အသက်ကြီးခြင်းကြောင့်မဟုတ်ဘဲ လူကြီးများတွင်ဖြစ်သော စိတ်ကျရောဂါ
လူတွေအသက်အရွယ်ရလာတာနဲ့အမျှ စွမ်းအင်တွေလျှော့နည်းလာကြပါတယ်။ အသက်ကြီးတဲ့သူတွေဟာ အများအားဖြင့်အိမ်ထဲမှာပဲနေတဲ့ အချိန်တွေများလာတယ်။ အစားလည်းများများမစားနိုင်ကြတော့ဘဲ မိတ်ဆွေတွေနဲ့ အချိန်ကုန်ဆုံးတာလည်းနည်းလာပါတယ်။ ဒီလိုမျိုးအပြောင်းအလဲတွေက အသက်ကြီးလာရင်ဖြစ်တတ်ကြပေမယ့် စိတ်ကျခြင်းရဲ့လက္ခဏာရပ်တွေလည်း ဖြစ်နိုင်ပါတယ်။
လူကြီးများတွင် ခံစားရသောစိတ်ကျရောဂါ ဖြစ်စေသောအကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ
ဘဝမှာကြုံတွေ့ရတဲ့ အချို့သောအပြောင်းအလဲများကလည်း လူကြီးတွေကိုစိတ်ကျရောဂါပိုဖြစ်စေပါတယ်။ အဲဒါတွေကတော့ -
1. နာတာရှည်ကိုက်ခဲခြင်း၊ မှတ်ဉာဏ်ယုတ်လျော့ခြင်း စသောရောဂါများနှင့် ကျန်းမာရေးပြဿနာများရှိခြင်း
2. အလုပ်မှအနားယူလိုက်တဲ့အခါမှာ ရည်ရွယ်ချက်မဲ့သွားခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုနည်းသွားခြင်း
3. တစ်ယောက်တည်းနေရခြင်း (သို့) သွားလာရခက်ခဲခြင်းကြောင့် အထီးကျန်လာခြင်း။
ဒီလိုအပြောင်းအလဲတွေကြောင့် သောကတွေ၊ ပူဆွေးမှုတွေကိုကြုံတွေ့ရတတ်ကြပါတယ်။ အချိန်တော်တော်ကြာ ဒီလိုမျှော်လင့်ချက်မဲ့သလို ခံစားလာရပြီဆိုရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ ကုသမှုခံယူသင့် ပါတယ်။ အောက်ပါအချက်တွေကြောင့်လည်း လူကြီးတစ်ယောက်မှာ စိတ်ကျရောဂါဖြစ်နေပြီဆိုတာကို သိနိုင်ပါတယ်။
1. တန်ဖိုးမဲ့သလိုခံစားရခြင်း၊ အမြဲကိုယ့်ကိုယ်ကိုအပြစ်တင်နေခြင်း
2. စကားပြောခြင်းနှင့် လှုပ်ရှားခြင်းများ နှေးကွေးလာခြင်း
3. နေ့စဉ်လုပ်ငန်းများတွင် လုပ်နိုင်စွမ်းရည်များကျဆင်းလာခြင်း
4. ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်နှင့် သေချင်စိတ်များရှိခြင်း
ကုထုံးများ
စိတ်ကျရောဂါသက်သာစေဖို့ အိမ်တွင်းမှာပဲနေထိုင်မှုပုံစံပြောင်းလဲမှုတွေလုပ်နိုင်ပါတယ်။
1. တက်တက်ကြွကြွနေပါ။
ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းဟာ စိတ်ဓာတ်တက်ကြွစေပါတယ်။ ဆေးဝါးတွေအပြင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပါတွဲလုပ်မယ်ဆိုရင် စိတ်ကျရောဂါကုစားရာမှာ ပိုပြီးထိရောက်မှုရှိပါတယ်။ ဒါကြောင့် လူကြီးတွေကိုကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းသင့်ပါတယ်။ လှေကားတက်ခြင်း၊ ပုံမှန်အိမ်အလုပ်လေးတွေ လုပ်ခြင်းလိုမျိုး လှုပ်ရှားမှုနည်းနည်းလေးရှိမယ်ဆိုရင်တောင် စိတ်အပြောင်းအလဲဖြစ်စေပါတယ်။
2. လူကြီးများကိုတစ်ယောက်တည်းမထားပါနဲ့။
လူကြီးအချို့ဟာ လူမှုရေးလုပ်ငန်းတွေကနေ တဖြည်းဖြည်းဝေးကွာလာလေ့ရှိပါတယ်။ လူအများနဲ့နေမယ်ဆိုရင် စိတ်ကျရောဂါကိုသက်သာစေနိုင်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေ အသက်ကြီးလာချိန်မှာစိတ်ကျရောဂါ မဖြစ်ဘဲ ပျော်ပျော်ရွှင်ရွှင်နေစေနိုင်ဖို့ မိသားစုနဲ့မိတ်ဆွေတွေက ဝိုင်းဝန်းကူညီပေးကြရပါမယ်။ ဒါကြောင့် ဖုန်းနဲ့ပဲဖြစ်ဖြစ် စာပို့တာပဲဖြစ်ဖြစ် အသက်ကြီးသူတွေကို ပတ်ဝန်းကျင်နဲ့ဆက်သွယ်နိုင်မယ့် နည်းလမ်းလေးတွေရှာပေးရပါမယ်။
3. အချိန်မှန်မှန်စားပါ။ အချိန်မှန်မှန်အိပ်ပါ။
အိပ်စက်မှုကင်းမဲ့ခြင်းဟာ အာဟာရကင်းမဲ့ပြီး သကြားတွေ၊ ကိုလက်စရောတွေ အများကြီးပါတဲ့ အစားအစာတွေကို အများကြီးစားသုံးမိစေနိုင်လို့ စိတ်ကျရောဂါလက္ခဏာတွေကို ပိုဆိုးစေပါတယ်။ လူကြီးတွေကိုတစ်ညကို 7 နာရီကနေ 9 နာရီလောက် အိပ်စက်စေပြီး သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ဂျုံများစွာပါဝင်တဲ့ ကျန်းမာတဲ့အစားအစာတွေ စားဖို့တိုက်တွန်းပေးပါ။
ဒီလိုလူနေမှုပုံစံအပြောင်းအလဲတွေက စိတ်ကျရောဂါကိုမသက်သာစေဘူးဆိုရင် ဆရာဝန်နဲ့သေချာပြပြီး ကုသမှုခံယူပါ။ စိတ်ကျရောဂါကိုကုသတဲ့ဆေးဝါးများပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းနည်းလမ်းများနဲ့ ရောဂါ သက်သာအောင်ကုသပေးပါလိမ့်မယ်။
Dr. Mya Myo Myo Swe






























