/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ကလေး-မွေးဖွားပြီးခါစမှာ-ဖြစ်တတ်တဲ့-အပြောင်းအလဲလေးတွေ

ကလေး မွေးဖွားပြီးခါစမှာ ဖြစ်တတ်တဲ့ အပြောင်းအလဲလေးတွေ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          မိခင်အသစ်စက်စက်လေးတွေ အချိန်တိုင်းမှာ မလန်းမဆန်း အိပ်ချင်နေတာ ဘာလို့များပါလိမ့် နေလို့ထိုင်လို့ မသက်သာ၊ အလိုလိုနေရင်း ကသိကအောင့် ဖြစ်နေတတ်တာရော ပုံမှန်ပဲလား။  စိတ်တို စိတ်ဆတ်လာတာတွေကရော ဘာလို့ခဏခဏခံစားနေရတာလဲ?

          အဖြေလေးတွေကတော့ ဟောဒီမှာ ...

          ကလေးမွေးဖွားအပြီး စိတ်ဖိစီးတာကို အဓိကတိုက်ဖျက်တဲ့ ဟော်မုန်းဖြစ်တဲ့ ပရိုဂျက်စတုန်း ဟော်မုန်း ရုတ်တရက် ကျဆင်းသွားပါတယ်။ အဲဒီအခါ မေမေအသစ်စက်စက်လေးခမျာ စိတ်အားငယ်တာ၊ စိတ်ကျဆင်းတာတွေ ခံစားရတော့တာပေါ့။ အမျိုးသမီးလည်းဖြစ်၊ အားလည်းငယ်တတ်၊ ဟော်မုန်း အပြောင်းအလဲကလည်းရှိ ဆိုတော့ အတော်စိတ်ညစ်စရာပါ။

          ကိုယ်ဝန်လရင့်လာလေ ရင်သွေးလေးရဲ့ ဦးနှောက်က မေမေရဲ့ အိုမီဂါသရီးတွေကို စုပ်ယူလိုက်တာကြောင့် စိတ်ဓာတ်ကျဆင်းတာ ပိုဆိုးပါတယ်။ အသားအရေတွေပါ ခြောက်ခမ်းလာတတ်တယ်။

●        ဆံပင်လေးတွေ ပါးလာတယ်။ ရေချိူးနေရင် ဆံပင်ကျွတ်တာ သတိထားမိလား။

●        လက်သည်းတွေ ကျွတ်ဆတ်မယ်၊ အရောင်ဖျော့မယ်။

●        အသားအရေတွေ ဖျော့တော့ အားနည်းနေမယ်။ မကြည်လင်ဘူး။ မလှပဘူး။

 

>>    တစ်သားမွေးလို့ တစ်သွေးမလှခင် အရေးအကြီးဆုံးအဆင့်က -

          ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အစားအစာအားဖြင့်သော် လည်းကောင်း၊ ဖြည့်စွက်ဆေးဝါးအားဖြင့်သော် လည်းကောင်း ဖြည့်ဆည်းဖို့ပါပဲ။

          သံဓာတ်ကတော့ ဒုတိယအရေးကြီးဆုံးပေါ့။ မီးဖွားစဉ်မှာ၊ သွေးတွေ ဆုံးရှုံးထားရင် ဗီတာမင်စီလေးနဲ့ သံဓာတ်အားဆေးလေး ပြန်လည်ဖြည့်စွက်တိုက်ကျွေးမှုကို သုံးလေးလလောက်ထိ ပြုလုပ်ဖို့ပါပဲ။

          စောစောက ပြောခဲ့သလိုပါပဲ။ စိတ်ဖိစီးမှု ပိုများလာတာက ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်သလို ပိုဆိုးစေတဲ့အရာက ခန္ဓာကိုယ်ရဲ့ ဂလင်းတစ်မျိုးကနေ စိတ်ဖိအားဟော်မုန်းတွေ ထပ်ထွက်လာတာပါပဲ။ နောက်ဆုံး အဲဒီသက်ဆိုင်ရာ ဂလင်းလေးက အားပျော့သွားပြီး တစ်ကိုယ်လုံး မသယ်ချင် မလှုပ်ချင် မကိုင်ချင်တဲ့အထိ ပင်ပန်းနွမ်းလျသွားတဲ့ အခြေအနေကို ကြုံရပါတယ်။ အရပ်စကားဆို မီးယပ်ကျိုး ကျိုးတယ်ပေါ့။ မက်ဂနီဆီယမ်နဲ့ လိုအပ်သမျှ သတ္တုဓာတ်တွေ ပြန်လည်တိုက်ကျွေးဖို့ လိုအပ်လာတာကို ပြသနေပါတယ်။

 

>>    မေမေ အသစ်စက်စက်လေးတို့ရေ ...

●        မနက်မိုးလင်းတာနဲ့ ရေတစ်ဖန်ခွက် အပြည့်သောက်ပါ။

●        ငါးစားပါ အိုမီဂါသရီး ဖြည့်စွက်သောက်သုံးပါ။

●        ဗီတာမင် သံဓာတ်သတ္တုဓာတ်တွေ ပြည့်ဝစွာပါဝင်တဲ့ အားဆေးတစ်မျိုးမျိုး သောက်ပါ။

●        အသီးအရွက် တတ်နိုင်သလောက် များများစားနော်။

●        ရှောင်ရန်က တိုဟူး၊ ပဲပိစပ်၊ ပဲနို့၊ နှမ်းကြပ်စေ့တို့ ဖြစ်ပါတယ်။

●        ခြေထောက်လေးတွေကို ဆားရေနွေးလေး စိမ်ပြီး အနားယူလိုက်ပါဦး။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)