/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ကမ်ဘာ့ဘော်လီမဝတ်ရေးနေ့-no-bra-day-နဲ့-ရင်သားကင်ဆာအကြောင်း

ကမ်ဘာ့ဘော်လီမဝတ်ရေးနေ့ No bra day နဲ့ ရင်သားကင်ဆာအကြောင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

         ကမ်ဘာ့ဘော်လီမဝတ်ရေးနေ့ No bra day က ဒီနေ့အောက်တိုဘာ ၁၃ ရက်နေ့ပါတဲ့။ အိမ်မှာနေတဲ့ မမတွေ ဒီနေ့မနက် ခြောက်နာရီကနေ နောက်နေ့မနက် ၆ နာရီထိ ဘော်လီမဝတ်ဘဲ ဆန္ဒပြ ... အဲလေ ... ပါဝင်ဆင်နွှဲကြမလား ... ;-) .

          ဘော်လီမဝတ်ရေး တို့အရေး ... ဘာလို့ အရေးတကြီး လုပ်ရသလဲဆိုတော့ ရင်သားကင်ဆာကို သတိပြုမိစေဖို့ပါတဲ့။ ကိုယ့်ရဲ့ရင်သားနှစ်မွှာကို အချိန်မှန်စစ်ဆေးခြင်း၊ စမ်းသပ်ပြီး အလုံးအကျိတ် တွေ့တဲ့အခါ ရင်သားကင်ဆာ အလုံးဖြစ်နိုင်တာကို အရင်ဆုံး စဉ်းစားမိပြီး လိုအပ်သလို ဆက်လက်ကုသမှုယူနိုင်ဖို့ပါ။ အမျိုးသမီးရဲ့ ရင်သားတွေဟာ မှော်ဆန်တဲ့ သဘာဝကပေးအပ်ထားတဲ့ ဆုလာဘ်တွေပါ။ ဒီရင်သားတွေကို တန်ဖိုးထားပြီး ကင်ဆာရောဂါဆိုးကို တန်ပြန်ဖို့ နေ့စဉ် စမ်းသပ်စစ်ဆေးပြီး စောစောတွေ့ မြန်မြန်ကုကြရအောင်။

          ရင်သားကင်ဆာ သိပ်ကြောက်စရာ ကောင်းပါတယ်။ ဒေါက်တာ ဆာဖိုင်းရားလောင်းမိုးဟာ ဂျမေကာ ကိုယ်စားပြု မယ်စကြဝဠာအဖြစ် ၂၀၀၀ ခုနှစ်တုန်းက ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ သူမမှာ  ရင်သားကင်ဆာ ရှိနေပြီဖြစ်ကြောင်း မထင်မှတ်ဘဲ ရောဂါရှာဖွေ တွေ့ခဲ့ရပါတယ်။ ရေချိုးခန်းကအထွက် ရင်သားမှာ အကျိတ်တစ်ခုကို မမျှော်လင့်ဘဲ စမ်းသပ်မိခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်တစ်ဦးပီပီ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ အဆင့်ဆင့် ပြုလုပ်ပြီးတဲ့အခါ အဲဒါအလုံးဟာ အလွန်ဆိုးဝါးတဲ့ ကင်ဆာကျိတ်ဖြစ်မှန်း သိရှိခဲ့ရပါတယ်။ သူမဘဝမှာ တဒင်္ဂ အမှောင်ကျသွားသလို ခံစားခဲ့ရပါတယ်။ ကြောက်ရွံ့တုန်လှုပ်မှုတွေ ဒီအဖြစ်မှန်ရဲ့ ရိုက်ခတ်မှုတွေဟာ သူမကို အဆိုးဝါးဆုံး ထိုးနှက်ခဲ့ပါတယ်။

          ဆရာဝန်တစ်ဦးဖြစ်တဲ့ သူမဟာ ဒီလိုဆိုခဲ့ပါတယ် ...

          " ကျွန်မဟာ တကယ်တော့ ရင်သား စမ်းသပ်စစ်ဆေးမှုတွေကို ပုံမှန်လုပ်ခဲ့သင့်ပါတယ်။ သိပ်အလုပ်ရှုပ်လွန်းတာကြောင့် ဒါကို လုံးဝမေ့လျော့နေခဲ့တာ ဖြစ်ပါတယ်။ မိသားစုထဲမှာ သားဥအိမ်ကင်ဆာမျိုးရိုး ပါနေခဲ့ပါတယ်။ ဒီအကျိတ်ဟာ တကယ်တော့ ဒီထက်၊ ဒီထက် စောစောတွေ့ခဲ့သင့်တာပါ။ ကျွန်မဟာ ရင်သားကို ပုံမှန် ကိုယ့်ဘာသာ စမ်းသပ်နေကျပါ။ ဒါပေမဲ့ ကျွန်မ မစမ်းသပ်ဘဲ လွတ်သွားတဲ့ သုံးလေးငါးလအတွင်းမှာ ဒီအကျိတ်ဟာ အမြစ်တွယ်ပြီး ကြီးထွားနေခဲ့ပုံရပါတယ်။ အခုတွေ့တာကိုပဲ ကျေနပ်ရမှာပါ။ မတွေ့ခဲ့ဘူးဆိုရင် ကျွန်မဟာ တစ်နှစ်လောက်ပဲ အသက်ရှင် နေထိုင်ရတော့မှာပါ "

          သူမဟာ အခုချိန်မှာ ရင်သားကင်ဆာ စောစောရှာဖွေ တွေ့ရှိရေးစီမံချက်နဲ့ ရင်သားကင်ဆာ တွေ့ရှိ ရောဂါခံစားနေရတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်လိုကူညီထောက်ပံ့မှုတွေ ပေးကြမလဲဆိုတာ မိမိအတွေ့အကြုံနဲ့ရင်းပြီး  ရေးသားပြောပြ လှုပ်ရှားခဲ့ပါတယ်။ သူမဟာ ကင်ဆာ တွေ့စမှာ အကြီးအကျယ် တုန်လှုပ်ခဲ့ပေမယ့် အခုချိန်မှာ ပြန်လည် စိတ်ဓာတ်ခိုင်မာလာပြီး မိမိကိုယ်ကို ချစ်ခြင်းမေတ္တာနဲ့ အကောင်းမြင်ဝါဒတို့နဲ့  ကြိုးစားတည်ဆောက်နေကြောင်း အမျိုးသမီးများကို အကူအညီပေး ပညာပေးဖို့ ရည်ရွယ်ချက်နဲ့ ရေးသားမျှဝေခဲ့ပါတယ်။

          ဒါက ဂျမေကာက အလှမယ်လေးရဲ့အဖြစ်ပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကလည်း ရင်သားကင်ဆာနဲ့ ဂျမေကာကိုယ်စားပြု မယ်စကြဝဠာလေးတစ်ဦး ဆုံးပါးသွားခဲ့ပါပြီ။

          အမျိုးသမီးတွေထဲမှာရော ဒီလိုပဲ မသိလိုက် မသိဘာသာ ကြီးထွားနေမယ့် ရင်သားကင်ဆာကျိတ်တွေ၊ စောစောဇီဝိန်ခြွေမယ့် ကင်ဆာလက်နက်တွေ ဘယ်နှစ်ယောက်ဆီမှာ ဖြစ်ပွားနေခဲ့ပြီလဲ မသိနိုင်ပါဘူး။ စောစောသိရင် စောစောဖြတ်ထုတ်ပြီး အသက်ရှည်ရှည်နေနိုင်မှာပါ။ စောစောသိရလေ ကုသဖို့ လမ်းများလေပါပဲ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)