/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ကလေးမွေးပြီး-ဖြစ်တတ်တဲ့-သွေးခဲပိတ်ဆို့ခြင်းပြဿနာ

ကလေးမွေးပြီး ဖြစ်တတ်တဲ့ သွေးခဲပိတ်ဆို့ခြင်းပြဿနာ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ခွဲစိတ်မှုခံယူပြီးနောက်၊ ကလေးမွေးပြီးနောက်တွေမှာ သွေးပြန်ကြောတွေထဲမှာ သွေးခဲပိတ်ဆို့နိုင်ချေတွေ ရှိပါတယ်။ ကလေးမွေးပြီး ၆-၈ ပတ်လောက်အထိ သွေးခဲဖြစ်နိုင်ချေ မြင့်မားပါတယ်။

          သွေးခဲတွေက ခြေထောက်နဲ့ တင်ပါးဆုံမှာရှိတဲ့ သွေးပြန်ကြောတွေထဲမှာ ဖြစ်တာများပြီးတော့ တစ်ခါတလေ ဒီသွေးခဲတွေထဲကတစ်ခုလောက်က ပြုတ်ထွက်လာပြီးတော့ သွေးကြောကနေတစ်ဆင့် အဆုတ်ထဲကို ရောက်သွားပြီးတော့ သွေးစီးဆင်းမှုကို ပိတ်ဆို့လိုက်ရင် အဆုတ်သွေးခဲပိတ်ခြင်းလို့ခေါ်ပါတယ်။

          ခြေထောက်မှာရှိတဲ့ အရေပြားအောက်လေးမှာရှိတဲ့ သွေးပြန်ကြောတွေမှာ သွေးခဲတာကိုတော့ superficial thrombophlebitis လို့ ခေါ်ပါတယ်။

 

>>    လက္ခဏာများ

          ကလေးမွေးပြီးနောက် ဖျားရင် သွေးခဲကြောင့် ဖြစ်နိုင်ပါတယ်။ ခြေထောက်သွေးပြန်ကြောထဲမှာ သွေးခဲဖြစ်ရင် ခြေသလုံးမှာနာတာ၊ အထိမခံနိုင်အောင်နာတာ၊ ပူတာ၊ ရောင်တာတွေဖြစ်တတ်ပါတယ်။ တင်ပါးဆုံနေရာမှာ သွေးခဲရှိရင်တော့ လက္ခဏာမပြတတ်ပါဘူး။

          အဆုတ်ထဲကို သွေးခဲရောက်သွားတာရဲ့ ပထမဆုံးလက္ခဏာကတော့ အသက်ရှူမြန်တာပါ။

 

>>    သွေးခဲပိတ်တာကို ဘယ်လိုသိနိုင်မလဲ?

●        ခြေထောက်သွေးကြောကို အာထရာဆောင်းရိုက်ကြည့်ရပါမယ်။

●        အဆုတ်သွေးကြော ပိတ်ခြင်း ရှိ၊ မရှိ သိနိုင်ရန် CT လို့ခေါ်တဲ့ ကွန်ပျူတာဓာတ်မှန်ရိုက်ဖို့ လိုပါတယ်။

          အပေါ်ယံသွေးခဲတာတွေကိုတော့ ဆရာဝန်တွေက စမ်းသပ်စစ်ဆေးပြီး သိနိုင်ပါတယ်။

 

>>    ကုထုံးများ

●        အပေါ်ယံသွေးခဲတွေအတွက် နေရထိုင်ရ သက်သာစေဖို့အတွက် ရေနွေးအိတ်ကပ်ပေးခြင်း၊ ပတ်တီးစည်းခြင်းနဲ့ အနားယူတဲ့အခါမှာ ခြေထောက်ကို မြှောက်ထားတာတွေ လုပ်ရပါမယ်။

●        Deep vein thrombosis လို့ခေါ်တဲ့ သွေးကြောအတွင်းဘက်မှာ သွေးခဲတာနဲ့ အဆုတ်ထဲ သွေးခဲဝင်တာတွေအတွက် သွေးခဲပျော်ဆေးသောက်ဖို့ လိုပါတယ်။ တစ်ခါတလေမှာတော့ ခြေထောက်မှာရှိတဲ့ သွေးခဲ အဆုတ်ဆီ မရောက်ဖို့အတွက် သွေးကြောထဲမှာ စစ်ထုတ်တဲ့အရာလေး ခံထားရတာမျိုးလည်း ရှိပါတယ်။ သွေးခဲကို ခွဲစိတ်ပြီးတော့ ဖယ်ထုတ်ရတာကတော့ ရှားပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)