အသက်ကြီးလာတာနဲ့အမျှ သိသင့်တဲ့ သွေးတိုးရောဂါ
သွေးတိုးတာကို မြင်လည်းမမြင်ရ၊ ခံလည်း မခံစားရပါဘူးနော်။ ဒါပေမဲ့ သွေးတိုးရောဂါ ရှိနေပြီးသားပဲဖြစ်ဖြစ်၊ သွေးတိုးလုဆဲဆဲ ဖြစ်နေတာပဲဖြစ်ဖြစ် ကျန်းမာရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို သိထားဖို့လိုတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွေးပေါင်ပမာဏကို ဘယ်လိုထိန်းရမယ်ဆိုတာလည်း သိထားသင့်တာပေါ့။
သွေးကြောတွေရဲ့ အတွင်းနံရံကို တိုးတဲ့သွေးအားပမာဏကို သွေးပေါင်လို့ ခေါ်တယ်။ သွေးပေါင်ဟာ တစ်နေ့လုံးလုံး အတက်အကျ ဖြစ်နေတတ်တယ်။ နားနားနေနေ စိတ်ပြေလျော့နေတဲ့အချိန်၊ အိပ်နေတဲ့အချိန်မျိုးမှာ ကျတတ်ပြီး မနက်ခင်းပိုင်းမှာ တက်တတ်ပါတယ်။ စိတ်ဖိစီးမှုများနေချိန်၊ စိတ်လှုပ်ရှားနေချိန်၊ လေ့ကျင့်ခန်းလုပ်နေချိန်မျိုးမှာ ယာယီ တက်တတ်ပါတယ်။ ဒါပေမဲ့ သာမန်အချိန်မျိုးမှာတောင် သွေးပေါင် အရမ်းတက်နေရင် သွေးကြောတွေကို အမာရွတ်ထင်စေ၊ တင်းတောင့်စေ၊ ပျော့သွားစေနိုင်တယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်နှုန်းကို ၂ ဆ၊ လေဖြတ်နှုန်းကို ၄ ဆ၊ နှလုံးညှစ်အားနည်းရောဂါ၊ အမြင်အာရုံဆုံးရှုံးခြင်း၊ ကျောက်ကပ်ပြဿနာတွေ၊ သတိမေ့လျော့ခြင်း၊ အစွန်အဖျား သွေးကြောရောဂါ ဖြစ်နှုန်းတွေကို များစေပါတယ်။ အရိုးတွေကို ပျော့စေပြီး အမျိုးသားတွေမှာ လိင်တံထောင်မတ်အားကို ကျစေနိုင်တယ်။
>> ဖြစ်စေတဲ့ အကြောင်းရင်းများ
ဆေးလိပ်သောက်သူ၊ အဝလွန်သူ၊ အမျှင်ဓာတ်များပြီး အဆီအစိမ့်အငံများတဲ့ အစားအသောက်တွေစားသူ၊ အရက် အလွန်အကျွံသောက်သူ၊ စိတ်ဖိစီးမှုနဲ့နေထိုင်ရသူ၊ လှုပ်ရှားမှုနည်းသူတွေမှာ သွေးတိုးဖို့ အခွင့်အလမ်း ပိုများစေတတ်တယ်။ သွေးတိုးစေတတ်တဲ့ မျိုးရိုးဗီဇတွေ၊ မျိုးရိုးဇာတိတွေလိုမျိုး တချို့အကြောင်းရင်းတွေကတော့ ပြုပြင်လို့မရဘူး။ အသက်ကြီးလာတာကလည်း သွေးတိုးရောဂါဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ အသက် ၅၅ နှစ်ကနေ ၆၅ နှစ်အတွင်းမှာ သွေးတိုးရောဂါ မရှိသေးရင်တောင် သွေးတိုးရောဂါဖြစ်ဖို့ အခွင့်အရေးက ၉၀% လောက် ရှိတယ်။
ဒါပေမဲ့ အသက်ကြီးလာလို့ သွေးတိုးတာကို မကာကွယ်နိုင်၊ မကုသနိုင်တာတော့ မဟုတ်တေ့ာပါဘူးနော်။ သွေးတိုးရှိသူ သက်ကြီးရွယ်အို အမျိုးသားအမျိုးသမီး ၉၇၅ ယောက်ကို လေ့လာကြည့်ရာမှာ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် နေထိုင်သူတွေရဲ့ ၄၀% လောက်ဟာ သွေးတိုးဆေးတွေ သောက်စရာ မလိုလောက်အောင် ဖြစ်သွားစေတာကို တွေ့ရတယ်။ နောက်လေ့လာမှုတစ်ခုမှာဆိုရင် ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် နေထိုင်ခြင်းကြောင့် အာဖရိကန်-အမေရိကန်လူမျိုးတွေ၊ သွေးတိုးမျိုးရိုးဗီဇပါသူတွေမှာ သွေးတိုးရောဂါဖြစ်နှုန်းကို ကျစေနိုင်ကြောင်း ပြသထားတယ်။
>> ဘယ်လိုကာကွယ်ကြမလဲ?
သွေးတိုးတာဟာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေထိုင်မှုပုံစံကို လိုက်နာနေထိုင်ဖို့၊ ဆေးသောက်ဖို့ မေ့လျော့နေတတ်လေ့ ရှိပါတယ်။ နေ့စဉ်နေ့တိုင်း သွေးပေါင်ကို ထိန်းသိမ်းဖို့အတွက် ဒီအချက်တွေကို လိုက်နာဖို့ လိုတယ်နော်။
ဆေးသောက်ဖို့ အချက်ပေးစနစ်ကို သုံးပါ။ သံပတ်ပေးစက်တွေထားတာ၊ ရေခဲသေတ္တာပေါ်မှာ စာကပ်တာစသဖြင့် ဘယ်နည်းလမ်းမဆို သုံးပါ။ သွေးတိုးရှိသူ ၂ ယောက်မှာ ၁ ယောက်ဟာ ဆေးကို ညွှန်ကြားထားတဲ့အတိုင်း မသောက်တာကြောင့် နှလုံးရောဂါ၊ လေဖြတ်လေဖြန်းရောဂါနဲ့ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်လာတတ်ပါတယ်။
အိမ်မှာ တိုင်းတာပါ။ ကိုယ့်သွေးတိုးကိုထိန်းဖို့ ကိုယ်ကိုယ်တိုင်က အရေးအကြီးဆုံးပါပဲနော်။ ဆေးတွေ၊ လူနေမှုပုံစံတွေ ပြောင်းလဲခြင်းဖြင့် သွေးတိုး ကျ၊ မကျကို အိမ်တွင်းသွေးတိုးတိုင်းတာခြင်းဖြင့် စစ်ဆေးကြည့်လို့ရတယ်။ ဆေးဆိုင်မှာ သွေးပေါင် အလိုအလျောက်တိုင်းတာစက်တွေ အလွယ်တကူ သက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။
ဆရာဝန်ကို ပုံမှန်ပြသပါ။ သွေးတိုးစဖြစ်ဖြစ်ချင်း နှစ်ပိုင်းအတွင်းမှာဆိုရင် ၃၊ ၄ လ တစ်ခါလောက် ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။ ဆေးတွေနဲ့ လူနေမှုပုံစံတွေကို ပြန်လည်ချိန်ညှိဖု့ိ လိုအပ်တယ်။ သွေးတိုးကို ထိန်းညှိထားပြီး အိမ်မှာ သေချာစစ်ဆေးတဲ့ လူတစ်ယောက်ဆိုရင်တော့ ၆ လတစ်ခါလောက်သာ ဆရာ၀န် ပြဖို့လိုပါတယ်။ သွေးပေါင်ဟာ ပုံမှန်ပမာဏအတွင်းမှာ ရှိနေပြီး ဆေးသောက်ဖို့မလိုတဲ့ လူတစ်ယောက်ဆိုရင် ၂ နှစ်တစ်ခါလောက်ပဲ ပြန်ပြဖို့ လိုပါတော့တယ်။
သွေးပေါင်အတက်အကျကို စောင့်ကြည့်ပါ။ တစ်ခါတစ်ရံ သွေးတိုးကျဆေးတွေက သွေးပေါင်ကို အရမ်းကျသွားစေနိုင်ပါတယ်။ သွေးကျတဲ့ လက္ခဏာရပ်တွေဖြစ်တဲ့ မူးဝေတာ၊ မိုက်ခနဲဖြစ်တာ၊ အမြင်ဝေဝါးတာ၊ ပျို့အန်တာတွေ ဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ ပြသပါ။ နောက်တစ်ဖက်မှာလည်း အပေါ်သွေး ၁၈၀ လောက်အထိ တက်လာမယ်၊ အောက်သွေး ၁၁၀ လောက်အထိ တက်လာမယ်ဆိုရင်လည်း ဆရာဝန်နဲ့ ချက်ချင်းပြဖို့လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























