/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အသက်အရွယ်ကြောင့်ဖြစ်သော-အစက်အပြောက်များ

အသက်အရွယ်ကြောင့်ဖြစ်သော အစက်အပြောက်များ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        အသက်ကြီးလာတာနဲ့အမျှ အရေပြားပေါ်မှာ မီးခိုးရောင် သို့ အမဲရောင်အစက်တွေပေါ်လာတတ်ပါတယ်။ အများအားဖြင့် နေနဲ့ထိတွေ့မှုများတဲ့နေရာတွေမှာ ဖြစ်တတ်ပါတယ်။

 

ဘာကြောင့် အသက်ကြီးတဲ့အချိန်မှာ ဒီလိုအစက်တွေဖြစ်လာတာလဲ?

        ခန္ဓာကိုယ်ကနေ မလယ်နင် (melanin) လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းတွေများများထုတ်တာကြောင့် အမဲစက်တွေဖြစ်လာရတာပါ။ ဖြစ်ရတဲ့အကြောင်းအရင်းကိုတော့ အတိအကျမသိနိုင်ပါဘူး။ ဖြစ်နိုင်ချေများတဲ့အကြောင်းတွေကတော့ အရေပြားရင့်ရော်လာခြင်း၊ နေနဲ့ အခြားခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့မှုများခြင်းတို့ဖြစ်ကြပါတယ်။

- မျက်နှာ

- လက်ရဲ့အပေါ်ဘက်

- ပုခုံး

- ကျောကုန်းအပေါ်ပိုင်း

- နဖူး စတဲ့နေတဲ့ထိတွေ့မှုများတဲ့နေရာတွေမှာ အစက်အပြောက်ပိုဖြစ်တတ်ပါတယ်။

 

ဘယ်သူတွေမှာပိုပြီး ဖြစ်နိုင်ချေများလဲ

          အသက်အရွယ်၊ ကျား၊မ၊ လူမျိုး နဲ့မဆိုင်ဘဲ အားလုံးမှာဖြစ်နိုင်သော်လည်း ဒီလိုလူတွေမှာပိုပြီး ဖြစ်နိုင်ချေများပါတယ်။

- အသက် 40 ကျော်သူများ

- အသားအရည်နူးညံ့သူများ

- နေရောင်နဲ့ ခဏခဏထိတွေ့ရသူများ

- အသားဖြူအောင် ပေါင်းတင်စက်နဲ့ ခဏခဏပေါင်းတင်သူများ

 

လက္ခဏာများ

        အစက်အပြောက်တွေက အညိုဖျော့ဖျော့ သို့ အမဲရောင် ဖြစ်တတ်ပါတယ်။ ကိုင်ကြည့်ရင်တော့ အခြားနေရာက အသားတွေလိုပါပဲ။ နာတာ ကျင်တာမရှိပါဘူး။ နေနဲ့ထိတွေ့မှုများတဲ့နေရာက အရေပြားတွေမှာ ဖြစ်တတ်ပါတယ်။

 

ဘယ်လိုရောဂါအမည်သတ်မှတ်နိုင်သလဲ

         ဆရာဝန်က လူနာရဲ့အရေပြားကိုကြည့်ပြီး ရောဂါအမည်သတ်မှတ်ပါလိမ့်မယ်။ ဒီအစက်တွေက အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပျောက်တွေမဟုတ်နိုင်ဘူးလို့ သံသယရှိရင်တော့ အသားစယူပြီး ကင်ဆာ (သို့) အခြားရောဂါတွေကြောင့်လားဆိုတာကို စစ်ဆေးပါလိမ့်မယ်။

 

ဘယ်လိုကုသကြမလဲ

          အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေဆိုရင်တော့ ကြောက်စရာမလိုပါဘူး။ ကုသဖို့လည်းမလိုပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေကတော့ အစက်အပျောက်တွေကိုကြည့်ရတာ အဆင်မပြေလို့ဖယ်ရှားချင်ကြပါတယ်။

1. လိမ်းဆေးများ

          အစက်အပျောက်တွေ ဖြည်းဖြည်းချင်းသက်သာစေဖို့ hydroquinone ပါတဲ့ အသားဖြူစေတဲ့ လိမ်းဆေးတစ်ခုခုကို ညွှန်ကြားလေ့ရှိကြပါတယ်။ ဒီလိမ်းဆေးတွေက ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရည်ပျက်စီးမှုကိုပိုပြီးဖြစ်စေနိုင်လို့ ကုသနေတဲ့တစ်လျှောက်လုံး နေကာခရင်တွေလိမ်းဖို့လိုပြီး လအတော်ကြာမှ အစက်ပြောက်တွေက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပါလိမ့်မယ်။

2. ကုသမှုနည်းစနစ်များ

           အစက်အပြောက်တွေကို ကုသနိုင်တဲ့နည်းလမ်းအမျိုးမျိုးရှိပြီး နည်းလမ်းတစ်ခုချင်းဆီမှာလည်း ဆိုးကျိုးတွေရှိကြပါတယ်။ ဒါကြောင့် အရေပြားဆရာဝန် (သို့) ပလပ်စတစ်ဆာဂျင်နဲ့ သေချာတိုင်ပင်ပြီးမှ သင့်လျော်တဲ့ကုထုံးကို ရွေးချယ်သင့်ပါတယ်။ ကုထုံးတွေကတော့ -

 

- လေဆာဖြင့် မယ်လနင်ထုတ်ပေးတဲ့ဆဲလ်များကို ဖျက်ဆီးခြင်း

- Chemical peels - အရေပြားအပေါ်တစ်လွှာကို ဖျက်ဆီးလိုက်ပြီး အသစ်ထပ်ဖြစ်လာစေခြင်း

- အရေပြားအပေါ်လွှာကို ခွဲစိတ်ဖယ်ရှားပြီး အသစ်ထပ်ဖြစ်လာစေခြင်း

- Cryosurgery - နိုက်ထရိုဂျင်အရည်ကိုသုံးပြီး အစက်အပျောက်တွေကို ခဲစေခြင်း

အနာကျက်ကာစ အရေပြားကို ခရမ်းလွန်ရောင်ခြည်ကနေကာကွယ်ဖို့အတွက် နေကာခရင်ကို အမြဲလိမ်းထားဖို့ လိုပါတယ်။

3. အိမ်တွင်းကုထုံးများ

           ဈေးကွက်ထဲမှာ အစက်အပြောက်ကင်းစင်စေတဲ့ လိမ်းဆေးတွေအများအပြားရရှိနိုင်ပေမယ့် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေလောက် မကောင်းပါဘူး။ ဒါတွေက အစက်တွေကိုပျောက်ကင်းစေမယ်လို့လည်း အာမမခံနိုင်ပါဘူး။ 

           အလှပြင်ပစ္စည်းတွေကတော့ အစက်တွေကိုမပျောက်စေနိုင်ဘဲ ဖုံးကွယ်ထားရုံပဲဖြစ်ပါတယ်။

 

အစက်အပြောက်မဖြစ်အောင် ကာကွယ်နည်း

          အစက်အပြောက်မဖြစ်အောင် အမြဲအကာကွယ်နိုင်ပေမယ့် အောက်ပါနည်းလမ်းတွေကိုလိုက်နာခြင်းဖြင့် ဖြစ်နိုင်ချေကိုတော့ နည်းသွားအောင် ကာကွယ်နိုင်ပါတယ်။

- နေပြင်းတဲ့အချိန်ဖြစ်တဲ့ မနက် 10 နာရီ နှင့် ညနေ 3 နာရီအတွင်း နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ပါ။

- နေကာပစ္စည်း (SPF) အနည်းဆုံး 15 နှင့် UV A, UVB ကာကွယ်မှုပါဝင်သော နေကာခရင်ကို နေ့တိုင်းလိမ်းပါ။

- နေကာခရင်ကို နေပူထဲမထွက်မီ အနည်းဆုံးနာရီဝက်ကြိုလိမ်းထားပါ။ 2 နာရီခြားတစ်ခါလိမ်းပေးပါ။ ရေကူးပြီးလျှင် (သို့) ချေွးထွက်များလျှင် ခဏခဏလိမ်းပေးပါ။

- အပူဒဏ်ကိုကာကွယ်သည့် ဦးထုပ်၊ ဘောင်းဘီရှည်၊ အကျႌလက်ရှည်ဝတ်ဆင်ခြင်းဖြင့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com