နည်းနည်းရလာရင် သတိထားရတဲ့ ရောဂါတစ်ခုက အရိုးပွရောဂါပါ။

မိမိပတ်၀န်းကျင်မှာ ထိခိုက်မှု ကြီးကြီးမားမား မရှိဘဲ တခါတရံ ခလုတ်တိုက်မိတာလေးလောက်နဲ့တောင် အရိုးကျိုးသွားတတ်တယ် ဆိုတာ ကြားဖူးကြပါလိမ့်မယ်။ ဒါဟာ အရိုးပွရောဂါရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲတစ်ခု ဖြစ်ပါတယ်။

 

• ပျင်းရိပျင်းတွဲနဲ့ လဲလျောင်းအိပ်စက်တာ များနေရင်တော့ အသက်မကြီးခင် အရိုးပွဖို့ အဆင့်သင့်ဖြစ်နေသလောက်ပါပဲ။ အသက်ကြီးလို့အရိုးပွတာရှောင်လွှဲလို့မရပေမယ့် မိမိရဲ့အနေအထိုင်ပေါ်မှာလည်း ၁၀၀ ရာခိုင်နှုန်းမူတည်နေတတ်ပါသေးသတဲ့။ အရိုးတွေကို လှုပ်ရှားကြံ့ခိုင်ဖို့ပိုမိုသုံးစွဲလေလေ သူ့ရဲ့ကြံ့ခိုင်အားတက်လေပါပဲတဲ့။ အထူးသဖြင့် ရေကူးခြင်းဟာ အလွန်ကောင်းမွန်ပါတယ်။

 

• အသားသိပ်စားလွန်းသူလား။ သင့်တင့်လျောက်ပတ်တဲ့ အသားဓာတ်က အရိုးကျန်းမာရေးအတွက်ကောင်းပေမယ့် ပရိုတင်းအစားသိပ်များလွန်းတဲ့အခါ ကျောက်ကပ်ကနေ ကယ်လဆီယမ်စွန့်ထုတ်နှုန်း ပိုများလာပါတယ်။ ကယ်လဆီယမ် ဆုံးရှုံးမှုပိုများလေလေ အရိုးကျစ်လစ်အားကျလေပါပဲ။

• ဆားအစားများလွန်းနေလား။ အငန်ကြိုက်သူတွေအတွက် သတင်းဆိုးပါပဲ၊ အငန်စားတာသိပ်များလွန်းတဲ့ သွေးဆုံးပြီးစအမျိုးသမီးတွေတိုင်းမှာ အရိုးပွအရိုးကျိုးဖို့ အလားအလာများလို့ပါ။

 

• နေရောင်ခြည်မခံခြင်းကလည်း အရိုးပွဖို့အကြောင်းရင်းပါပဲ။ ဗီတာမင်ဒီဟာ နေရောင်ခြည်ရဲ့အထောက်အကူနဲ့ အရေပြားမှာ ဖွဲ့စည်းပြီး အရိုးတွေကိုသန်မာစေတဲ့ဓာတ်ဖြစ်ပါတယ်။ နေသိပ်ရှောင်လွန်း အခန်းအောင်းလွန်းရင် အရိုးပွဖို့ အလားအလာများနေပါပြီနော်။

 

• ကော်ဖီခါးခါးပူပူလေးနဲ့နိုးထရတာ သိပ်ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် အရိုးပွတာကို တွန်းအားပေးနေတာက ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ပါတဲ့။ မနက်စောစော ကော်ဖီသောက်တဲ့အကျင့်ကို အသက်ရလာတာနဲ့အမျှ ရှောင်ကြဉ်လျှော့ချနိုင်မယ်ဆိုရင်တော့ အလွန်ကောင်းမွန်တာပါပဲ။

 

• သိပ်ပိန်ချင်တဲ့ မမတွေအတွက်ပါ။ ပိန်လွန်းတာ ၊ အာဟာပြည့်ဝအောင်မစားတာတွေက အရိုးကျန်းမာရေးကိုယိုင်နဲ့စေတဲ့အပြင် ပိန်ပါးသူတွေဟာ အရိုးစွမ်းဆောင်ရည်အားနည်းနေတတ်တာကို တွေ့ရပါတယ်။ သိပ်မပိန်လွန်းတာကလည်း အရိုးကျန်းမာရေးအတွက် သင့်တင့်တဲ့ကာကွယ်မှုပါ။

 

• အရက်သောက်လွန်းသူဖြစ်ရင်တော့ သင့်ရဲ့အရိုးဟာ ချိနဲ့လာမှာမုချပါပဲတဲ့။ ချိနဲ့ပြီး မသန်စွမ်းတဲ့အရိုးပွသူတွေဟာ  ငယ်စဉ်က အရက်အလွန်အကျွံသောက်တတ်သူတွေဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အရိုးပွနေခဲ့့မယ်ဆိုရင် ယခင်က အရက်သိပ်သောက်နေခဲ့မိသလား ဆင်ခြင်သတိထားကြဖို့ဖြစ်ပါတယ်။

 

• အချိုရည်တွေ ဆော်ဒါတွေမှာပါဝင်တဲ့ ဖော့စဖရပ်ဓာတ်ဟာ အရိုးတွေက ကယ်လဆီယမ် ပမာဏကို သိသိသာလျော့နည်းစေတာမို့ အချိုရည်သိပ်မသောက်ကြပဲ သဘာဝရေသန့်ကိုသာ သောက်သုံးကြဖို့ အကြံပြုပါတယ်နော်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)



 


 


 


 


 


 


 


 


 
