/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/သွေးတိုးရောဂါ-မဖြစ်အောင်ကာကွယ်ရမယ့်နည်းလမ်းကောင်းများ

သွေးတိုးရောဂါ မဖြစ်အောင်ကာကွယ်ရမယ့်နည်းလမ်းကောင်းများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

         အပေါ်သွေးပေါင်ချိန် 120 မှ 139 (သို့) အောက်သွေးပေါင်ချိန် 80 မှ 89 ရှိပါက ပုံမှန်ထက်မြင့်မားပြီး သွေးတိုးမဟုတ်သည့် အခြေအနေ Prehypertension လို့ခေါ်ဆိုနိုင်ပါတယ်။ Prehypertension အဆင့်ရောက်ရှိပါက သွေးတိုးရောဂါ မဖြစ် အောင်နေထိုင်စားသောက်မှုပုံစံကို ပြုပြင်ပြောင်းလဲသင့်ပါတယ်။

1. ကျန်းမာရေးနှင့်ညီညွတ်အောင်စားသုံးပါ

          သွေးတိုးရောဂါမဖြစ်အောင် လတ်ဆတ်တဲ့ သစ်သီး၀လံ၊ ကောက်နှံတစ်ခုလုံးပါ၀င်သော အစားအစာများ၊ အဆီပါ၀င်မှုနည်းပါးတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးပါ။ သွေးပေါင်ချိန်ကျအောင် ကူညီပေးနိုင်တဲ့ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်၀တဲ့ အစားအစာတွေကို အလေးထားစားသုံးပါ။

2. ဆားလျော့စားပါ

        သွေးတိုးရောဂါရှိသူအများစုဟာ အငန်ကြိုက်လေ့ရှိပါတယ်။ အငန်ဓါတ်လျော့စားပါ။ ဟင်းလျာများချက် ပြုတ်ရာတွင် ဆားမများအောင်သတိပြုပါ။ အငန်ဓာတ် ကြွယ်၀တဲ့ အစားအစာများ(ငါးပိ၊ ငါးခြောက်၊ ချဉ်ဖတ်) စတာတွေ လျှော့စားပါ။ တစ်နေ့လျှင် ဆိုဒီယမ် 1500 mg (လက်ဖက်စားဇွန်းတဇွန်း) ထက်ပိုပြီး မစားသင့်ဘူးလို့ အမေရိကန်နှလုံးဆိုင်ရာ အဖွဲ့အစည်းက အဆိုပြုထားပါတယ်။

3. ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ

        တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဟာ နှလုံးတိုက်ခိုက်ခံရမှုနဲ့ သွေးဖိအား ကိုလျော့ကျစေပါတယ်။

4. ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ

        အ၀လွန်တာနဲ့အမျှ သွေးတိုးရောဂါဖြစ်နိုင်ချေလည်း ပိုမိုမြင့်မားလာပါတယ်။ သင့်တော်တဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးခြင်းဖြင့် BMI (ခန္ဓာကို်ယ်ထုထည်စံနှုန်း) ကို 18.5 မှ 24.9 အတွင်းရှိနေရန် ထိန်း သိမ်းထားပါ။

5. အရက်လျှော့သောက်ပါ

          အမျိုးသားဆိုလျှင် တစ်နေ့လျှင် ၂ ပတ်၊ အမျိုးသမီးဆိုလျှင် တစ်နေ့လျှင် တစ်ပတ် ထက်ပိုပြီးမသောက်သုံးသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အဆိုပြုထားပါတယ်။ မသောက်ဘဲနေနိုင်ရင်တော့ အကောင်းဆုံးပါ။

6. ရယ်မောခြင်းဖြင့် စိတ်ဖိစီးမှုကို အနိုင်ယူပါ

        ရယ်မောခြင်းကြောင့် စိတ်ဖိစီးမှုကိုလျှော့ချနိုင်ရုံမျှမက သွေးဖိအားကိုပါ ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ရယ်စရာပြောပြီးတော့ပဲဖြစ်ဖြစ် ဟာသဇာတ်ကား ကြည့်ပြီးတော့ပဲဖြစ်ဖြစ် အားရပါးရ ရယ်မောလိုက်ပါ။

7. သွေးပေါင်ချိန်ကို အမြဲတိုင်းတာပါ

        အချို့သော လူတွေက ဆရာ၀န်ရှေ့ရောက်မှ ကြောက်လန့်ပြီး သွေးပေါင်ချိန်တက်သွားလေ့ရှိပါတယ်။ အဲဒါမျိုးကို Whiter Coat Hypertension လို့ခေါ်ပါတယ်။ သွေးပေါင်ချိန် တစ်ခါတက်ရုံမျှဖြင့် သွေးတိုးရောဂါ ရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဒါကြောင့် အိမ်မှာ သွေးပေါင်ချိန်တိုင်းကိရိယာ၀ယ်ပြီး သွေးတိုးရောဂါရှိ၊ မရှိ သိရအောင် မနက်တကြိမ် ညတစ်ကြိမ် ပုံမှန်တိုင်းပေးပါ။

 

Dr. Htet Htet Aung

www.drmyanmar.com