/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အသက်ကြီးလာပေမယ့်-ခါးမကိုင်းစေမည့်-နည်းလမ်းများ

အသက်ကြီးလာပေမယ့် ခါးမကိုင်းစေမည့် နည်းလမ်းများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        အသက်အရွယ်ကြီးလာတာနဲ့အမျှ ကျောရိုးနဲ့ ခါးဆစ်ရိုးတွေဟာပွလာပြီး ပျက်စီးလာပါတယ်။ ထိုအခါ ခါးတဖြည်းဖြည်းကိုင်းလာပါတယ်။ ဒါပေမယ့် လူတစ်ယာက်နဲ့တစ်ယောက်ရဲ့ နေထိုင်စားသောက်မှု၊ လှုပ်ရှား သွားလာမှုပုံစံတွေမတူတဲ့အတွက် ခါးကိုင်းလာတတ်တဲ့အသက်အရွယ်တွေကလည်း မတူကြပါဘူး။ ဒါ့ကြောင့် အသက်အရွယ်ရလာလည်း ခါးကိုင်းကိုင်းဖြစ်မနေဘဲကောင်းမွန်တဲ့ ကိုယ်နေဟန်ထားရရှိစေမယ့် နည်းလမ်းများကိုဖော်ပြလိုက်ပါတယ်။

(၁)     လှုပ်ရှားမှုတစ်ခုခုပြုလုပ်ပေးပါ။

        အလုပ်ခွင်မှာတနေ့လုံးထိုင်ပြီးအလုပ်လုပ်နေသူတွေအနေဖြင့် မိနစ် ၃၀ ပြီးတိုင်း တစ်ကြိမ်လမ်းလျှောက်တာမျိုး၊ ပျင်းကြောဆန့်တာမျိုးစတာတွေကို ပြုလုပ်ပေးပါ။

(၂)    လေ့ကျင့်ခန်းလုပ်ပါ။

        သင့်တင့်တဲ့ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေလုပ်ဆောင်ခြင်းကြောင့် သွေးလည်ပတ်မှုကိုမှန်ကန်စေပြီး ခန္ဓာကိုယ်တွင်း ဇီ၀ဖြစ်စဉ်လည်ပတ်မှုကောင်းမွန်စေရုံသာမက ကြည့်ကောင်းတဲ့ခန္ဓာကိုယ်ကိုပါ ရရှိစေပါတယ်။ တနေ့မှာ ၁​ နာရီလောက်အချိန်ပေးပြီးလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ၀မ်းဗိုက်နှင့် တင်ပဆုံရှိကြွက်သားများ သန်မာစေသောလေ့ကျင့်ခန်းများက ကြည့်ကောင်းသော ကိုယ်နေဟန်ထား ရရှိစေရန်အတွက် အဓိကကျတဲ့လေ့ကျင့်ခန်းများဖြစ်ပါတယ်။ ဒါကြောင့် နေ့တို်င်းလေ့ကျင့်ခန်းလုပ်ဖြစ်ပါစေ။

(၃)    ခါးကိုမတ်မတ်ထားပါ။

        အလုပ်စားပွဲမှာထိုင်ပြီးတနေကုန်အလုပ်လုပ်ရမယ်ဆိုရင် ပခုံးကိုဆန့်ထားပြီးခါးကိုမတ်မတ်ထား၍ထိုင်ပါ။ ဒါ့အပြင်ခါးကြောဆန့်ခြင်းကိုအထိုင်ကြာလာတိုင်း ဖြည်းဖြည်းသာသာပြုလုပ်ပေးပါ။

(၄)    ကျောရိုးမကြီးကိုဂရုစိုက်ပါ။

        သွေးဆုံးပြီးအမျိုးသမီးတွေမှာ ကျောရိုးမကြီးတစ်လျှောက်ရှိ ကြွက်သားများဟာ အမျိုးသားများထက်စာရင် အားနည်းနေလေ့ရှိပါတယ်။ ဒါ့အပြင်အရိုးပွရောဂါကြောင့်လည်း ခါးကိုင်းပြီးအရပ်ပုလာနိုင်ပါတယ်။ ဒါကြောင့် ကျောရိုးမကြီးတလျှောက်ရှိ ကြွက်သားများသန်မာဖို့အတွက် လေ့ကျင့်ခန်းလုပ်ခြင်းဟာလည်း အရေးကြီးတဲ့ အခန်းကဏ္႑တစ်ခုဖြစ်လာပါတယ်။

(၅)    အားဖြည့်ဆေးမှီ၀ဲပါ

        အရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ဓါတ်ကြွယ်၀နေစေဖို့ အရေးကြီးပါတယ်။ သို့သော် ကယ်လဆီယမ်ဖြည့်စွက်ဆေးဝါးများမှီ၀ဲခြင်းသည် နှလုံးရောဂါဖြစ်ပွားနှုန်းနဲ့ ကျောက်ကပ်ကျောက်တည်ခြင်း ကို မြင့်တက်စေတာကြောင့် ကယ်လ်ဆီယမ်ဓါတ် ကြွယ်၀တဲ့အစားအစာများကိုသာ ရွေးချယ်စားသုံးခြင်း၊ ဆရာ၀န်နှင့် တိုင်ပင်ပြီးမှသာ ကယ်လ်ဆီယမ်ပါသော ဆေးဝါးများမှီ၀ဲခြင်း တို့ ပြုလုပ်သင့်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com