/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အသက်ရှည်ဖို့-ဘာတွေသိထားသင့်သလဲ

အသက်ရှည်ဖို့ ဘာတွေသိထားသင့်သလဲ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

          အသက်ရှည်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ယိုယွင်းပျက်စီးလာတာတွေကို ပိုမိုကြုံတွေ့ခံစားနိုင်ဖို့ဖြစ်ပါတယ်လို့ ရယ်ပွဲဖွ့ဲပြီးပြောလေ့ရှိကြပါတယ်။ တကယ်တော့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ခံတပ်ကြီးဟာ ခုခံနိုင်စွမ်း ကျဆင်းတာကြောင့် ရောဂါပိုးတွေ၊ ကင်ဆာနဲ့ရောဂါတွေ အလွယ်တကူဝင်ရောက်နိုင်အောင် ခွင့်ပြုနေရတာကို သက်ကြီးရွယ်အိုများရဲ့ ကိုယ်ခံအားစနစ်လို့သတ်မှတ်ကြပါတယ်။

          သက်ကြီးရွယ်အိုတွေရဲ့ ခုခံအားစနစ်အားနည်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရောဂါပိုး ဝင်ရောက်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့ပဲဖြစ်ပါတယ်။ ကံကောင်းတာကတော့ ခုခံအားစနစ်ကို လေ့ကျင့်ခန်း နည်းဗျူဟာများဖြင့် ပြန်လည်တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နိုင် တာပဲဖြစ်ပါတယ်။ ၎င်းအလေ့အကျင့်တွေကို မွေးမြူခြင်းဖြင့် လုံးဝကျန်းမာရေးကောင်းမယ်လို့ အာမ,မခံနိုင်ပေမယ့်လည်း ခုခံအားစနစ်ကျဆင်းခြင်းကို နှေးကွေးစေ၍ ကိုယ်ခံအားနစ်အားနည်းခြင်းကြောင့်ဖြစ်တဲ့ ရောဂါတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

          ဒါကြောင့် သက်ကြီးရွယ်အိုတွေရဲ့ ခုခံအားစနစ်ကို တတ်နိုင်သမျှ အချိန်ကြာကြာကောင်းမွန်စေဖို့ အောက်ပါအချက်ငါးချက်ကို လိုက်နာကျင့်သုံးသင့်ပါတယ်။

1. ဆေးလိပ်ဖြတ်ပါ

          ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ပေါ်မှာ ဆိုးကျိုးသက်ရောက်စေနိုင်တဲ့ ဆေးလိပ်သောက်ခြင်းအလေ့အကျင့်ကို ယခုပင်စွန့်လွှတ်လိုက်ပါ။

          ကိုယ်ခံစွမ်းအားစနစ်မှာ သူရဲ့ကိုယ်ပိုင်နာရီရှိပြီး ၎င်းကပင် လူတွေကို သက်တမ်း ရှည်စေတာဖြစ်ပါတယ်။ ထိုနာရီကို DNA ပေါ်မှာရှိတဲ့ မော်လီကျူး telomeres ရဲ့ အရှည်နဲ့ တိုင်းတာလေ့ရှိပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ အခြားမကောင်းတဲ့ အလေ့အထတွေကြောင့် telomeres တွေ တိုလာကာ ခုခံအားဆိုင်ရာနာရီသည် အချိန်မတိုင်မီကုန်ဆုံးသွားရပါတယ်။

           ဆေးလိပ်သောက်ခြင်းသည် သွေးတွင်းရှိ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ မိမိကိုယ်ခံအားစနစ်မှ မိမိခန္ဓာကိုယ်ကိုပြန်လည်တိုက်ခိုက်နိုင်ချေမြင့်မားလာခြင်း၊ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တဲ့ဲ antibodies တွေကို သတ်ပစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

          ထို့ပြင် ဆေးလိပ်ကြောင့် အဆုတ်ရောင်ခြင်းနဲ့ အအေးမိတုပ်ကွေး စတဲ့ရောဂါတွေကိုလည်း မကြာခဏခံစားရစေနိုင်ပါတယ်။

2. အရက်ကို အလွန်အကျွံမသောက်ပါနှင့်

          အရက်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကန့်သတ်ထိန်းချုပ်လိုက်ရုံ သာမက ရောဂါပိုးမွှားတွေကို သေစေနိုင်စွမ်းရှိတဲ့ သွေးဖြူဥတွေအရေအတွက် ကိုပါ လျော့နည်းစေနိုင်ပါတယ်။

          ဒါကြောင့် အရက်အလွန်အကျွံသောက်သုံးသူတစ်ဦးဟာ သာမန်လူတစ်ဦးထက် အဆုတ်ရောင်ရောဂါဖြင့် သေဆုံးနိုင်တဲ့ အခွင့်အလမ်းနှစ်ဆပိုများပါတယ်။ အလားတူပဲ ချောင်းဆိုးသွေးပါရောဂါဖြစ်နိုင်ချေလည်း သုံးပုံတစ်ပုံခန့် ပိုမိုမြင့်မားပါတယ်။

         

3. နေရောင်ဖြင့် အလွန်အကျွံမထိတွေ့မိပါစေနှင့်

          နေရောင်မှ ဗီတာမင် D ဟာ ခုခံအားစနစ်ရဲ့လုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးနိုင်တယ်ဆိုပေမယ့်လည်း ခရမ်းလွန်ရောင်ခြည်များပြားခြင်းကြောင့် မျိုးရိုးဗီဇ DNA များ ပြောင်းလဲသွားကာ ကင်ဆာရောဂါဖြစ်နိုင်ချေကို မြင့်တက်စေနိုင်ပါတယ်။ ထို့ပြင် အအေးဒဏ်ကြောင့်ရတဲ့အနာများကိုလည်း ခံစားရနိုင်ပါတယ်။

4. ဓာတုပစ္စည်းနှင့် ကင်ဆာဖြစ်နိုင်တဲ့ ပစ္စည်းတွေကို တတ်နိုင်သမျှ မထိတွေ့ပါနှင့်

          မီးသွေးဖြင့် ထမင်းဟင်းချက်ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။ ထို့အတူ လူတွေပြုလုပ်တဲ့ ဓာတုပစ္စည်း (ဥပမာ - ဟိုက်ဒရိုကာဗွန်) တွေကိုလည်း တတ်နိုင်သမျှ မထိတွေ့မိပါစေနှင့်။

5. ကိုယ်အလေးချိန်ကိုလျှော့ချပါ

          အဝလွန်ခြင်းဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေရုံသာမက အခြားသော ကျန်းမာရေးဆိုးကျိုးတွေကိုပါပေးနိုင်တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။

          ဝမ်းဗိုက်အဆီတွေသည် ရောင်ရမ်းခြင်းကို ပိုမိုဆိုးရွားစေကာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေဖြစ်နိုင်ချေကိုပါ မြင့်တက်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အဆီတွေဟ ရိုးတွင်းချဉ်ဆီ၊ ကြွက်သားနဲ့ အသည်းတွေမှာ စုပုံလာကာ ရောင်ရမ်းမှုကို ခံစားရစေနိုင်ပါတယ်။ ကိုယ်အလေးချိန်အနည်းငယ်လျော့ချနိုင်ရုံဖြင့်ပင် ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချနိုင်စွမ်းရှိပါတယ်။

          လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရဓာတ်တွေပြည့်ဝဖို့အတွက် အရေးကြီးဆုံး အခြေခံအဆင့်ဖြစ်ပြီး ကိုယ်အလေးချိန်ကိုလည်းလျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းပမာဏကိုလည်း မြင့်မားစေဖို့ကိုလည်း အားပေးပါတယ်။

          မိမိလက်ရှိစားသုံးနေတဲ့ အစားအစာတွေနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်ဖို့အတွက် အသုံးဝင်တဲ့နည်းလမ်းတစ်ခုကတော့ အကြော်အလှော်တွေကို ဘယ်နှစ်ရက်တစ်ကြိမ်လောက်စားဖြစ်သလဲ? စည်သွတ်ဘူးတွေကို ဘယ်နှစ်ရက်တစ်ကြိမ်စားဖြစ်ပါသလဲ? ၎င်းအစားအစာတွေအစား အခြားအာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေနဲ့ အစားထိုးဖို့ကို ဖြည်းဖြည်းချင်းလုပ်ဆောင်သင့်ပါတယ်။

          အကယ်၍ အထက်ပါအချက် ငါးချက်ကို လိုက်နာပါက အသက်ကြီးလာသည့်တိုင်အောင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် ထိန်းသိမ်းနိုင်မှာအမှန်ပင်ဖြစ်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com