/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ကင်ဆာ-မဟုတ်ပေမယ့်လည်း-စိတ်အနှောင့်အယှက်ပေးတဲ့

ကင်ဆာ မဟုတ်ပေမယ့်လည်း စိတ်အနှောင့်အယှက်ပေးတဲ့ သားအိမ်အလုံးအကျိတ်တွေ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        Fibroids လို့ခေါ်တဲ့ အသားလုံးကတော့ သားအိမ်ကြွက်သားထဲမှာ ကြီးထွားလာတဲ့အလုံးတွေ ဖြစ်ပါတယ်။ အလုံးရဲ့အရွယ်အစားနဲ့ အလုံးရှိတဲ့နေရာအပေါ် မူတည်ပြီးတော့ လက္ခဏာတွေ ခံစားရပါတယ်။ ဒီအလုံးတွေက မီလီမီတာလောက် အလုံးလေးတွေကနေပြီးတော့ ဘက်စကက်ဘောအရွယ်အထိ အရွယ်အစားအမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီအလုံးတွေက အဓိကအားဖြင့်တော့ (၃) နေရာမှာ ဖြစ်နိုင်ပါတယ်။

1.       သားအိမ်ထဲမှာ အလုံးတည်ပြီးတော့ သားအိမ်အတွင်းပိုင်းအခေါင်းကို ပုံပျက်စေပါတယ်။

2.       သားအိမ်နံရံထဲမှာ အလုံးဖြစ်တာ - ရာသီလာရင် အရမ်းများတာ၊ လာတဲ့ရက်ကြာတာ၊ ရာသီလာရင် ဗိုက်အောင့်တာတွေ ဖြစ်စေနိုင်ပါတယ်။

3.       သားအိမ်အပြင်ဘက်မှာ အလုံးဖြစ်တာပါ။

          ဒါ့အပြင် ဒီအလုံးတွေရဲ့အညှာလိမ်တာမျိုးလည်း ကြုံရနိုင်ပါတယ်။ ဒုတိယအမျိုးအစား ၂ ခုကိုတော့ ဒီအလုံးတွေကြီးလာပြီးတော့ ဖိတဲ့အခါမှာ ဗိုက်အောင့်တာ၊ ဆီး ခဏခဏသွားချင်တာ၊ ဝမ်းချုပ်တာ စတာတွေ မကြုံရမချင်း တော်တော်များများက သတိမပြုမိကြပါဘူး။

          ကိုယ်ဝန်ဆောင်တွေမှာဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံရနိုင်ပါတယ်။

          ဒီသားအိမ်အသားလုံးတွေက ပိုဆိုးလာရင် ကိုယ်ဝန်ရနိုင်ခြေနဲ့ ကိုယ်ဝန်ဆောင်ပြီးရင်လည်း လစေ့ပြီးတော့ ရိုးရိုးမွေးနိုင်ဖို့အတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။

          သားအိမ်အသားလုံးက 5 cm နဲ့အထက် ကြီးလာရင် ကိုယ်ဝန်ဆောင်နိုင်ခြေကို သွားပြီး ထိခိုက်စေပါတယ်။

          တစ်ခါတလေတော့လည်း ကိုယ်ဝန်ဆောင်ချိန်မှာ တချို့အသားလုံးတွေက သွေးထောက်ပံ့မှု အလုံအလောက်မရတော့လို့ သူ့ဟာသူ ကြွေသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ ရောင်ရမ်းခြင်းကြောင့် ဗိုက်အရမ်းနာတာနဲ့ လမစေ့သေးဘဲ သားအိမ်ညှစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

>>    ကုထုံးများ

          ဒီိအသားလုံးတွေကို ကုဖို့ဆိုရင် အဓိက မေးခွန်းသုံးခုကို စဉ်းစားပါတယ်။ ဒါတွေကတော့ - အမျိုးသမီးရဲ့ အသက်အရွယ်၊ သူ့ရဲ့ ကလေးယူဖို့အစီအစဉ်၊ အသားလုံးရဲ့အရွယ်အစားနဲ့ တည်နေရာ စတာတွေကို စဉ်းစားဖို့ လိုပါတယ်။

          ခွဲစိတ်မှုကိုပုံစံနှစ်မျိုးနဲ့ လုပ်လို့ရပါတယ်။ ဗိုက်ဖွင့်ပြီးတော့ အလုံးကို ခွဲထုတ်ထာနဲ့ သားအိမ်ခေါင်းကနေပြီးတော့မှ မှန်ပြောင်းထည့်ပြီးတော့ အလုံးကို ထုတ်တာပါ။

          ပြီးတော့ uterine artery embolization ဆိုတဲ့ အသားလုံးကိုသွားတဲ့ သွေးထောက်ပံ့မှုကို ဖြတ်တောက်လိုက်ခြင်းနည်းနဲ့လည်း အသားလုံး ကျုံ့သွားအောင် လုပ်နိုင်ပါတယ်။

          အသားလုံးတစ်လုံးကို ထုတ်ပြီးရင်လည်း နောက်ထပ်တစ်နေရာမှ အသားလုံး ထပ်ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီလိုထပ်မဖြစ်ချင်ရင်တော့ အမျိုးသမီးက ကလေးယူတဲ့ အသက်အရွယ် ကျော်သွားပြီဆိုရင် သားဥအိမ်နှစ်ခုကို ချန်ပြီးတော့ သားအိမ်ကို လုံးဝထုတ်ပစ်လို့ရပါတယ်။

          သားအိမ်အသားလုံးတွေကြောင့် နေထိုင်လို့ မကောင်းဘူး၊ ကိုယ်ဝန်မရနိုင် ဖြစ်နေတယ်ဆိုရင် သားဖွားမီးယပ်အထူးကုနဲ့ တိုင်ပင်ပြီးတော့ နည်းလမး်တွေကို ဆွေးနွေးလို့ရပါတယ်နော်။

Dr. Mya Myo Myo Swe (www.drmyanmar.com)