အသက်နဲ့အမျှ ယိုယွင်းလာတဲ့ အမြင်အာရုံ
အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ယိုယွင်းပျက်စီးလာတဲ့ထဲမှာ မျက်စိလည်း အပါအဝင် ဖြစ်ပါတယ်။ အသက်ကြီးလာလို့ဖြစ်တဲ့ မျက်စိပြဿနာတွေဟာ သိပ်ပြီးအရေးမကြီးတတ်ပါဘူး။ ဥပမာ - အနီးမှုန်လာတာမျိုးပေါ့။ ဒါပေမဲ့ အမြင်အာရုံကို လုံးဝထိခိုက်စေတဲ့ အပြောင်းအလဲတွေလည်း ရှိပါတယ်။
အသက်ကြီးလာရင် မျက်စိက သိပ်ပြီး စိုစွတ်မှုမရှိတော့ပါဘူး။ ဒီအခါ ယားယံခြောက်သွေ့တာ၊ မျက်စိထဲ တစ်ခုခု ဝင်သလို ခံစားရတာမျိုးတွေ ရှိတတ်ပါတယ်။ မျက်စိမှန်ဘီလူးကလည်း လျော့ရဲလာတတ်ပါတယ်။ ညဘက်တွေ ကောင်းကောင်း မမြင်တော့တာကြောင့် ညဘက် ကားမောင်းရင် အဆင်မပြေပါဘူး။ မျက်စိ တိမ်စွဲတာ၊ မျက်ကြည်လွှာ ယိုယွင်းလာတာတွေအပြင် ဆီးချိုရောဂါကြောင့်လည်း အမြင်အာရုံတွေ ထိခိုက်နိုင်ပါတယ်။
အရေးမကြီးတဲ့ မျက်စိပြဿနာလား၊ ချက်ချင်း ကုသမှု ခံယူရမှာလား ဆိုတာ သိဖို့ လိုအပ်ပါတယ်။
>> ဒီလို လက္ခဏာမျိုးတွေရှိရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။
● မျက်ဆံ အရောင်ပြောင်းတာ
● မျက်စိ ရုတ်တရက် စွေတာ
● အမြင်အာရုံမှာ အနက်စက်ကို မြင်နေရတာ
● နှစ်ထပ်မြင်တာ
● မျက်လုံး ခြောက်သွေ့ယားယံတာ၊ ပူတာ
● အမြင်အာရုံမှာ တိမ်ဖုံးနေသလို ဖြစ်တာ
● မျက်ရည်တွေ၊ မျက်ဝတ်တွေ အများအပြားထွက်တာ
● မျက်လုံးနာတာ
● မျက်စိထဲမှာ အလင်းရောင်တွေ၊ အဖြူရောင်အရာတွေ မြင်ရတာ
● မျက်ခွံမှာ အလုံးဖြစ်တာ
● အလင်းရောင်ကို ကြည့်ရင် ဘေးမှာ အရောင်တွေ မြင်ရတာ
● မျက်လုံးပိတ်လို့ မရတာ
● အမြင်အာရုံတစ်ခြမ်း ကွယ်တာ
● မျက်လုံးတစ်ဝိုက်နီတာ
● မျက်စိရှေ့မှာ အစက်၊ အစက်တွေ မြင်ရတာ
● ရုတ်တရက် အမြင်အာရုံ ကွယ်သွားတာ
● အမှောင်ထဲရောက်သွားရင် ချက်ချင်း ပြန်မမြင်ရတာ
● အလင်းကို ကြည့်လို့မရတာ
● မျက်စိရှေ့မှာ လိုက်ကာကွယ်နေသလိုဖြစ်တာ
● မျဉ်းဖြောင့်တွေကို တွန့်လိန်ပြီး မြင်ရတာ စတာတွေ ဖြစ်ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။
Dr. Htar (www.drmyanmar.com)