အိုမီဂါ 3 ဖက်တီးအက်ဆစ်အကြောင်းသိကောင်းစရာ
အိုမီဂါ 3 ဖက်တီးအက်ဆစ် 3 မျိုးရှိပါတယ်။ EPA နဲ့ DHA လို့ခေါ်တဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ် 2 မျိုးက ငါးအချို့မှာတွေ့ရပြီး ALA လို့ခေါ်တဲ့ တစ်မျိုးကတော့ အစေ့အဆန်တွေထဲ ပါ၀င်တာကို တွေ့ရပါတယ်။ အဆီဆိုရင် ကိုယ်ခန္ဓာအတွက် ဘာမှမကောင်းဘူးလို့ အကြမ်းဖျဉ်းယူဆထားကြပေမယ့် အိုမီဂါ 3 ဖက်တီးအက်ဆစ်ကတော့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအတွက် အရေးကြီးတဲ့ အဆီဓာတ် တစ်ခုဖြစ်လို့ နေပါတယ်။
♦အိုမီဂါ 3 ဖက်တီးအက်ဆစ်နှင့် ကျန်းမာရေး
1. သွေးတွင်းအဆီ - သွေးတွင်းအဆီ (triglycerides) ကို လျှော့ကျအောင်ပြုလုပ်ပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။
2. လေးဖက်နာရောဂါနှင့် အဆစ်အမြစ်ကိုက်ခဲခြင်း - အိုမီဂါ 3 ဖက်တီးအက်ဆစ်ဟာ ခန္ဓာကိုယ် တောင့်တင်းပြီး အဆစ်များနာကျင်မှုကို သက်သာစေပြီး အရောင်ကျဆေးများနှင့် တွဲဖက်သောက်သုံးလျှင် အရောင်ကျဆေး၏ အကျိုးအာနိသင်ကိုပိုတိုးစေပါတယ်။
3. စိတ်ကျေ၀ဒနာ - သုတေသီများရဲ့လေ့လာမှုအရ အိုမီဂါ 3 ဖက်တီးအက်ဆစ်ပါတဲ့ ငါးကိုအစားများတဲ့ နိုင်ငံတွေမှာဆိုရင် စိတ်ကျေ၀ဒနာလက္ခဏာများ ခံစားရတဲ့သူတွေ နည်းပါးတာကိုတွေ့ရှိရပါတယ်။ ဒီအက်ဆစ်ဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ကျေ၀ဒနာဖြစ်ပွားမှုမှ တားဆီးပေးတဲ့ hormone တစ်မျိုးကိုအားပေးလို့ဖြစ်ပါတယ်။
4. ကလေးဖွံ့ဖြိုးမှု - အိုမီဂါ 3 မှာပါတဲ့ DHA ဟာကလေးငယ်တွေရဲ့ အမြင်အာရုံနှင့် အာရုံကြောဖွ့ံဖြိုးမှုအတွက် အရေးကြီးပါတယ်။
5. ပန်းနာရင်ကြပ်ရောဂါ - အိုမီဂါ 3 ဟာရောင်ရမ်းမှုကို တားဆီးပေးတာကြောင့် အဆုတ်လေပြွန်ရောင်ရမ်းမှုကြောင့် ဖြစ်လာတဲ့ ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပါတယ်။
6. ADHD - အိုမီဂါ 3 ပါတဲ့ငါးတွေကို စားသုံးစေခြင်းဖြင့် အာရုံစူးစိုက်နိုင်မှုအားနည်းတဲ့ ADHD ရောဂါကို သက်သာစေပြီး ကလေးတွေမှာဆိုရင် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းအင်၊ စဉ်းစားဉာဏ်၊ မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်း အစရှိတာတွေကိုလည်း တိုးတက်စေပါတယ်။
7. အဲ(လ်)ဇိုင်းမားရောဂါ - မှတ်ဉာဏ်ချို့ယွင်းတဲ့ Alzheimer's disease ရောဂါကိုလည်း အိုမီဂါ 3 ပါတဲ့ ငါးများကိုစားသုံးစေခြင်း၊ အိုမီဂါ 3 ပါ၀င်တဲ့ ဆေးဝါးများကို မှီ၀ဲစေခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေနိုင်တယ်လို့ သုတေသနပြုလုပ်ချက် အချို့အရသိရပါတယ်။
♦ အိုမီဂါ 3 ကိုဘယ်လိုရနိုင်သလဲ?
အိုမီဂါ 3 ဖက်တီးအက်ဆစ်ကို ဆေးဝါးများမှ မဟုတ်ပဲ အစားအသောက်များမှလည်း ရရှိနိုင်ပါတယ်။ ပိုပြီးကောင်းတာကတော့ တစ်ပတ်ကို DHA, EPA and Omega 3 fatty acids ပါတဲ့ ပင်လယ်ငါးများကို 2 ကြိမ်မှ 3 ကြိမ်အထိ စားပေးသင့်ပါတယ်။ တူနာငါး၊ ငါးပါးနီ၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး အစရှိတဲ့ ငါးတွေကို စားပေးနိုင်ပါတယ်။ မွေးမြူရေးငါးတွေမှာ လူ့ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေပါ၀င်နိုင်တဲ့ ရာခိုင်နှုန်းများတဲ့အတွက် သဘာ၀ငါးများကိုသာ အလေးထားစားသုံးပေးသင့်ပါတယ်။
သစ်ကြားသီး၊ နှမ်းစေ့၊ ပဲပုပ်စေ့ဆီတို့မှာလည်းအိုမီဂါ 3 ဖက်တီးအက်ဆစ်ပါ၀င်တဲ့အတွက် တစ်ပတ်မှာ 2-3 ကြိမ်လောက် ထည့်သွင်းစားသောက်သွားသင့်ပါတယ်။
Dr. WSN





























