/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အသက်ကြီးလာတာနဲ့အမျှ-သတိထားသင့်တဲ့-အောက်သွေးပေါင်ချိန်

အသက်ကြီးလာတာနဲ့အမျှ သတိထားသင့်တဲ့ အောက်သွေးပေါင်ချိန်

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        သက်ကြီးပိုင်းဆိုင်ရာ လေ့လာမှုများပြုလုပ်နေတဲ့ အမေရိကန်အမျိုးသားတက္ကသိုလ် အာရုံကြောဌာနမှ သုတေသီ Lenore Launer နှင့်အဖွဲ့ရဲ့ လေ့လာမှုအရ သက်ကြီးပိုင်းအရွယ်မှာ အောက်သွေးအတက်အကျဟာ ဦးနှောက်ကျန်းမာရေးအတွက် အလွန်အရေးကြီးနေတာကို တွေ့ရပါတယ်။ ဒီလေ့လာမှုအတွက်အချိန် ၂၆ နှစ် ပေးခဲ့ရပြီး မှတ်ဉာဏ်နှင့် ဦးနှောက်ကျန်းမာရေးကောင်းမွန်တဲ့ အသက် ၅၀ အရွယ် သွေးတိုးရောဂါ ရှိသူတွေနှင့် သွေးတိုးရောဂါမရှိသူတွေ စုစုပေါင်း အယောက် ၄၀၀၀ ကျော်ကို စမ်းသပ်လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ၎င်းတို့ရဲ့သွေးပေါင်ချိန်များကို မှတ်သားထားခဲ့ပြီးနောက် ၂၆ နှစ် အကြာမှာ ဦးနှောက်အတွင်း သွေးကြောငယ်လေးတွေ ပျက်စီးမှုရှိမရှိကို MRI (သံလိုက်စက်ကွင်းအားသုံး ပုံရိပ်ဖော်စက်)ရိုက်ပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်နဲ့ စဉ်းစားမှုပိုင်းဆိုင်ရာ အရည်အသွေးတွေကိုလည်း စမ်းသပ်စစ်ဆေးခဲ့ပါတယ်။

          စစ်ဆေးမှုများအရ သက်လတ်ပိုင်း ၅၀ အရွယ်မှာ သွေးတိုးရောဂါရှိခဲ့တဲ့သူဟာ သက်ကြီးပိုင်း အရောက်မှာ အောက်သွေးကျနေရင် ဦးနှောက်ရှုံ့နှုန်း ပိုမြန်ပြီး မှတ်ဉာဏ်ပိုလျော့ကျနေတာကို တွေ့ရပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ သွေးတိုးမရှိခဲ့ဘဲ သက်ကြီးပိုင်းရောက်မှ အောက်သွေးတက်နေရင်တော့ ဦးနှောက်နှင့်မှတ်ဉာဏ်ဆိုင်ရာ ချို့ယွင်းမှုဆိုးဆိုး ရွားရွားဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

          ဒါကြောင့် အသက်ကြီးလာလေလေ သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင်ထိန်းထားနိုင်ဖို့ အရေးကြီးလာလေလေပဲ ဖြစ်ပါတယ်။ ပုံမှန် သွေးပေါင်ချိန်က အပေါ်သွေး ၁၀၀ မှ ၁၃၀ mmgh ကြားနဲ့ အောက်သွေး ၆၀ မှ ၉၀ mmHg ကြား ဖြစ်ပါတယ်။ သွေးပေါင်ပုံမှန်ဖြစ်ဖို့ သက်လတ်ပိုင်းအရွယ်ကတည်းက လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်များကို ရွေးချယ်စားသောက်ခြင်း၊ ကိုယ်အလေးချိန် ထိန်းခြင်းနဲ့ သွေးပေါင်မှန်မှန်ချိန်ပေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

 

Htet (www.drmyanmar.com)