ကင်ဆာရောဂါဆို လက်လျှော့လိုက်တော့မှာလား ...
လီလီက အသက် ၄၀ အရွယ် ချောချောလှလှ အမျိုးသမီးတစ်ယောက်။ သူမကိုယ်သူမ အရမ်းကျန်းမာကြောင်း အစဉ်ဂုဏ်ယူခဲ့သူပါ။
အလုပ်စားပွဲပေါ်မှာ အိပ်ပျော်သွားတယ်၊ ကားမောင်းရင်း ငိုက်တယ်၊ အကြောင်းမရှိဘဲ နွမ်းဖတ်နေတယ်၊ ဆရာဝန်ပြကြည့်တဲ့အခါ သူမကို အိပ်စက်ခြင်းလွန်ကဲရောဂါလို့ အမည်တပ်ပြီး သောက်ဆေးတွေ သောက်ရပါတယ်။ ဒါပေမဲ့ ဒါနဲ့တင် မပြီးသွားပါဘူး။
ရင်တွေ စပူလာတယ်။ စားပြီးတိုင်း ရင်ညွန့်ထဲမှာ ပူပူကြီး။ ဒီတော့ အစာအိမ်ဆေးနဲ့ လေနာဆေးတွေ ထပ်သောက်ရပြန်ရော။
ဒီလောက်နဲ့ ဇာတ်လမ်းမဆုံးသေးပါဘူး။ သူမရဲ့ ဗိုက်အောက်ပိုင်း စပူလာတယ်။ စူတူတူ ဗိုကိလေးကြောင့် မိခင်က စတယ်။ ကလေး မယူသေးဘူးလားတဲ့။ ဘာတွေ ဖြစ်နေတာပါလိမ့်? သူမ နေလို့ မကောင်းဘူး။ ခဏခဏ ချူချာနေတယ်။
သူမ အင်တာနက်မှာ မွှေတယ်။ စာတွေ ဖတ်တယ်။ ကျန်းမာရေး ဗဟုသုတစာစောင်တွေ အကုန်လှန်လှောကြည့်တယ်။ သူမရဲ့ရောဂါလက္ခဏာ အတော်များများက သားအိမ်နဲ့ သားဥအိမ် အကျိတ်အဖုရောဂါတွေမှာ ဖြစ်တတ်တဲ့ပုံစံတွေနဲ့ ဆင်တူနေတာကို အလန့်တကြား သိခဲ့ရပါတယ်။ သူမ ချက်ချင်း ပြသစစ်ဆေးဖို့လိုပြီဆိုတာ သိခဲ့ပါပြီ။
နောက်ဆုံး လီလီရဲ့ဗိုက်ကို ဓာတ်မှန်ရိုက်ကူး စမ်းသပ်ဖြစ်ပါပြီ။ သူမ သိထားတဲ့အသိအရ ဖြစ်ပျက်သမျှကို ဆရာဝန်ကို စီကာပတ်ကုံး ပြောပြတယ်။ ဓာတ်မှန်ထဲမှာတော့ သားဥအိမ်ထဲမှာ အရိပ်မည်းတွေ။ သူမကို ဇီဝိန်ခြွေဖို့ ရောက်လာတဲ့ သေမင်းခြေရာတွေ။
သူမမှာ သားဥအိမ်ကင်ဆာ ဖြစ်နေပါပြီ။ ခွဲစိတ်ကုသပြီး ဆေးကုသမှု ခံယူရပါမယ်။ စိတ်ဓာတ် ခိုင်မာသူဖြစ်ပေမယ့် ခဏတာတော့ သူမ ပြိုလဲသွားခဲ့ပါတယ်။
" မသေသေးပါဘူး ... ငါ လုပ်လို့ရတာတွေ ရှိသေးတယ် ... ရအောင် ကုမယ် ... "
သားဥအိမ်ကင်ဆာဟာ အဆင့် ၃ ကို ရောက်ရှိနေပြီး ယေဘုယျအားဖြင့် အသက်ရှင်နိုင်စွမ်း အင်မတန် နည်းပါးနေပါတယ်။ ဒါပေမဲ့ သူမ ဆုံးဖြတ်ချက် ချလိုက်ပြီ။
ခွဲစိတ်မှုကတော့ ရှည်လျားထွေပြားပါတယ်။ သားအိမ် သားဥအိမ်နှစ်ဖက် သားအိမ်နဲ့ တွဲနေတဲ့ အူတွယ်ဆက်ကြောင်း အကုန်ဖြတ်ထုတ်ပစ်ရတာ ဖြစ်ပါတယ်။ ကင်ဆာအရိပ်အယောင် နည်းနည်းမှမကျန်အောင် ပြန့်ပွားနိုင်ခြေရှိတဲ့ နေရာတိုင်းကို ဖြတ်တောက်ပစ်လိုက်ပါတယ်။
ခက်ခဲကြမ်းတမ်းတဲ့ ဆေးရုံကာလတွေအပြီးမှာ သူမဟာ ကင်ဆာဆေးသွင်းဖို့ ဆက်လက် စီစဉ်ရပါတယ်။ ခင်ပွန်းရယ်၊ မိခင်ရယ်ရဲ့ အားပေးမှုကြောင့် သူမ ကင်ဆာဆေးသွင်းဖြစ်ပါပြီ၊ ဆံပင်တွေ အကုန်ကျွတ်သွားခဲ့ပြီး ပိန်ကျသွားပါတယ်။
ဘဝမှာ ကံဆိုးချိန် ရှိသလို ကောင်းတဲ့တစ်ချိန်တော့လည်း ကြုံရမှာပါပဲ။ အခက်တွေ တသီကြီး ကြုံပြီးချိန်မှာ သူမဟာ ရှားပါးတဲ့ ကင်ဆာအောင်နိုင်သူများ စာရင်းဝင်ခဲ့ပါပြီ။ အသက်ရှင်နှုန်း အင်မတန်နည်းတဲ့ သားဥအိမ်ကင်ဆာ အဆင့် ၃ ကို ပြည့်ပြည့်ဝဝ ကုသအပြီး အသက်ရှင် ကျန်းမာလာခဲ့တာ သုံးနှစ် ကြာသွားခဲ့ပြီလေ။
အခုတော့ သူမ ဆံပင်တွေ ပြန်ပေါက်လာပြီ။ မျက်နှာလေးလည်း ပြည့်ဖြိုးလှပလာခဲ့ပြီ။ အသားအရေတွေလည်း တစ်ဖန် ကြည်လင်လာခဲ့ပါပေါ့။ သူမရဲ့ မတူထူးခြားတဲ့ မျိုးရိုးဗီဇဆဲလ်တွေဟာ သေမှာသေချာတဲ့ ကင်ဆာကို အနိုင်တိုက်ခဲ့တာ ဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ ဘာပဲပြောပြော သူမရဲ့ ကျန်းမာရေးအသိပညာ စာဖတ်တာကနေ သူမကိုယ်သူမ ကယ်တင်နိုင်ခဲ့တယ် ဆိုတာတော့ အမှန်တရား ဖြစ်ပါတယ်၊ တကယ်တော့ သူမ ဖတ်ခဲ့တဲ့ ကျန်းမာရေးဗဟုသုတတွေက လီလီကို ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ လင်းခနဲ လက်သွားတဲ့ အသိကြောင့် မြန်မြန်ပြသနိုင်ခဲ့့ပြီး ကင်ဆာကို အချိန်မီ ကုသနိုင်ခဲ့တယ် မဟုတ်ပါလား။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























