/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ကိုဗစ်နဲ့-မထင်မှတ်ထားတဲ့-ရာသီသွေးပြဿနာများ

ကိုဗစ်နဲ့ မထင်မှတ်ထားတဲ့ ရာသီသွေးပြဿနာများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ကိုဗစ်ဟာ အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်တဲ့အတွက် အနံ့ပျောက်ခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း စသည့် ရောဂါလက္ခဏာများကို ခံစားရပါတယ်။ ကိုဗစ်မှာ အဆိုပါရောဂါလက္ခဏာများအပြင်  ရာသီသွေးပြဿနာများကိုလည်း ခံစားရနိုင်ပါတယ်။ ကိုဗစ်နှင့် ယှဉ်တွဲပြီး တွေ့ရတတ်တဲ့ ရာသီသွေးပြဿနာတွေကတော့  ရာသီသွေးဆင်းနည်းခြင်း၊ ရာသီမမှန်ခြင်း၊ ရာသီထိန်ခြင်း နှင့် ရာသီသွေးဆင်း အလွန်များခြင်း စသည်တို့ ဖြစ်ပါတယ်။
ကိုဗစ် မဖြစ်ရင်တောင်မှ အခုလိုကပ်ရောဂါကာလမှာ စိတ်ဖိစီးမှုတွေကြောင့် အမျိုးသမီးတွေမှာ ရာသီမမှန်ခြင်း ဖြစ်နိုင်ပါတယ်။ ကိုဗစ်ကူးစက်ခံရရင်တော့ ရာသီမမှန်ခြင်း၊ ရက်ကျော်ခြင်း၊ သွေးဆင်းနည်းခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။  ရောဂါအခြေအနေ ပိုမိုပြင်းထန်တဲ့အမျိုးသမီးတွေမှာ ရာသီရက်ကျော်ခြင်း ပိုမိုအဖြစ်များတာကို တွေ့ရပါတယ်။

Dolfenal 1

ဒါပေမဲ့ သိပ်စိတ်မပူပါနဲ့။ ဒီရောဂါမှာ ဘာကြောင့် ရာသီမမှန်ရတာလဲဆိုတာ အတိအကျမသိသေးပေမယ့် လေ့လာမှုတွေအရ ကိုဗစ်ဟာ ဟော်မုန်းတွေ သားအိမ်တွေအပေါ်မှာတော့ တိုက်ရိုက်ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကိုဗစ်ကြောင့် ရာသီမမှန်ခြင်းဟာ အခိုက်အတန့်သာဖြစ်ပြီး ရောဂါပျောက်ကင်းသွားပြီးနောက် တစ်လ၊ နှစ်လ အကြာမှာ ရာသီသွေး ပုံမှန်ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်။
အချို့သူများမှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက်မှာ ရာသီမမှန်ဖြစ်တာကို ခံစားရပါတယ်။ ဒါပေမဲ့ ဒါဟာလည်း ဆေးရဲ့ဆိုးကျိုးကြောင့်မဟုတ်ဘဲ မိမိရဲ့စိတ်ဖိစီးမှုကြောင့်သာ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

Dolfenal 2

အခြားရောဂါလက္ခဏာတွေဖြစ်တဲ့ ဗိုက်အလွန်အကျွံအောင့်ခြင်း၊ ဗိုက်ဖောင်းခြင်း၊ ဆီးစပ်ကိုက်ခြင်းတို့ကို မခံစားရပါက ရာသီရက် အနည်းငယ်နောက်ကျခြင်းကို သောကပွားမနေဘဲ အောက်ပါနည်းလမ်းများနဲ့ ကိုဗစ်ကာလကို ကျန်းမာစွာ ကျော်ဖြတ်ကြရအောင်နော်။
(၁)  လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကျစေပြီး သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့အတွက် ရာသီမမှန်ခြင်းကိုလည်း သက်သာစေပါတယ်။

(၂)  အိပ်ရေးဝဝအိပ်ပါ။
တစ်နေ့ကို ၇ နာရီ - ၉ နာရီခန့် အိပ်ရေးဝဝအိပ်ခြင်းက ကိုယ်ခံအားကောင်းစေဖို့အတွက် အဓိကအချက် ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ အနားမယူခြင်းတို့က ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်နှင့် ဟော်မုန်းကို ထိခိုက်စေတဲ့အတွက် ရာသီသွေးပြဿနာတွေကို ပိုဆိုးစေပါတယ်။

(၃)  အစားအသောက်ကို မျှတအောင် စားပါ။
ခန္ဓာကိုယ် အလုပ်လုပ်ဖို့အတွက် အဓိကလောင်စာက အစားအသောက် ဖြစ်ပါတယ်။ မျှတတဲ့ အစားအသောက်မှာ ကစီဓာတ်၊ အသားဓာတ်နှင့် သံဓာတ်ပြည့်ဝစွာ ပါသင့်ပြီး အဆီနှင့် အချိုဓာတ်ကို လျှော့ရမှာ ဖြစ်ပါတယ်။  အစားနည်းလွန်းလျှင်ဖြစ်စေ၊ များလွန်းလျှင်ဖြစ်စေ သင့်ရဲ့ဓမ္မတာကို ထိခိုက်နိုင်ပါတယ်။ ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ဖို့ လိုပါတယ်။
အထက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာပြီး ကပ်ရောဂါကာလကို ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Dr. Khin (www.drmyanmar.com)