/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ကလေးမွေးပြီးနောက်-ရာသီအပြောင်းအလဲ-ဖြစ်နိုင်ပါသလား

ကလေးမွေးပြီးနောက် ရာသီအပြောင်းအလဲ ဖြစ်နိုင်ပါသလား

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          တချို့တွေမှာ ဒီလိုအပြောင်းအလဲတွေ ကြုံတွေ့ရတတ်ပေမယ့် တချို့မှာတော့ ဘာမှထူးထူးခြားခြား ပြောင်းလဲတာမျိုး မရှိပါဘူး။

          ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ရဲ့ကိုယ်ခန္ဓာမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်တတ်တာပေါ့။ ဒါကြောင့်လည်း ရာသီ မလာတာတွေ ဘာတွေ သိပ်ပြီးထူးထူးခြားခြား သတိမထားပါဘူး။ ဒါပေမဲ့ ကလေး မွေးပြီးချိန်မှာရော? ရာသီက ချက်ချင်း ပြန်လာမှာလား၊ တခြား ဘယ်လို အပြောင်းအလဲတွေ ဖြစ်တတ်သေးသလဲ?

          အဖြေကတော့ လာတာလဲ ဖြစ်နိုင်သလို မလာတာလဲ ဖြစ်နိုင်ပါတယ်။

          မေမေတွေ ကလေးမွေးပြီးရင် ရာသီအပြောင်းအလဲတွေကို ငြီးငြူတတ်ကြတာ ကြားဖူးကြမှာပေါ့။ ကလေးမွေးပြီးနောက် မိခင်နို့မတိုက်တဲ့ မေမေတွေမှာတော့ ရာသီ ၃ မျိုး ၃ စား ဖြစ်နိုင်ပါတယ်။ ပုံမှန်အတိုင်း ပြန်ပေါ်တာ၊ ပိုဆိုးလာတာ ဒါမှမဟုတ် ပိုကောင်းသွားတာပေါ့။

          ကလေး နို့တိုက်နေရင်တော့ အနည်းဆုံး လပိုင်းလောက်ထိ ရာသီပြန်ပေါ်မှာ မဟုတ်ပါဘူး။

          မေမေ နို့ထွက်ဖို့အတွက် ဦးနှောက်ကနေ ပရိုလက်တင်ဆိုတဲ့ဟော်မုန်း ပိုထုတ်ပေးရပါတယ်။ ဒီဟော်မုန်းကပဲ သားဥအိမ်ကနေ သားဥ မကြွေအောင် ကာကွယ်ပေးထားတာပါ။ ဒါကြောင့် မိခင်နို့တိုက်ရင် ရာသီမလာတာပေါ့။

          တကယ်လို့ မိခင်နို့ မတိုက်ဘူး ဆုံးဖြတ်ရင်ပဲဖြစ်ဖြစ်၊ မိခင်နို့ ဖြတ်လိုက်တာပဲဖြစ်ဖြစ် နောက်မှာ ဘာဖြစ်လာမလဲ?

          ကလေးမွေးပြီးနောက် အမျိုးသမီး အများစုဟာ ပုံမှန်အတိုင်း ရာသီပြန်လာပါလိမ့်မယ်။ ပုံမှန်ဆိုတာ ၂၁ ရက်ကနေ ၃၅ ရက်တစ်ခါ တစ်ခါလာရင် ၂ ရက်ကနေ ၇ ရက်လောက်ထိ လာတာပါပဲ။

          ကိုယ်ဝန်မဆောင်ခင်ကတည်းက လာနေကျအတိုင်း ပြန်လာမှာပါ။

          ကိုယ်ဝန်တားဆေး : ကိုယ်ဝန်တားဆေး သုံးခြင်းကြောင့် ရာသီကျော်တာ၊ ရက်တိုတာ၊ နည်းတာ၊ နာကျင်မှုနည်းတာတွေ ဖြစ်စေနိုင်ပါတယ်။ ကလေးမွေးပြီးနောက် တားဆေးပြန်သုံးတဲ့အခါ ရာသီနည်းပြီးတော့ မသုံးရင်တော့ ပုံမှန်လာနေကျအတိုင်း လာမှာပေါ့။

          သားအိမ်အတွင်းလွှာ နေရာလွဲမှားခြင်း : သားအိမ်အတွင်းလွှာ နေရာလွဲမှားရောဂါရှိရင်၊ ဒါမှမဟုတ် ရာသီလာတိုင်း အရမ်းနာကျင်တတ်ရင် ကလေးမွေးပြီးနောက် အစပိုင်းမှာ ရာသီ လွယ်လွယ်လာပါလိမ့်မယ်။ ဒါပေမယ့် ခဏတဖြုတ်ပါပဲ။ ကိုယ်ဝန်ကြောင့် တက်နေတဲ့ ပရိုဂျက်စထရုန်းဓာတ်တွေက နေရာလွဲမှားနေတဲ့ သားအိမ်အတွင်းလွှာကို သေးသွားစေနိုင်တာကြောင့်ပါ။ ဒါကြောင့်လည်း ရာသီပြန်လာချိန်မှာ နာကျင်မှု နည်းပါးတာပေါ့။ နောက်ပိုင်းမှာ ရာသီ ပြန်နာလာစေနိုင်တာကြောင့် ဆရာဝန်နဲ့ ဆက်ပြဖို့ လိုအပ်ပါတယ်။

          ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမွေးခြင်းက ဓမ္မတာကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေနိုင်မလဲ?

          အမျိုးမျိုး ဖြစ်နိုင်ပါတယ်နော်။

          တချို့မေမေတွေမှာ ရာသီ ပိုနာ၊ ပိုများ၊ ပိုကြာလာတာကို တွေ့ရမှာပါ။ ကလေးမွေးပြီးနောက် သားအိမ် ကျယ်လာတာကြောင့် ဖြစ်နိုင်ပါတယ်။

          တချို့ကျတော့လည်း ရာသီလာတာ အဆင်ပြေသွားတတ်ပါတယ်။

          ကိုယ်ဝန်ဆောင်ပြီး၊ ကလေးမွေးပြီးချိန်မှာ သားအိမ်ကျယ်တဲ့အပြင် သားအိမ်ခေါင်းပါ ကျယ်လာတာကြောင့် နောက်ပိုင်း ရာသီလာတာ လျောလျောရှူရှူ ဖြစ်လာတာပေါ့။ ကိုယ်ဝန်ဆောင်ချိန် ထွက်လာတဲ့ ဟော်မုန်းတွေကကြောင့် သားအိမ်ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။

          ကိုယ်ဝန်ဆောင်ပြီးချိန် ဘာအကြောင်းတွေကြောင့် ရာသီ ပိုဆိုးစေနိုင်စေသလဲ?

          အကြောင်းရင်း ၃ ချက်ရှိပါတယ်။

●        အသားလုံးလိုမျိုး သားအိမ်ပြောင်းလဲမှုများ : ဆရာဝန်က မိန်းမကိုယ်ကနေ မှန်ပြောင်းကြည့် ခွဲစိတ် ဖြတ်တောက်ပေးနိုင်ပါတယ်။

●        သားအိမ်နံရံထူခြင်း : အပေါ်မှာလိုပဲ မှန်ပြောင်းနဲ့ ခွဲစိတ်တာပဲဖြစ်ဖြစ်၊ ဟော်မုန်းကုထုံးနဲ့ပဲဖြစ်ဖြစ် ကုသနိုင်ပါတယ်။

●        သိုင်းရွိုက် အလုပ်နည်းခြင်း၊ များခြင်း : ကုသနည်း အမျိုးမျိုး ရှိပါတယ်။

          ရာသီ အလာနည်းသွားတာကလည်း ကောင်းချင်မှ ကောင်းတာပါ။

          တချို့တွေမှာ ကိုယ်ဝန်ရဲ့ နောက်ဆက်တွဲရှားရှားပါးပါး အကြောင်းရင်း ၂ ချက်ကြောင့် ရာသီနည်းတာ၊ မလာတာတွေ ဖြစ်နိုင်ပါတယ်။

●        Sheehan’s syndrome : သွေး အထွက်အရမ်းများပြီး သွေးပေါင်တွေ တအားကျသွားတဲ့အခါ ဟော်မုန်းတွေထုတ်တဲ့ ဦးနှောက်ထဲက pituitary gland ပျက်စီးသွားပါတယ်။ ဒါကြောင့် ပုံမှန်သားဥအိမ်ရဲ့ လုပ်ငန်းဆောင်တာ ရပ်တန့်သွားပြီး ရာသီရပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

●        Asherman’s syndrome : သားအိမ်ရဲ့အတွင်းသားမှာ အနာရွတ်တွေ ဖြစ်သွားတာပါ။ ကလေး ပျက်ကျတာကြောင့်ပဲဖြစ်ဖြစ်၊ ကလေးမွေးပြီး အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် သားအိမ်ခြစ်ပြီးနောက်မှာ ဖြစ်တတ်တဲ့ရောဂါစုတစ်မျိုးပါ။

          နောက်ဆုံး ပြောချင်တာကတော့ ကလေးမွေးပြီးနောက် ရာသီပြောင်းလဲနိုင်ပါတယ်။ စိုးရိမ်တယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါ။

Dr Mya Phoo Ngon (www.drmyanmar.com)