ကလေးမွေးပြီး ရာသီပြန်လာတာနဲ့ ပတ်သက်ပြီးတော့ သိထားသင့်တဲ့အချက်တွေ
ကလေးမွေးပြီး ဘယ်လောက်ကြာရင် ရာသီပြန်ပေါ်မှာလဲ၊ ဘာတွေဖြစ်မှာလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောပြပေးချင်ပါတယ်။
ကလေးမွေးပြီး ရာသီပြန်လာတဲ့အချိန်က ကလေးကို အမေနို့ တိုက်လား၊ မတိုက်လားဆိုတာအပေါ် မူတည်ပါတယ်။ ကလေးကို မိခင်နို့ မတိုက်ဘူးဆိုရင် ကလေးမွေးပြီး 6-13 ပတ်အတွင်းမှာ ရာသီ ပြန်လာတတ်ပါတယ်။ မိခင်နို့ တိုက်တယ်ဆိုရင်တော့ ကလေးကို မိခင်နို့ဖြတ်ပြီးတဲ့အထိ ရာသီ လာချင်မှလာပါမယ်။ ရာသီ မလာပေမယ့်လည်း ကလေးမရနိုင်ဘူးလို့တော့ မဆိုလိုပါဘူး။
ကလေးမွေးပြီး ပထမဆုံးအကြိမ် ရာသီပြန်လာတာက အရင်က ပုံမှန်လာနေကျနဲ့ တူချင်မှတူပါမယ်။
တချို့မှာကျတော့ အရင်က လာတာထက် နည်းနည်းပိုများပြီးတော့ ပုံမမှန်တာ ဗိုက်ပိုအောင့်တာတွေ ဖြစ်တတ်ပါတယ်။ အဲ ... ဒါပေမဲ့လည်း အောက်ခံတဲ့ pad ကို တစ်နာရီ၊ နှစ်နာရီခြား တစ်ခါလောက် လဲရအောင် လာတာများရင်၊ ရုတ်တရက် ဗွက်ခနဲ အများကြီးဆင်းရင်၊ သွေးခဲတွေဆင်းရင်၊ ဗိုက်အရမ်းအောင့်ရင်တော့ ဆရာဝန် သွားပြပါ။
ဒါတွေကို ကြိုတင်ပြင်ဆင်ထားပါ။
ကလေးမွေးပြီး ရာသီပြန်စလာတဲ့အခါမှာ နည်းနည်းပိုများတတ်လို့ heavy overnight pads တွေ ဆောင်ထားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























