အရွယ်ရောက်ပြီးသူတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေးများ
ကာကွယ်ဆေးထိုးခြင်းဟာ ကလေးတွေအတွက်သာရည်ရွယ်တာမဟုတ်ပါဘူး။ လေ့လာမှုများအရ အမေရိကန်လူမျိုး 1000 ကျော်လောက်ဟာ ကာကွယ်ဆေးမထိုးထားတာကြောင့် နာမကျန်းဖြစ်ပြီး နှစ်စဉ်သေဆုံးကြတယ်လို့ သိရပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီးသူတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေးများကို ဖော်ပြလိုက်ပါတယ်။
1. Influenza (တုပ်ကွေးရောဂါကာကွယ်ဆေး)
တုပ်ကွေးရောဂါကာကွယ်ဆေးကိုအသက် 6 လ အရွယ်မှစ၍ ထိုးနိုင်ပါတယ်။ ကျန်းမာရေး၀န်ထမ်းများ၊ ဆီးချို ဝေဒနာရှင်များ၊ နှလုံး၊ ကျောက်ကပ်၊ အသဲနဲ့ နာတာရှည်အဆုတ်ရောဂါ ရှိသူများမှာ တုပ်ကွေး ဝေဒနာကို ပိုမိုခံစားရလေ့ရှိတာကြောင့် ထိုသူများအနေဖြင့် ကာကွယ်ဆေးထိုးထားဖို့ အထူးလိုအပ်ပါတယ်။
ယခုအခါမှာ ထိုးဆေးများအစား နှာခေါင်းတွင်းဖျန်းတဲ့ ကာကွယ်ဆေးပေါ်လာပြီးဖြစ်သော်လည်း ထိုကာကွယ်ဆေးမှာ 2 နှစ်အောက်ကလေးများနဲ့ 49 နှစ်အထက် လူကြီးများတွင် သုံးစွဲရန် အတည်ပြုထားခြင်း မရှိသေးပါဘူး။
2. အဆုတ်ရောင် နမိုးနီးယားရောဂါကာကွယ်ဆေး
အဆုတ်ရောင် နမိုးနီးယားရောဂါကာကွယ်ဆေးကို အသက် 65 နှစ်နှင့် အထက်ရှိသူများ၊ ဆီးချိုေ၀ဒနာရှင်များ၊ HIV ပိုးကူးစက်ခံရသူများ၊ အရက်သမားများ၊ နာတည်ရှည်နှလုံး၊ ကျောက်ကပ်၊ အဆုတ်နဲ့ အသဲရောဂါရှိသူများ ထိုးထားသင့်ပါတယ်။ ပထမအကြိမ်ကာကွယ်ဆေးထိုးထားတယ်ဆိုရင်တော့ နောက် 5 နှစ်အကြာမှာ ဖြည့်စွက် (booster) အနေနဲ့ ထပ်ထိုးသင့်ပါတယ်။
အသက် 65 နှစ်ကျော်မှ ကာကွယ်ဆေးထိုးသူတွေအနေနဲ့ကတော့ ထပ်ထိုးပေးဖို့ မလိုအပ်ပါဘူး။
3. ဆုံဆို့ကြက်ညှာချောင်းဆိုးနှင့် မေးခိုင်ရောဂါကာကွယ်ဆေး (DTP Vaccine)
အသက် 19 နှစ် မှ 64 နှစ်အတွင်းရှိသူတွေဟာ (DTP) ကာကွယ်ဆေးကိုနောက်တစ်ကြိမ် ထပ်ထိုးပေးသင့်ပါတယ်။ အသက် 65 နှစ်နဲ့အထက်ရှိသူတွေမှာတော့ ပထမအကြိမ်ထိုးထားပြီးပြီဆိုရင်တော့ ဆယ်နှစ်တစ်ကြိမ်ထပ်ထိုးပေးသင့်ပါတယ်။ အသက်ကြီးသူတွေမှာ ပါးလွှာတဲ့အသားအရေရှိတာကြောင့် ထိခိုက်မှုရနိုင်ခြေပိုများပါတယ်။ ဒါကြောင့် အသက်ကြီးသူတွေအနေနဲ့ ကာကွယ်ဆေးပိုထိုးသင့်ပါတယ်။
4. ပိုလီယို အကြောသေရောဂါကာကွယ်ဆေး
ပိုလီယိုဖြစ်နေသောဒေသသို့ ခရီးသွားသူများ၊ ပိုလီယိုဗိုင်းရပ်စ်နှင့် ထိတွေ့မှုရှိနိုင်သည့် ဓာတ်ခွဲခန်းရှိလုပ်သားများ၊ ပိုလီယိုရောဂါရှိသူကို ပြုစုသောလူများ၊ ကျန်းမာရေး၀န်ထမ်းများအနေဖြင့် ပိုလီယိုရောဂါကာကွယ်ဆေးကို ထပ်ထိုးပေးဖို့လိုပါတယ်။
5. အသဲရောင် အသားဝါအေရောဂါ ကာကွယ်ဆေး
အသဲရောင်အသားဝါအေရောဂါဟာ အသဲရောင်အသားဝါအေဗိုင်းရပ်ပိုး (HAV) ကြောင့်ဖြစ်ရတဲ့ ရောဂါဖြစ်ပြီး ရောဂါပိုးရှိသူ၏ မစင်မှတဆင့် ကူးစက်ခံရနိုင်ပါတယ်။
1) HAV ပိုးကူးစက်ခံရနှုန်းမြင့်မားသောနေရာတွင် နေသည့် 2 နှစ်အထက် ကလေးများနှင့် ၎င်းနေရာများသို့ခရီးသွားသောသူများ
2) နာတာရှည် အသဲရောဂါရှိသူများ
3) အစားအစာစီစဉ်ချက်ပြုတ်သူများ
4) မူးယစ်ဆေးသုံးစွဲသူများ
5) လိင်တူဆက်ဆံသူများအနေဖြင့် HAV ပိုးကာကွယ်ဆေးကိုထိုးထားဖို့ အထူးလိုအပ်ပါတယ်။
6. အသဲရောင်အသားဝါဘီရောဂါကာကွယ်ဆေး
အသဲရောင်အသားဝါဘီရောဂါဟာ အသဲရောင်အသားဝါဘီဗိုင်းရပ်ပိုး (HBV) ကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ရောဂါပိုးရှိသူ၏ သွေးမှတဆင့်ကူးစက်ခြင်းဖြစ်ပါတယ်။ အသဲရောင်အသားဝါဘီပိုး ကူးစက်ခံရပါက နာတာရှည်အသဲရောင်ရမ်းခြင်း၊ အသဲခြောက်ခြင်းနဲ့ အသဲကင်ဆာဖြစ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။
1) တစ်ယောက်ထက်ပိုတဲ့ လိင်ဆက်ဆံမှုရှိသူများ
2) နာတာရှည်အသဲရောဂါရှိသူများ
3) ကျောက်ကပ်ဆေးနေသော ေ၀ဒနာရှင်များ
4) ကျန်းမာရေး၀န်ထမ်းများ
5) ခဏခဏနိုင်ငံခြားခရီးသွားသူများ
6) မူးယစ်ဆေးဝါးသုံးစွဲသူများ
7) HBV ပိုးကူးစက်ခံရသူနှင့်အနီးကပ်နေသူများအနေဖြင့် ကာကွယ်ဆေးထိုးဖို့ အထူးလိုအပ်ပါတယ်။
7. ပါးချိတ်ရောင်၊ ၀က်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး
ပါးချိတ်ရောင်၊ ၀က်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးကိုလည်း ယခင်ရောဂါမဖြစ်ဖူးပါက အနည်းဆုံးတစ်ကြိမ်ထိုးထားသင့်ပါတယ်။
8. ရေကျောက်ရောဂါကာကွယ်ဆေး
ရေကျောက်ရောဂါကာကွယ်ဆေးကို တခါမှရေကျောက်မပေါက်ဖူးသူများ ထိုးထားသင့်ပါတယ်။ အသက်အရွယ်မရွေးထိုးနိုင်ပြီး တစ်ခါထိုးရင် လုံလောက်ပါတယ်။
9. ရေယုန်ရောဂါကာကွယ်ဆေး
ရေယုန်ရောဂါဟာ Variella-Ioster ဗိုင်းရပ်စ်ကူးစက်ခံရခြင်းကြောင့်ဖြစ်ပြီး ၎င်းဗိုင်းရပ်စ် ကူးစက်ခံရပါက အဖုအပိန့်များ၊ အနာလေးများဖြစ်ပြီး နာဗ်ကြောများအပြင်းအထန်နာကျင်ခြင်းကို ခံစားရပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းကြောင့် ရေယုန်ပေါက်ခြင်းကို 50% လျော့ချနိုင်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)






























