အသက်ကြီးလာ ... ဒူးတွေနာ
" ကျွတ် ... ကျွတ် ... ကျွတ်စ် ... ဘယ်ဘဝက ဝဋ်ကြွေးမှန်း မသိပါဘူး ... နာလိုက်တဲ့ဒူး "
ထိုင်လည်းနာ ... ထလည်းနာ ... လမ်းလျှောက်လည်းနာတဲ့ ဒီဒူးကြောင့် စိတ်ညစ်ရပေါင်းလည်း များခဲ့ပါပြီ။ တကယ်တော့ ဒေါ်သိန်းရင်က ဆိုသလောက် အသက်မကြီးသေး။ ဝဝဖိုင့်ဖိုင့် ကိုယ်လုံးပေါ်တွင် ပါတိတ်ဝမ်းဆက်လေး ချပ်ချပ်ကပ်ကပ် ဝတ်ထားလိုက်ရင် လှနေတုန်း။ မျက်နှာက အတော် အရွယ်တင်သည် ဆိုရမည်။ သားတွေက မကြာခဏ စသည်။
" အဖေကြီးကို မောင်တွေ ဘာတွေခေါ်ပါဦး " တဲ့ အရွယ်တင်သည်ဆိုကြ၍ ကျေးဇူးတင်ရသော်ငြား ကံမကောင်းစွာ ဒူး မကြာခဏနာသည်။
" အန်တီ့ရဲ့ ဒူးက ရောင်လိုက်၊ ကျလိုက်ဖြစ်နေတာ အရိုးပွလာလို့ဗျ "
ဆရာဝန်လေးက ရောင်နေသော ဒူးကို အလတ်စတစ်သားပတ်တီးဖြင့် စိတ်ရှည်လက်ရှည် စည်းနှောင်ပေးသည်။
ဆရာ့ဆီသွားပြီး အထဲက ဂွမ်းပျော့လေးခံလို့ စည်းထားလိုက်ရင် တစ်ပတ်လောက်နေ အရောင် ပြန်ကျသွားသည်။ ဒူးထဲကလည်း အသံမြည်သည်။ ဆရာဝန်က မစိုးရိမ်ရလို့တော့ ဆိုထားသည်။
" အရိုးပွတယ်ဆိုတာ ... ဒူးထဲက အရိုးတွေက သန်မာမှုအားနည်းလာ ကျွတ်ဆတ်လာတဲ့အပြင် ဒူးကိုရွှေ့တဲ့အခါ ကြွက်သားနဲ့ အရွတ်တွေ အရိုးတွေ ပွတ်တိုက်ရင်း ရောင်လာကြတာကြောင့်လည်း ဖြစ်တတ်တယ် "
ဆရာဝန်လေးက ဆေးစပ်နေသည်။ တော်ရုံဆို အကိုက်အခဲပျောက်ဆေး အပျော့စား လောက်သာပေးသည်။ ဒူးနာတဲ့အခါ အကိုက်အခဲပျောက်ဆေး အပြင်းတွေ သောက်တဲ့အခါ အစာအိမ် လေနာထတတ်သတဲ့။ ဒေါ်သိန်းရင်ကိုယ်တိုင်လည်း ကြုံဖူးတယ်။ အကိုက်ပျောက်ဆေးတွေ ဝယ်သောက်ရင်း ကိုယ့်ဘာသာ ရင်ခေါင်းတွေ အောင့်လာ၍ ဆေးပြေးထိုးရသေးသည်။
" ဒူးနာရင် လမ်းလျှောက်လို့ ရပါ့မလားဆရာ ... ပိုဆိုးမလား "
ဆရာဝန်လေးက စာရေးနေရင်း ဖြေသည်။
" ပိုမဆိုးပါဘူး ... လျှောက်လို့ရတယ် ... လမ်းလျှောက်တာက လေ့ကျင့်ခန်းဖြစ်လို့ သွေးလည်ပတ်မှုကောင်းစေပြီး အဆစ်တွေဆီ အာဟာရ ပိုရောက်စေတယ်ဗျ "
" လမ်းလျှောက်ရင်း နာလာရင်ရော ဆရာ "
" အရမ်း တင်းလာနာလာရင်တော့ ရပ်လိုက်လို့ ရပါတယ် " ဆရာဝန်က တစ်ချက်ပြုံးလိုက်ပြီး စိတ်ရှည်လက်ရှည်ဖြေသည်။
" ဒူးနာတဲ့အခါ အများကြီး လုပ်လို့ရသေးတယ် ... ဒူးထဲကို ဆေးထိုးထည့်တာ ... "
" အဲဒါတော့ ကြောက်တယ်ဆရာ ... "
" ဒါပေမဲ့ အဲဒါကလည်း အရမ်းသက်သာတယ်ဗျ အရိုးဆရာဝန်နဲ့ပြပြီး လုပ်ကြည့်လို့ရတယ် ... သိသိသိသာသာ အရောင်လျော့သွားတာပေါ့ "
ဒေါ်သိန်းရင်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကုတ်သည်။
" ဆရာ ... ဘာလုပ်ရင်ကောင်းမလဲ "
" ရေနွေးအိတ် ကပ်လို့ရတယ်ဗျ ... ရေနွေးနွေးနဲ့ ရေချိုးပေးရင်လည်း အဆစ်အမြစ်တွေ ကိုက်တာရောင်တာ တကယ်သက်သာတယ် ... အဓိကက ခင်ဗျား ဝိတ်လျှော့ရမယ် ... ဝိတ်တက်လေ ဒူးပေါ် ဝန်ပိလေ ပိုဆိုးလေသာမှတ် "
" ဒီနေ့ကစပြီး အဆီအဆိမ့်မစားနဲ့ ဝက်သားရှောင် အရွက်ပိုစား ထမင်းကို ပန်းကန်ဝက်လောက်ပဲ ချိန်စား ... ဝိတ်မြန်မြန်ကျသွားလေ ... ဒူးရောင်တာ သက်သာလာလေပါပဲ"
" အရိုးပွတာကြောင့် ဖြစ်တယ်ဆိုတော့ ပျောက်အောင်ကုလို့ရလား "
" အသက်ကြီးလို့ အရိုးပွတာတော့ ... တားလို့မရဘူးဗျ ...ပိုမဆိုးအောင်တော့ ထိန်းလို့ရတယ် ... ဥပမာ အသီးအရွက်စားမယ်၊ အသီးဖျော်ရည် လတ်လတ်ဆတ်ဆတ် သောက်မယ် ... ဝိတ်ချမယ် ... နွားနို့သောက်မယ် ... ငါးစားရမယ် ... ကြက်ဥစားမယ် ... အသားငါးစားပြီး ပရိုတင်း ဖြည့်မယ် ... အချိုတွေ ရှောင်မယ် ... ကောင်းတာက အစာနဲ့လည်း အရိုးသန်မာတဲ့ ဗီတာမင်တွေဖြည့်သလို ဖြည့်စွက်ဆေးဝါး သောက်တာလည်း ထိရောက်တာပဲ ... "
ဒေါ်သိန်းရင်တစ်ယောက် နည်းနည်းအားတက်လာသည်။
" ဒါပေမဲ့ ဘယ်လောက် ဆေးသောက်သောက် အန်တီကိုယ်နှိုက်ကလည်း အချိုရှောင် ထမင်းလျှော့စား ပေါင်မုန့်၊ ခေါက်ဆွဲတွေ ရှောင်ရင် ပိုထိရောက်တယ် ... ကစီဓာတ်က ရောင်ရမ်းတာတွေ ပိုဆိုးစေတယ်"
" ကျေးဇူးပါဆရာ ..."
" ညအိပ်ရင် ဒူးအောက်ကို ခေါင်းအုံး ဖက်လုံးလေးခံအိပ် ... မြှင့်ထားရင် ပိုသက်သာတယ် ... ကော်ဖီရှောင်ဗျာ ... အဆစ်အမြစ်တွေ ရောင်ရမ်းလာရင် ကော်ဖီ၊ လက်ဖက်ရည် ရှောင်တာကောင်းတယ် ... လက်ဖက်စိမ်း ရေနွေးကြမ်းလေးတော့ သောက်ပေါ့။ အရောင်မြန်မြန်ကျအောင် လိုအပ်မယ်ထင်တဲ့ ဖြည့်စွက်ဆေးဝါး ကျွန်တော် ရေးပေးလိုက်ပါ့မယ် "
ဒူး မကြာခဏဒုက္ခပေး၍ စိတ်ဓာတ်ကျနေသော ဒေါ်သိန်းရင် တစ်ယောက် မျှော်လင့်ချက် ရောင်ခြည်သန်းလာသည့်အပြင် စိတ်ရှည်သော ရှင်းပြသော ဆရာဝန်နဲ့ တွေ့သောအခါ စိတ်ချမ်းသာ၍ ရောဂါတစ်ဝက် သက်သာရသည်။ ဝိတ်လျှော့ရန် ထမင်း လျှော့စားတော့မည် ဆုံးဖြတ်သည်။ ဟင်းတွေကို ဆီပြန်အစား ရေလည်ဆီလည်လေး ချက်တော့မည်။
မပြန်ခင် ဆရာဝန်လေးဆီက အသံထွက်လာသည်။ လူကြီးကို စိတ်ပူသောအသံ။ တကယ်လည်း ကျေးဇူးတင်ရပါတယ်။ စုံစုံလင်လင် သိရတယ်လေ။ ပိုမဆိုးအောင် ထိ်န်းသိမ်းလို့ ရနေသေးတာပဲ။
" မပြန်ခင် ကျွန်တော် အရေးကြီးတာလေး သတိပေးဦးမယ် ... အရိုးပွတဲ့လူကြီးတွေက အရိုးကျိုးလွယ်တတ်တယ် ... ကျိုးပီးရင်လည်း တော်တော်နဲ့ နလန်မထူဘဲ ကြာနေတတ်တယ် ... ဒီတော့ အထိုင်အထ အသွားအလာ ဆင်ခြင်ပြီး ဖြည်းဖြည်းသက်သာ သွားလာပါလို့ အန်တီရေ ... "
(Unicode)






























